Saturday, April 19, 2014

အနှိုင်းမဲ့ ဆွေမျိုး


လောကမှာ ရှိရှိသမျှ ဆွေမျိုးအားလုံးထဲမှာ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ဟာ အနှိုင်းမဲ့ဆွေမျိုး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ထက် ပိုပြီး ကိုယ့်အပေါ်သိတတ်၊ နားလည်တတ်ပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တစ်ခြားဆွေမျိုး မရှိတော့လို့ပါပဲ။

အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်နဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တစ်ခြားဆွေမျိုး လောကမှာ မရှိတော့တဲ့အတွက် အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်ဟာ အနှိုင်းမဲ့ဆွေမျိုး ဖြစ်ရပါတယ်။

ကိုယ့်အပေါ် သိတတ်တဲ့သူ၊ ကိုယ့်အပေါ် နားလည်တတ်တဲ့သူကို ဆွေမျိုးလို့ခေါ်ပါတယ်။ ကိုယ်ချမ်းသာ သုခ ပြည့်စုံနေတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ဆင်းရဲ ဒုက္ခတွေ့ကြုံနေတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ဘယ်အခြေအနေမျိုးမှာမဆို ကိုယ့်အပေါ် သိတတ်၊ နားလည်တတ်မှာ ဆွေမျိုးလို့ ခေါ်ပါတယ်။

ကိုယ်ချမ်းသာနေချိန်မှာသာ ကိုယ့်အပေါ် သိတတ်ပြီး ကိုယ်ဆင်းရဲသွားချိန်မှာတော့ ကိုယ့်အပေါ်မသိတတ်ဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဆွေမျိုး မဟုတ်ပါဘူး။
ကိုယ်ဆင်းရဲနေချိန်မှာသာ ကိုယ့်အပေါ် သိတတ်ပြီး ကိုယ်ချမ်းသာသွားချိန်မှာတော့ ကိုယ့်အပေါ် မသိတတ်ဘူးဆိုရင်လည်း အဲဒီပုဂ္ဂိုလ်ဟာ ဆွေမျိုး မဟုတ်ပါဘူး။

ကိုယ့်အပေါ် တကယ်သိတတ်တဲ့သူ၊ ကိုယ့်အပေါ် တကယ် နားလည်တတ်တဲ့သူဆိုတာ ကိုယ်ဆင်းရဲဒုက္ခ ရောက်နေချိန်မှာလည်း အတူဝေမျှခံစားပြီး အားပေးကူညီ ဖို့ လိုသလို၊ ကိုယ်ချမ်းသာသုခ ရနေချိန်မှာလည်း အတူဝေမျှခံစားပြီး ဝမ်းမြောက်စောင့်ရှောက်ဖို့ လိုပါတယ်။

ဆိုးကျိုးဖြစ်မယ့်ကိစ္စကို ကြိုတင်တားဆီး ပေးသင့်သလို
မလွှဲမရှောင်သာ ဆိုးကျိုးဖြစ်လာရင်လည်း အပြစ်မတင်ဘဲ ကြင်နာယုယစွာ အားပေးနှစ်သိမ့်သင့်ပါတယ်။

ကောင်းကျိုးဖြစ်မယ့်ကိစ္စတွေကို ကြိုတင် လမ်းညွှန်ပေးသင့်သလို အကြောင်းညီညွတ်စွာ ကောင်းကျိုးဖြစ်လာရင်လည်း မနာလိုမဖြစ်ဘဲ လှိုက်လှဲနွေးထွေးစွာ ဝမ်းမြောက်ချီးကျူးသင့်ပါတယ်။

ကိုယ့်အပေါ် သိတတ်၊ နားလည်တတ်၊ ကောင်းကျိုးပြုတတ်တဲ့ဆွေမျိုးအားလုံးတွေထဲမှာ အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်ဟာ အကောင်းဆုံး၊ အမြတ်ဆုံးဆွေမျိုး ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ကသာ ကိုယ့်အပေါ် တကယ်သိနိုင်၊ နားလည်နိုင်၊ ကောင်းကျိုးပြုနိုင်လို့ပါပဲ။

အကျွမ်းဝင်တဲ့ပုဂ္ဂိုလ် ဆိုတဲ့နေရာမှာ ကိုယ်ကလည်း အကျွမ်းဝင်၊ ကိုယ့်ကိုလည်း အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်မျိုးကို ဆိုလိုပါတယ်။
ကိုယ်ကသာ သူ့ကို အကျွမ်းဝင်ပြီး သူက ကိုယ့်ကို အကျွမ်းမဝင်ရင်၊ သူကသာ ကိုယ့်ကို အကျွမ်းဝင်ပြီး ကိုယ်က သူ့ကို အကျွမ်းမဝင်ရင်၊ အဲဒီလို တစ်စိတ် တစ်ပိုင်း အကျွမ်းဝင်ခြင်း၊ တစ်ဖက်သတ် အကျွမ်းဝင်ခြင်းဟာ ဆွေမျိုးကိစ္စကို မပြီးစီးစေနိုင်ပါဘူး။ အပြန်အလှန် အကျွမ်းဝင်မှသာ ဆွေမျိုးကိစ္စ ပြီးစီးနိုင်တာမို့ ကိုယ်ကျွမ်း၊ သူကျွမ်း၊ နှစ်ဖက်ကျွမ်းသူကိုသာ အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။

အကျွမ်းဝင်တယ်ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် မေတ္တာသံယောဇဉ်နဲ့ ချစ်ခင်တာကို ပြောတာပါ။
မေတ္တာနဲ့ သံယောဉ် အချိုးတကျ ပေါင်းစပ်ဖွဲ့စည်းထားမှ အကျွမ်းဝင်တယ်လို့ ခေါ်နိုင်ပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
အနှိုင်းမဲ့ဆွေမျိုး - မှ ကောက်နုတ်ရေးသားပါသည်။

No comments:

Post a Comment