Thursday, April 3, 2014

ဝဋ်ကြွေး ကံကြမ္မာ


သတ္တ၀ါတို့၏ ကံကြမ္မာသည် အတိတ်က ပြုခဲ့သောကံကြောင့် ကောင်းသော ကံ၊ မကောင်းသော ကံတို့ကို ခံစား စံစားရသူတွေ ရှိခဲ့သလို တချို့ကျ မိမိတို့ လူလားမြောက်သည့် အရွယ်
တတ်သိချိန်ကျမှ သုစရိုက်တရားကို ပြုလုပ်လို့ ကောင်းကျိုးအမျိုးမျိုး ခံစားရသူတွေလည်း ရှိကြသည်။

မကောင်းမှု ဒုစရိုက်တရားတို့ကို ပြုကျင့်မိလို့ မကောင်းသော အကုသိုလ်ကံတွေက မိမိထံပြန်လည် ကျရောက် ခံစားရတာတွေလည်း မနည်းပေ။

ကောင်းကံဆိုးကံသည် သတ္တ၀ါတို့အပေါ်၌ အလိုလို ကျရောက်လာသည်မဟုတ်။ မိမိတို့ ပြုလုပ်လို့သာပင်ဖြစ်သည်။

သံသရာဘေး ဒုက္ခကို ကြောက်ရွံ့သော သူတို့သည်သူတော်ကောင်းတို့ သွားရာ လမ်းအတိုင်း ဒါန၊သီလ၊ဘာဝနာကို တစ်ဘ၀ထက် တစ်ဘဝ
မြတ်သထက်မြတ်အောင် ပွားများ အားထုတ်သူတွေရှိကြသလို တချို့ကျတော့ ဒီဘ၀ ဒီကိုယ်စံ၊ ဟိုဘ၀ကျ ကိုယ်မှမသိတော့ ဟိုကိုယ်ခံပေါ့၊ ယခု ပစ္စက္ခဘ၀တွင်တစ်နေ့တစ်ရက် တစ်နံနက်၌ စားရ ၀တ်ရ ပျော်ပါးရရင်ပြီးတာရော နောက်ဘ၀ကျ ဘယ်လိုဖြစ်ဖြစ်ဒီဘ၀မှာ သားမယားနှင့် ပျော်ပါးကာ သူ့အသက် သတ်ခြင်းဖြင့် ဒုစရိုက် အမှုဖြင့်
စီးပွားရှာကြသူတွေကလည်း မရှားပေ။

အကုသိုလ် ဒုစရိုက်အလုပ်သည် တရားသော အရာမဟုတ်သောကြောင့် ဘ၀အဆုံးသတ်ရာတွင်လည်းမလှပေ။ ကံကြမ္မာဆိုးတွေနှင့် အဆုံးသတ်ရသည်။

ထိုတွင် ကျွဲ၊ နွား၊ ၀က်များကို သတ်၍ စီးပွားရှာခဲ့သော ဦးအောင် တစ်ယောက် မလှမပ ဘ၀ဆိုးနှင့် အဆုံးသတ်ရသော ဖြစ်ရပ်မှန်ကို တင်ပြပါသည်။

ကလေးဝမြို့နယ်တွင် ကျွဲ နွားများသတ်၍ ဒုစရိုက်အမှုဖြင့် စီးပွားရှာနေသော ဦးအောင်ဆိုသူရှိသည်။

သူသည် သူ၏မိသားစုကို ကျွဲ နွားသတ်၍ကျွေးမွေးနိုင်ခဲ့သလို မိသားစုမှာလည်း ရွှေတွဲလဲနှင့် ၀တ်နိုင်စားနိုင် ပျော်နိုင်သည်။

သတ်ဖြတ်ခါနီးသော နွားများသည် သူတို့အသတ်ခံရမည်ကိုသိသောအခါ မျက်ရည်များကျသည်ကို ဦးအောင်၏စိတ်ထဲမှာ သနားသည့်စိတ်များမ၀င်
နိုင်အောင် မယားကြီး၏လက်ထဲမှ ငွေများကိုင်ပြီး ပြုံးရွှင်နေသည့် မျက်နှာကြီးကိုသာ မြင်ယောင်ပြီး နွားဦးချိုကြားကို တူလေးနှင့် မညှာမတာသုံးချက်လောက် ထုရုံနှင့် အော်ဟစ်ငြီးငြူကာ လဲကျသေ
ဆုံးသွားသော နွားသေကို ကြည့်ပြီး သူရဲကောင်းကြီးပမာ ဦးအောင်တစ်ယောက် ဂုဏ်ယူဝင့်ကြွားကာ ရက်စက်မှုများ အောက်တွင် အပြုံးပန်းတွေ ဝေနေတော့သည်။

ဦးအောင် တစ်ယောက် အသက် ၅၀ကျော်။ ၆၀ အတွင်း ၀င်ရောက်လာတော့ မိမိ အလုပ်သည် ပင်ပန်းခြင်းမရှိသော်လည်း ကြမ္မာရေးက ယိမ်းယိုင်လာပြီး ကံကြမ္မာဆိုးနှင့် ကြုံဖို့ရာအတွက်
ပန်းနာရင်ကြပ်ရောဂါ ဖြစ်ပွါးတော့သည်။

မိမိပြုခဲ့သော မကောင်းမှုဒုစရိုက်ကံသည် ယခုဘ၀၌ မိမိထံသို့ ပြန်မလာနိုင်လို့ ထင်သော ဦးအောင်တစ်ယောက်။

တစ်နေ့တွင် ချောင်းအလွန်ဆိုးသည်နှင့် မနေနိုင် မထိုင်နိုင် ဖြစ်သည့်အတွက် မိမိပြုခဲ့သောဒုစရိုက်ကံကြောင့် ထင်သည် သူသိမ်းဆည်းထားသော ဂျပိုးသတ်ဆေးပုလင်းကို ချောင်းဆိုးပျောက်ဆေး ထင်ကာ တအားမော့သောက်လိုက်တော့သည်။

သူ၏ အကုသိုလ်ကံ အကျိုးပေးချိန်ကျရောက်လာတော့ ချက်ခြင်းဘယ်လို ဖြေဆေးတွေတိုက် ကောင်းပါတယ်ဆိုတဲ့ဆေးဝါးနှင့်လည်းကုသမရ
ပါ။ များသောအားဖြင့်ပိုးသတ်ဆေးကို သောက်သောသူတွေသည် များလျှင်နာရီပိုင်းအတွင်းသေသူများပေမယ့် ဦးအောင်မှာတော့ တစ်ရက်နှင့်လည်းမသေ၊ နှစ်ရက်လောက် သူသတ်ခဲ့သော
ကျွဲ နွားများအော်သံကဲ့သို့ အော်ပြီး မကြည့်ရက် မမြင်ရက်နှင့် မချိမဆန့် သေဆုံးသွားတော့သည်။

သတ္တ၀ါတွေညှင်းဆဲသတ်ဖြတ်နေချိန်မှာ ဦးအောင် တစ်ယောက်တည်း ရရှိလာသော ငွေကြေးမှာတော့စားဝတ်နေရေးနှင့် သုံးဖြုန်းပစ်တော့ မိသားတစ်စုလုံး။

အကုသိုလ်အကျိုးပေးကံက အလှည့်ကျလာတော့ မိမိ တစ်ယောက်တည်းသာ မကောင်းကျိုးကို လက်တွေ့ခံစားသွားရသည်။

ဒုစရိုက်လုပ်ငန်းတွင် အားသွန်ခွန်စိုက်၍ သွေးတို့ ချွေးတို့နှင့် မရင်းရဘဲ လွယ်လွယ်ရတော့ ဒီဘ၀မှာ ပျော်ပျော်ကြီး ခံစားရရင် ပြီးရော၊ နောက်ဘ၀တွေကျမှ ဘ၀သံသရာ ၀ဲဂယက်မှာ နစ်ချင်နစ်မြုပ်
ချင်မြုပ်ရောဆိုပြီး ပစ္စုပ္ပန်ဘ၀ခန္ဓာကိုယ် လှပ၀မ်းဝအောင် မကောင်းမှု ပါဏာတိပါတကံကို ကျူးလွန်ပြီး စီးပွားရှာခဲ့သော ဦးအောင် တစ်ယောက်တော့ ဒုက္ခဝေဒနာကို ပြင်းစွာခံစားရပြီး ထိတ်လန့်တုန်လှုပ်စွာ နောင်တမရနိုင်ပေမယ့် အများပြည်သူများ အနေဖြင့် ဦးအောင်၏ ဖြစ်ရပ်ကို သင်ခန်းစာယူကာ ဘ၀အဆက်ဆက် ကောင်းမွန်ရေးအတွက် မကောင်းမှုများကို ရှောင်ပြီးကောင်းမှုများကိုသာ ပြုလုပ်အားထုတ်သင့်ကြောင်း ဖြစ်ရပ်မှန်ကို တင်ပြအပ်ပါသည်။

မှတ်ချက် ။ ။ ရွာအမည်ကိုချန်ထားခဲ့ပါသည်။

ရွှေပို - ကျောက်မော်
ရတနာမွန်မဂ္ဂဇင်း
အတွဲ - ၂၅၊ အမှတ် - ၁၁။

No comments:

Post a Comment