Thursday, April 3, 2014

အချိန်ကာလသည် တကယ်ရှိသလော


အရှင်နာဂသေနဘုရား၊ အချိန်ကာလဟူသည် အဘယ်နည်း။

မင်းမြတ်၊ အတိတ်သည် အချိန်ကာလမည်၏။ အနာဂတ်သည် အချိန်ကာလမည်၏။ ပစ္စုပ္ပန်သည် အချိန်ကာလမည်၏။

အရှင်ဘုရား၊ အချိန်ကာလ သုံးမျိုးလုံးသည် ရှိနေကြပါသလော။

မင်းမြတ်၊ အချို့သော အချိန်ကာလသည် ရှိ၍ အချို့သော အချိန်ကာလသည် မရှိပေ။

အရှင်ဘုရား၊ အဘယ်အချိန်ကာလသည်ရှိ၍ အဘယ်အချိန်ကာလသည် မရှိပါသနည်း။

မင်းမြတ်၊ ချုပ်ငြိမ်း ပျက်စီးခဲ့လေပြီးသော အတိတ်သင်္ခါရတရားတို့၏ ထိုအတိတ် အချိန်ကာလသည်မရှိတော့ပြီ။ ရှေးရှေးကအကြောင်း
တရားကြောင့် ယခု ဖြစ်ပေါ်နေသော အကျိုးတရား၊ အနာဂတ်အကျိုးကို ပေးကြမည့် ယခုရှိနေသော အကြောင်းတရား၊ တပါးသောဘ၀၌
ပဋိသန္ဓေကို ဖြစ်စေတတ်သော တရား၊ ထိုတရားတို့၏ အချိန်ကာလ သုံးမျိုးတို့ရှိကြကုန်၏။ ဘ၀တစ်ခုမှ သေဆုံးခဲ့ကြပြီးနောက်ဘ၀သစ်၌
ပဋိသန္ဓေ တည်နေဆဲ သတ္တ၀ါ၏ ထိုအချိန်ကာလသည်လည်းရှိ၏။ ဘုံဘ၀တစ်ခုခုသို့ ပဋိသန္ဓေ မတည်နေကြကုန်၍ ဘုံဘ၀မှ လွတ်
မြောက်သော ရဟန္တာပုဂ္ဂိုလ်တို့၏ ထိုအချိန်ကာလသည်လည်း မရှိပေ။ ရဟန္တာပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်စံဝင်ကာခန္ဓာဇာတ်သိမ်းသွား
ကြသောကြောင့်ပေတည်း။

အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။

အချိန်ကာလ၏ အရင်းအမြစ်ကား အဘယ်နည်း။ အရှင်နာဂသေနဘုရား၊ အတိတ်ကာလ၏အရင်းအမြစ်ကား အဘယ်ပါနည်း။ အနာဂတ်ကာလ၏ အရင်းအမြစ်သည် အဘယ်ပါ
နည်း။ ပစ္စုပ္ပန် ကာလ၏ အရင်းအမြစ်သည် အဘယ်ပါနည်း။

မင်းမြတ်၊ ကာလသုံးတန်၏ အရင်းအမြစ်ကား သစ္စာလေးပါးကို မ သိမြင်သော အ၀ိဇ္ဇာပင်တည်း။ အ၀ိဇ္ဇာ အကြောင်းကြောင့် သင်္ခါရတို့
ဖြစ်ကုန်၏။ သင်္ခါရ အကြောင်းကြောင့်ဝိညာဉ်ဖြစ်၏။ ၀ိညာဉ် အကြောင်းကြောင့် နာမ်ရုပ် ဖြစ်၏။ နာမ်ရုပ် အကြောင်းကြောင့် အဇ္ဈတ္တိ
ကာယတန ခြောက်ပါးဖြစ်၏။ အဇ္ဈတ္တိကာယတန ခြောက်ပါးအကြောင်းကြောင့် ဖဿဖြစ် ၏။ ဖဿအကြောင်းကြောင့် ဝေဒနာဖြစ်၏။ ဝေဒနာအကြောင်းကြောင့် တဏှာဖြစ်၏။
တဏှာအကြောင်းကြောင့် ဥပါဒါန်ဖြစ်၏။ ဥပါဒါန် အကြောင်းကြောင့် ဘ၀ဖြစ်၏။ ဘ၀အကြောင်းကြောင့် ဇာတိဖြစ်၏။ ဇာတိ အ
ကြောင်းကြောင့် ဇရာ မရဏသည် လည်းကောင်း၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတို့သည်လည်းကောင်း ဖြစ်ပေါ်လာကြကုန်၏။ ဤသို့အားဖြင့် အချိန်ကာလအားလုံးတို့၏ ရှေ့အစွန်းကား မထင်
ရှားပေ။

အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။

မိလိန္ဒပဥှာ

No comments:

Post a Comment