အရှင်နာဂသေနဘုရား၊ ရှေ့အစွန်းကားမထင်ဟူ၍ အရှင်ဘုရား မိန့်ကြားခဲ့ပါသည်။ ထိုစကားကို ထင်ရှားစွာသိရန် ဥပမာပြုတော်မူပါဦး။
မင်းမြတ်၊ ယောက်ျားတစ်ယောက်သည် မျိုးစေ့တစ်ခုကို မြေချစိုက်ပျိုးရာ၏။ ထိုမျိုးစေ့မှ အပင်ပေါက်ကာ အချိန်တန်သောအခါ အသီးသီးရာ၏။ ထိုအသီးမှ မျိုးစေ့ကိုအခြားတစ်ယောက်က
မြေချ စိုက်ပျိုးပြန်ရာ၏။ ထိုမျိုးစေ့မှ အပင်စိုက်ကာ အသီးသီးပြန်၏။ ဤသို့လျှင် ထိုမျိုးစေ့၏ ရှေ့ အစွန်းသည် ရှိပါသေးသလော။
အရှင်ဘုရား၊ မရှိတော့ပါ။
မင်းမြတ်၊ ဤအတူပင် ရှည်းလျားသော အချိန်ကာလ၏ ရှေ့အစွန်းသည် မထင်ပါပေ။
အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။
မသိနိုင်သောရှေ့အစွန်းဟူ၍ ရှိသလော အရှင်နာဂသေနဘုရား၊ ရှေ့အစွန်းမထင်ဟူ၍ အရှင်ဘုရား မိန့်ဆိုခဲ့ပါ၏။ ထိုစကား၌ ရှေ့အစွန်းဆိုသည်ကား အဘယ်ပါနည်း။
မင်းမြတ်၊ အတိတ်အချိန်ကာလသည်ပင် ရှေ့အစွန်းမည်၏။
အရှင်ဘုရား၊ ရှေ့အစွန်းသည်မထင်ဟူ၍ အရှင်ဘုရား မိန့်ဆိုခဲ့ပါ၏။ ရှေ့အစွန်း အားလုံးသည်ပင် မထင်လေသလော။
မင်းမြတ် အချို့သော ရှေ့အစွန်းကား ထင်၏။
အချို့သော ရှေ့အစွန်းကား မထင်ပေ။
အရှင်ဘုရား အဘယ်သို့သောရှေ့အစွန်းသည် ထင်၍ အဘယ်သို့သော ရှေ့အစွန်းသည် မထင်ပါသနည်း။
မင်းမြတ် ဤအချိန်မှ ရှေးကာလ၌ အ၀ိဇ္ဇာသည် အခါခပ်သိမ်း၊ အချင်းခပ်သိမ်း မဖြစ်။ ထိုကဲ့သို့သော ရှေ့အစွန်းသည် မထင်ပေ။ ရှေးက
ထင်ရှား မရှိသေးသော တရားတစ်ခုသည် ထင်ရှား ဖြစ်ပေါ်လာ၏။ ဖြစ်ပေါ်လာပြီးနောက် ချုပ်ပျောက်သွား၏။ ဤရှေ့အစွန်းကား ရှိပေ၏။
အရှင်ဘုရား၊ ရှေ့က ထင်ရှား မရှိသေးသော တရားတစ်ခုသည် ထင်ရှားစွာဖြစ်ပေါ်လာ၏။ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက် သွား၏။ ထို
တရားသည် ဖြစ်ခြင်းဟူသော ရှေ့အစွန်းနှင့် ချုပ်ခြင်းဟူသော နောက်အစွန်းအားဖြင့် ကင်းပြတ်သွားမည် မဟုတ်ပါလော။
မင်းမြတ် ဤသို့ဖြစ်လျှင် ရှေ့အစွန်း နောက်အစွန်းအားဖြင့် ပြတ်သွားပြီးသည်တို့ ဆက်ပွားခြင်းငှာစွမ်းနိုင်မည်လော။
အရှင်ဘုရား၊ ဆက်ပွားခြင်းငှာ စွမ်းနိုင်သင့်ပါ၏။ သို့ရာတွင် ဤသို့နှစ်ပါးစုံသော အစွန်းအားဖြင့် ဆက်ပွားခြင်းငှာ စွမ်းနိုင်ပါသလော ဟူ၍ သာမေးမြန်းပါသည်။
မင်းမြတ်၊ ဆက်ပွားခြင်းငှာ စွမ်းနိုင်ပါ၏။
အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦး။
မင်းမြတ်၊ ဤအတူသာပင် ရှည်းလျားစွာသော အချိန်ကာလ၏ ရှေ့အစွန်းသည် မထင်ပါပေ။
အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။
မိလိန္ဒပဥှာ
No comments:
Post a Comment