Saturday, October 7, 2017

ရွေ့


တက္ကသိုလ်စိုးထွေး(စလင်း-ကန်ပြား)

ကမ္ဘာပေါ်တွင် ရှေးနှစ်ပေါင်း များစွာကတည်းက ထင်ရှားသော နေရာများ၊ ကမ္ဘာ့တိုက်ကြီးများ၊ မြို့ကြီးများ၊ ယဉ်ကျေးမှုနှင့် သိပ္ပံ ပညာများ ထွန်းကားခဲ့သောနေရာ အတော်များများမှာ သဘာဝတရား ၏ ထူးဆန်းစွာ ပြောင်းလဲမှုများ ကြောင့် ပျောက်ဆုံးသွားခဲ့ကြသည့် အများစုမှာ သမုဒ္ဒရာတို့၏ ပြောင်းလဲ မှုကြောင့် သမုဒ္ဒရာရေအောက်သို့ နစ်မြုပ်ပျောက်ကွယ်သွားခဲ့ကြသည်။
ရေအောက်သို့ နစ်မြုပ် ပျောက်ကွယ်ခဲ့သောအရာများထဲတွင် မြို့ကြီးများသာမက ကမ္ဘာ့တိုက်ကြီး များလည်း ပါဝင်ခဲ့သည်။ ပညာရှင် များက ရေအောက်သို့ နစ်မြုပ် ပျောက်ကွယ်သွားသော ကမ္ဘာ့ တိုက်ကြီးလေးခုရှိသည်ဟု ယူဆ ထားကြသည်။ ယင်းတို့မှာ (၁) အတ္တလန္တစ် (Atlantis) ၊ (၂) လမူးရီးယား (Lamuria)၊ (၃) မူး (Mu) ၊ (၄) အေဗလွန် (Abalon) တို့ ဖြစ်ကြသည်။ ထို့အပြင် အခြား သဘာဝဘေးအန္တရာယ်တို့ကြောင့် ပျက်စီးပျောက်ကွယ်သွားသော မြို့ကြီးများလည်း ရှိသေးသည်။ အေဒီ (၇၉)ခု လွန်ခဲ့သော နှစ်ပေါင်း ၁၇ဝဝ-ကျော်က ပွန်ပီအိုင် (Pompei) မြို့တော်နှင့် ဟာကြူလေနီယမ် (Herculaneum) မြို့တော်ကြီး နှစ်ခုစလုံးတို့မှာ မီးတောင်ပေါက် ကွဲပြီး ချော်ရည်ပူနှင့် ပြာမှုန့်များ ဖုံးအုပ်ခံခဲ့ရသည်။ လူပေါင်း သိန်း နှင့်ချီပြီးလည်း သေဆုံးခဲ့ကြရသည်။ မြို့ရော လူများပါ ချော်ရည်ပူနှင့် ပြာမှုန့်များအောက် ပျောက်ကွယ် ခဲ့ကြရသည်။
မီးတောင်မှ ထွက်ကျလာသော ချော်ရည်ပူနှင့် ပြာမှုန်များမှာ (၁၅) ပေမှ ပေ(၃ဝ)ထိ ရှိသည်ဟု ဆို သည်။ ထို့အပြင် မွန်ဂိုအင်ပါယာ တစ်ခုဖြစ်သော ဂျင်ဂျစ်ခန်၏ မင်း နေပြည်တော် ဖြစ်ခဲ့သည့် ကရာဂိုရမ် (Kaya Kayan) မြို့တော်ကြီးမှာ လည်း ဂိုဘီသဲကန္တာရကြီးအတွင်းမှ သဲမုန်တိုင်းများ တိုက်ခတ်လာသော ကြောင့် သဲထုကြီးအောက်စုံးစုံးမြုပ် ကာ ပျောက်ကွယ်သွားခဲ့ရသည်။ ထို့အတူ ပင်လယ်ရေ၏သဘာဝ ပြောင်းလဲမှုကြောင့် ရေအောက်သို့ ရောက်ရှိသွားသော တိုက်ကြီးများ၊ မြို့ကြီးများ ရှိသည်အနက်မှ အန္တလန္တစ်တိုက်ကြီးတစ်တိုက်လုံး ရေအောက်သို့ နစ်မြုပ်ပျောက်ကွယ် သွားသည်မှာလည်း အထင်အရှား ပင် ဖြစ်သည်။ အန္တလန္တစ်တိုက်ကြီး နစ်မြုပ်သွားစဉ်က ကမ်းခြေနှင့် အနီး ကပ်ဆုံး ရှိနေကြသူများမှာ (၆)မိနစ် ခန့်အတွင်းမှာပင် လူပေါင်း (၆ဝဝဝဝ) ကျော်တို့ တစ်ပြိုင်နက်တည်း သေကျေ ပျက်စီးခဲ့ရသည်ဟု အဆိုရှိ သည်။ ပျောက်ကွယ်သွားသော တိုက် ကြီးများအကြောင်းကို ရှေးနှစ်ပေါင်း များစွာကတည်းက ယခုအချိန်ထိ ပညာရှင်များ၊ သိပ္ပံပညာရှင်များက သုတေသနပြု လေ့လာခဲ့ကြပြီး နောက် ဖြစ်နိုင်စရာရှိကြောင်း မှတ်ချက်ချခဲ့ကြသည်။
ယခုအချိန်မှာလည်း သဘာဝ ဖောက်ပြန်ပျက်စီးမှုများမှာ သည် ထက်ပို၍ ဆိုးလာစရာ ရှိနေသည်။ အိုဇုန်းလွှာပေါက်ကွဲမှုကြောင့်ပဲ ဖြစ် စေ၊ ခရမ်းလွန်ရောင်ခြည်များ ပိုများ လာသောကြောင့်ပဲ ဖြစ်စေ၊ လေဆာ ရောင်ခြည်တွေကြောင့်ပဲ ဖြစ်စေ၊ သိပ္ပံပညာရှင်ကြီးများပင် အမည် မတပ်ရသေးသည့် အစိမ်းနု ရောင်ခြည်များ ကျရောက်လာသော ကြောင့်ပဲဖြစ်စေ မြောက်ဝင်ရိုးစွန်းရှိ ရေခဲပြင် ကန္တာရကြီး တဖြည်းဖြည်း ပျက်စီးပျောက်ကွယ်သွားဖို့ ရှိနေ သည်။ ရေခဲပြင်ကြီး အရည်ပျော် သွားသည်နှင့် ထိုရေများသည် ပင်လယ်ထဲသို့ရောက်ပြီး သမုဒ္ဒရာ ရေမျက်နှာပြင်မှာ တဖြည်းဖြည်းမြင့် တက်လာပေလိမ့်မည်။ ထိုအခါ ပင်လယ်ကမ်းခြေသမုဒ္ဒရာနှင့်နီး သော မြို့ကြီးတွေ ရေလွှမ်းခံရပြီး အတ္တလန္တစ်မြုပ်သကဲ့သို့ နစ်မြုပ် ပျောက်ကွယ်သွားမည်မှာ အသေ အချာပင် ဖြစ်သည်။ အာရှတိုက် အရှေ့တောင်ပိုင်းမှာ ရှိသည့် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျာဗားကျွန်း၊ ဆုမတြာကျွန်းတို့ဆို လျှင် ရှေးအခါက ယခုလို ပင်လယ် ရေခြားနေခြင်းမျိုးမဟုတ်ဘဲ မြေပြင် တဆက်တစပ်တည်း ရှိနေခဲ့ကြ သည်။ နောက်ပိုင်းတွင်မှ ရေအောက် မှာရှိသည့် မီးတောင်များ မကြာခဏ ပေါက်ကွဲမှုဖြစ်ရာမှ မြေပြင်အချို့ သမုဒ္ဒရာအောက်သို့ ရောက်ကုန်ပြီး ယခုလို ကျွန်းစုတွေဖြစ်ကုန်ကြခြင်း ဖြစ်သည်။
ယင်းသို့ ကမ္ဘာတိုက်ကြီးများ၊ မြို့ကြီးများ ပျောက်ကွယ်သွားခြင်း သည် သြကာသလောက၏ ရွေ့လျားမှု (လှုပ်ရှားမှု၊ ပြောင်းလဲမှု) ပင်ဖြစ်သည်။ သြကာသလောက ဟူသည် သစ်ပင်တောတောင် ရေ မြေနှင့် တိုက်တာအိုးအိမ်စသည့် သက်မဲ့လောကကို ဆိုလိုခြင်း ဖြစ် သည်။ ကမ္ဘာ့မှတ်တမ်းအရ မြန်မာ ပြည်၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့သည် ကမ္ဘာ့ရေရှည် တည်တံ့မည့် မြို့များထဲတွင် ပါဝင် သည်။ အခြားသော မြန်မာပြည်ရှိ ရန်ကုန်စသည့်မြို့များနှင့် အခြား နိုင်ငံမှ မြို့များသည် နောင်နှစ်ပေါင်း ထောင်သောင်း ကြာမြင့်သည့်အခါ ပျက်သုဉ်းပျောက်ကွယ်သွားပြီး လောကသဘာဝအရ ရွေ့လျောသွား ကြမည်။ (ဝါ) အစဉ်မတည်မြဲဘဲ ပျက်သုဉ်းသွားကြမည် ဖြစ်သည်။ အခြားသော မြစ်ချောင်းအင်းအိုင်နှင့် ပင်လယ်သမုဒ္ဒရာများသည်လည်း နောင်နှစ်ပေါင်းထောင်သောင်းကြာ မြင့်လာပါက မြစ်ကြောင်းပြောင်း ခြင်း၊ တိမ်ကောခြင်းစသည်ဖြင့် မူလ အခြေအနေမှ ရွေ့လျားသွားကြ မည်သာ ဖြစ်သည်။
သြကာသလောကအပြင် အခြားသောလောကတစ်ခုမှာ သတ္တ လောကဖြစ်သည်။ သတ္တလောက ဟူသည် လူ၊ နတ်ဗြဟ္မာ ခွေးဝက် ကြက်ငှက်စသည့် သက်ရှိသတ္တဝါများ ကို ဆိုလိုသည်။ ထိုသတ္တလောက ဟူသည့် သက်ရှိသတ္တဝါတို့သည် လည်း အစဉ်မတည်မြဲဘဲ ဖြစ်ပျက် ပြောင်းလဲလှုပ်ရှားနေသည်သာ ဖြစ် သည်။ ဥပမာ လူဆိုပါစို့။ လူသည် မွေးကင်းစအရွယ်မှ တဖြည်းဖြည်း ကြီးပြင်းလာသည့်အခါ သွားလာ ဆော့ကစားသည့်အရွယ်သို့ ရောက် လာသည်။ ယင်းသည် မွေးကင်းစ အရွယ်မှ သွားလာဆော့ကစားသည့် အရွယ်သို့ လူဟူသည့် သတ္တလောက ၏ ရွေ့လျောမှုပင် ဖြစ်သည်။ သွားလာဆော့ကစားသည့်အရွယ်သို့ ရောက်လာခြင်းသည် မွေးကင်းစ အရွယ်၏ ဖြစ်ပျက်ပြောင်းလဲမှု(ဝါ) ရွေ့လျောမှုပင် ဖြစ်သည်။ တစ်ဖန် သွားလာဆော့ကစားသည့်အရွယ်မှ ကျောင်းနေ(ပညာသင်ယူ)သည့် အရွယ်သို့ ရွေ့လျားသွားပြန်သည်။ ပညာသင်ယူသည့်အရွယ်မှ အလုပ် ဝင်သည့်အရွယ်သို့ ရွေ့လျားသွားပြန် သည်။ အလုပ်ဝင်သည့်အရွယ်မှ အိမ်ထောင်ပြုသည့်အရွယ်သို့ ရွေ့လျားသွားပြန်သည်။ ထိုမှဆက်၍ အိုသည့်အရွယ်၊ နာသည့်အရွယ်၊ သေသည့်အရွယ်သို့ အစဉ်အတိုင်း ရွေ့လျားပြောင်းလဲသွားရသည်သာ ဖြစ်သည်။ ထို့အပြင် လူ့လောကကြီး ကို ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်သုံးပါးရှိ သည်ဟု သတ်မှတ်ထားသည့်အပြင် လူ့သက်တမ်းကိုလည်း (၇၅)နှစ် သက်တမ်းဟု သတ်မှတ်ထားကြ သည်။ မွေးဖွားသည်မှစ၍ ၂၅-နှစ် အတွင်းကို ပထမအရွယ်ဟု သတ်မှတ်သည်။ ပထမအရွယ် (၂၅) နှစ်မှ ရွေ့လျားပြီး ဒုတိယအရွယ် (၄၅)နှစ်သို့ ရွေ့လျားပြောင်းလဲသွား ပြန်သည်။ တစ်ဖန်ဒုတိယအရွယ် (၄၅) နှစ်မှသည် တတိယအရွယ် (၇၅)နှစ်အရွယ်သို့ ရွေ့လျား ပြောင်းလဲသွားပြန်သည်။ ထို့အပြင် မွေး၊ အို၊ နာ၊ သေဟု အဆင့် လေးမျိုးခွဲ၍လည်း လူ(ဝါ) သတ္တ လောက၏ ရွေ့လျောမှုကို သိနိုင် သည်။ မွေးဖွားသည့်အရွယ်မှ အိုခြင်းသို့ ရွေ့လျောသွားရသည်။ နာသည့်အရွယ်မှ သေသည့်အရွယ် သို့ ရွေ့လျားပြောင်းလဲသွားရသည်။ အိုသည့်အရွယ်မှ နာသည့်အရွယ်သို့ ရွေ့လျောပြောင်းလဲသွားရသည်။ ဤသည်တို့မှာ လူ၊ နတ်၊ ဗြဟ္မာ၊ ကြက်၊ ငှက်၊ ဝက် စသည့် သတ္တ လောက၏ ရွေ့လျောပြောင်းလဲမှုပင် ဖြစ်သည်။
ထို့အပြင် သင်္ခါရလောက၏ အစဉ်မတည်မြဲဘဲ ရွေ့လျောပြောင်းလဲ မှုလည်း ရှိသေးသည်။ ယင်းမှာ စိတ် နှင့်ရုပ်တို့၏ အတည်မမြဲ ဖြစ်ပျက် ပြောင်းလဲနေမှုပင် ဖြစ်သည်။ စိတ် နှင့်ရုပ်ဟု နှစ်မျိုးရှိသည့်အနက် စိတ် သည် မျက်စိတစ်မှိတ်, လျှပ်တစ်ပြက် အတွင်းမှာပင် ကုဋေတစ်သိန်းမက ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောနိုင်စွမ်း ရှိသည်။ ရုပ်မှာမူ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပင် ကုဋေ ငါးထောင်မက ဖြစ်ပျက် ပြောင်းလဲ ရွေ့လျောနိုင်စွမ်းရှိသည်။ ဤရုပ် ဤနာမ်ဟုပင် လက်ညှိုးထိုးပြ၍ မရ နိုင်လောက်အောက်ပင် ဖြစ်ပျက် ပြောင်းလဲနိုင်စွမ်းရှိသည်။ ဤရုပ်ဟု လက်ညှိုးထိုးပြဖို့ ကြံရွယ်နေစဉ်မှာ ပင် ဤရုပ်သည် မရှိတော့ဘဲ ရုပ် အသစ်အစားထိုး၍ ဖြစ်ပျက် ပြောင်းလဲနေပေသည်။ ထိုရုပ်အသစ် ကိုလည်း 'ဤသည်ကား ရုပ်အသစ်' ဟု လက်ညှိုးညွှန်ပြဖို့ ကြံရွယ် နေစဉ်မှာပင် ထိုရုပ်အသစ်သည် ဟောင်းနွမ်းချုပ်ပျက်ပြီး ရွေ့လျော သွားပြီဖြစ်သည်။ နာမ်တရား(ဝါ) စိတ်မှာမူကား မျက်စိတစ်မှိတ်, လျှပ်တစ်ပြက်အတွင်းမှာပင် ကုဋေ တစ်သိန်းမက ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောသွားပြီ ဖြစ်ခြင်းကြောင့် ဤနာမ်(ဝါ) ဤစိတ်ဟု လက်ညှိုး ညွှန်ပြဖို့ရန် ပို၍ပင် ခဲယဉ်းပေလိမ့် မည်။ ဤသည်မှာ သင်္ခါရလောက၏ အတည်မမြဲ ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောနေမှုပင် ဖြစ်သည်။
ဖြစ်ပျက်ပြောင်းလဲ ရွေ့လျော နေမှုမှ လွတ်ကင်းသော အရာကား နိဗ္ဗာန်ဖြစ်သည်။ နိဗ္ဗာန်သည် ဘုံဘဝ၊ ဘုံဌာနတစ်ခုမဟုတ်ဘဲ တဏှာကုန်ဆုံး ချုပ်ငြိမ်းခြင်းပင် ဖြစ်သည်။ တဏှာသည် ဘဝဟူသည့် ခန္ဓာအိမ်ကို ဆောက်လုပ်နိုင်စွမ်း ရှိသည်။ တဏှာကြောင့် ဘဝသစ် များ ဆက်ကာဆက်ကာ ဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ တဏှာသည် လောဘ ဖြစ်သည်။ လောဘသည် စေတသိက် (ဝါ) နာမ်တရားဖြစ် သည်။ ထို့ကြောင့် တဏှာ(လောဘ) သည်လည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပင် ကုဋေ တစ်သိန်းမက ဖြစ်ပျက် ပြောင်းလဲ ရွေ့လျောနေပေသည်။ တဏှာ ကိုယ်တိုင်က ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောနေသောကြောင့် ယင်း တဏှာကြောင့် ဖြစ်ပေါ်လာသည့် ဘဝသည်လည်း ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောနေမည်မှာ ပြောဖွယ်ပင် မလိုတော့ပြီ။ ဘဝမရချင်လျှင် တဏှာချုပ်ငြိမ်းအောင် အားထုတ် ရမည် ဖြစ်သည်။ အားထုတ်ရမည့် ကျင့်စဉ်မှာ သတိပဋ္ဌာန် ဝိပဿနာ ကျင့်စဉ်ပင် ဖြစ်သည်။ သတိပဋ္ဌာန် ဝိပဿနာကျင့်စဉ်ကို အားထုတ်၍ တဏှာကုန်ဆုံးချုပ်ငြိမ်းသွားလျှင် ဘဝဟူသမျှအားလုံးတို့မှ အကြွင်းမဲ့ လွတ်မြောက်သွားပေလိမ့်မည်။ ဘဝ မရှိတော့လျှင် ဖြစ်ပျက်ပြောင်းလဲ ရွေ့လျားနေမှုလည်း မရှိနိုင်တော့ပြီ။ စင်စစ်ဖြစ်ပျက် ပြောင်းလဲ ရွေ့လျား နေမှုသည် မမြဲခြင်း-အနိစ္စ၊ ဆင်းရဲ ခြင်း-ဒုက္ခ၊ အစိုးမရခြင်း-အနတ္တ တရားများပင် ဖြစ်သည်။ အနှစ်ချုပ် လျှင် ဒုက္ခတစ်မျိုးတည်းသာ ဖြစ် သည်။ နိဗ္ဗာန်သည် ဖြစ်ပျက် ပြောင်းလဲရွေ့လျားနေသည့် တရား မဟုတ်။ ဘယ်သောအခါမှ ပြောင်းလဲမသွားသောတရား ဖြစ် သည်။ မရွေ့မှသာ ဒုက္ခအားလုံးမှ လွတ်မြောက်ပြီး ချမ်းသာအစစ်ကို ရနိုင်ပေသည်။ ရွေ့နေသမျှ ဒုက္ခမှ မလွတ်နိုင်ပြီ။ ဖြစ်ပျက်ပြောင်းလဲ ရွေ့လျောနေမှုမှ လွတ်မြောက်အောင် သတိပဋ္ဌာန်ဝိပဿနာကျင့်စဉ်ကို သာသနာနှင့်ကြုံတုန်း အားသွန် ခွန်စိုက် ရှုမှတ်ပွားများသင့်သည်ဟု တိုက်တွန်းလိုက်ရပါသည်။

တက္ကသိုလ်စိုးထွေး
(စလင်း-ကန်ပြား)

No comments:

Post a Comment