Sunday, February 5, 2012

အကဲခတ်ခြင်း အတတ်ပညာ

တစ်ခါတစ်လေမှာတော့ သူက ကိုယ့်ကို အကဲဖြတ်တယ်။ တစ်ခါတစ်လေများတော့ ကိုယ်က သူ့ကို အကဲဖြတ်ကြည့်တယ်။ တစ်ရံတစ်ခါများမှာ သူကော ကိုယ်ကော အကဲဖြတ်နေမိကြတယ်။ ရံခါအချိန်များကြတော့လဲ တစ်ယောက်နဲ့တစ်ယောက် အကဲမဖြတ်ဖြစ်ကြဘဲ မေ့မေ့လျော့လျော့နဲ့ ပြီးသွားကြတယ်။

သူသူကိုယ်ကိုယ် အသက်ရှင်သန်နေထိုင်ကြတဲ့ ဒီကမ္ဘာမြေကြီးပေါ်မှာ တစ်နေရာရာမှာ ဆုံဆည်းမိကြပြီဆိုယင် ခုနက ပြောခဲ့သလို့ စုံးစမ်းအကဲဖြတ်မှုတွေ သိစိတ်ကဖြစ်ဖြစ် ဒါမှမဟုတ် မသိစိတ်ကဖြစ်ဖြစ် အကဲဖြတ်စုံစမ်းနေတတ်ကြတာပါ။ဆုံဆည်းကြတယ်ဆိုတာကတော့ အမျိုးမျိုးရှိမှာပါ။



အချို့ကလည်း လူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဖြစ်ချင်ဖြစ်မှာပါ။ အချို့ကတော့ အသံကနေ တစ်ဆင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့ကျတော့ စာတွေမှတစ်ဆင့်လို့ပဲ ပြောရမလားပါပဲ။ အမျိုးမျိုးသော ဆုံဆည်းမှုတွေ ရှိနေကြမှာပါ။ အဲဒီဆုံဆည်းမှုကနေပဲ အစပြုလို့ အကဲဖြတ်မှုတွေ စုံစမ်းမှုတွေ တပါတည်းပါလာတယ်လို့ ဆိုရမှာပါ။ ဒီလို အကဲဖြတ်မှုတွေကလည်း မှန်တဲ့အခါ တွေ့ ကြုံ ရနိုင်သလို မှားတဲ့အခါကလည်း အကြိမ်များစွာ နေမှာပါ။ မှန်ကန်စွာ အကဲဖြတ်နိုင်ခြင်းနဲ့ မှားယွင်းစွာ အကဲဖြတ်ခြင်းတို့ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကလေးတွေကလည်း အကဲဖြတ်ခြင်းနဲ့အတူ ကပ်လို့လိုက်ပါနေမှာပါ။

လူတစ်ဦးတစ်ယောက်ကို နှိုင်းဆအကဲဖြတ်ကြရာမှာ အချို့ကိုတော့ နှိုင်းဆအကဲဖြတ်ရတာလွယ်ကူလို့ သူ့ ကို သုပ္ပမေယျပုဂ္ဂိုလ်လို့ ပြောပါတယ်။ အချို့များကိုတော့ နှိုင်းဆအကဲဖြတ်ရာမှာ ခက်ခဲလွန်းလို့ သူ့ကို ဒုပ္ပမေယျပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ အပ္ပမေယျဆိုတာကြတော့ ပြောခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးလိုမဟုတ်တော့ဘဲ သူက နှိုင်းဆအကဲဖြတ်ဖို့မဖြစ်နိုင်တော့တဲ့ပုဂ္ဂိုလ်ပါ။



ကျမ်းဂန်မှာတော့ အကဲဖြတ်ဖို့ လွယ်ကူတဲ့သူရဲ့ စရိုက်လက္ခဏာတွေကို ဒီလိုဖော်ပြထားပါတယ်။ အဲဒါတွေကတော့ စိတ်ပျံလွင့်နေမယ်၊ တက်ကြွနေမယ်၊ လျပ်ပေါ်တဲ့စိတ်ဖြစ်ပေါ်နေမယ်၊ နှုတ်အပြောအဆို မနုးညံ့ဖြစ်နေမယ်၊ ပရမ်းပတာ ပြောဆိုတတ်လာမယ်၊ သတိလက်လွတ်ဖြစ်နေမယ်၊ ပညာအဆင်အခြင် ကင်းမဲ့နေမယ်၊ တည်ကြည်မှုတွေ ဆိတ်သုဉ်းနေမယ်၊ စိတ်တွေ တုန်လှုပ်နေမယ်၊ ပေါ်လွင်ထင်ရှားနေတဲ့ အိနြေ္ဒ ရှိနေမယ် -ဆို တဲ့ လက္ခဏာတွေပါ။



အဲဒီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နှုတ်ချိုခြင်း၊ သိမ်သိမ်မွေ့ မွေ့  ပြောဆိုတတ်ခြင်း၊ အမြဲသတိကပ်နေခြင်း၊ ပညာအမြော်အမြင်ရှိခြင်း၊ တည်ငြိမ်ခြင်း၊ ညင်သာတဲ့ အိနြေ္ဒ ရှိခြင်း စသဖြင့်ကတော့ အကဲဖြတ်ဖို့ ခက်ခဲတဲ့သူတွေမှာရှိတဲ့စရိုက်လက္ခဏာတွေပါ။

မနှိုင်းဆနိုင်တဲ့အပ္ပမေယျပုဂ္ဂိုလ် ဆိုတာကတော့ အရဟတ္တဖိုလ်ကိုရောက်ရှိပြီးတဲ့သူတွေဖြစ်ပါတယ်။



အဲသလို အကဲဖြတ်စူးစမ်းကြရာမှာ ရုပ်အဆင်းကို ကြည့်မြင်ပြီး
အကဲဖြတ်သလား၊
ကျော်စောဂုဏ်သတင်းကို အားကျပြီး အကဲဖြတ်သလား၊
ဒါမှမဟုတ် ထူးထူးခြားခြားခေါင်းခေါင်းပါးပါးတွေ ကျင့်သုံးနေတာတွေ့ လို့ အကဲဖြတ်နေသလား၊
ဒီလိုမဟုတ်ပြန်ယင် ကိုယ်ကျင့်တရားတွေ ဘုရားကျောင်းကန်သုံးစွဲနေကျစကားဖြစ်တဲ့ သီလ သမာဓိ ပညာတွေ ပြည့်စုံနေတာတွေ့မြင်လို့ အကဲဖြတ်သလား။

ဒီအကဲဖြတ်လေးခုအပေါ်မှာ မူတည်ပြီးလို့ လောကမှာ အလေးစားခံ အသိအမှတ်အပြုခံ အကြည်ညိုခံပုဂ္ဂိုလ်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။



ဆိုလိုတာကတော့ အချို့က ရုပ်အဆင်းကို နှစ်သက်သဘောကျလို့ မြတ်နိုးခင်မင်ကြတယ်။ အချို့ မှာက ဂုဏ် သတင်းကျော်စောတာကို စိတ်ဝင်စားလို့ တန်းဖိုးထားကြတယ်။ အချို့ကတော့ လူအများမလုပ်နိုင်တဲ့ ထူးထူး ခြားခြား ခြိုးခြိုးခြံခြံ ခေါင်းခေါင်းပါးပါးတွေ လိုက်နာကျင့်သုံးနေတာ တွေလို့လေးစားပူဇော်ကြတယ်။ အချို့များကတော့ ဓမ္မဆိုတဲ့ မြင့်မြတ်တဲ့အရာတွေ ကျင့်သုံးဆောက်တည်နေလို့ ဆည်းကပ်ခစားကြတယ် ဆိုတာပါ။



ဒါတွေကို နောက်ထပ် ခွဲခြားပြီး ကြည့်တဲ့အခါ အချိုးအစား မညီမျှတာကို သိရမှာ ဖြစ်ပါတယ်။

အဲဒီအထဲကမှ - ရုပ်အဆင်းကို နှစ်သက်မြတ်နိုးတတ်တာက ၃-ပုံ ပုံလျင် ၂-ပုံခန့်။

ထင်ပေါ်ကျော်ကြားတာကို တန်းဖိုးထားကြတာက ၅-ပုံ ပုံလျင် ၄-ပုံခန့်။

ခေါင်းပါးခြိုးခြံတာတွေ ကျင့်သုံးနေလို့ လေးစားကြတာက ၁၀-ပုံ ပုံလျင် ၉-ပုံခန့်။

သီလ သမာဓိ ပညာဆိုတဲ့ မြင့်မြတ်တဲ့ ဓမ္မတွေ ကျင့်သုံးနေသူကို တကယ်တမ်းကြည်ညိုတတ်သူက တစ်သိန်း (၁၀၀,၀၀၀)မှာတစ်ယောက်(၁)ခန့်ဖြစ်ပါတယ်။



ဒီအချက်လေးချက်နဲ့ ပြည့်စုံပြီး အမြတ်နိုးခံ၊ တန်ဖိုးအထားခံ၊ အလေးစားခံ၊ အကြည်ညိုခံနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာကတော့ လောကကြီးမှာ ရှားရှားပါးပါးနေမှာပါ။ ဒါကိုပဲ ဘာသာရေးမျက်စိနဲ့ အကဲမဖြတ်ဘဲ ကြည့်ရိုးကြည့်စဉ် သာမန်နဲ့ အကဲဖြတ်မယ်ဆိုယင်တော့ ရုပ်ဆင်းအင်္ဂါ၊ ထင်ပေါ်ကျော်ကြားမှု၊ ကိုယ်ကျင့်တရားဆိုတဲ့ အချက် သုံးချက်အပေါ်မှာ အခြေခံပြီး တန်ဖို့ထားမှုချင်း ကွဲပြားသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကတော့ အလေးစားခံ အမြတ်နိုးခံ အချစ်ခံ အကြည်ညိုခံရတဲ့ပုဂ္ဂိုလ်ကို မြတ်နိုးတဲ့ ချစ်တဲ့ လေးစားတဲ့ ကြည်ညိုတဲ့ ပုဂ္ဂိုလ်ဘက်က ရှု မြင်ကြည့်ခြင်းပါ။ အဲဒီရဲ့အခြားတစ်ဖက် ပြောင်းပြန်လှည့်ကြည့်ယင် အလေးစားခံ အချစ်ခံ အမြတ်နိုးခံ အကြည်ညိုခံပုဂ္ဂိုလ်ကကော သူ့ ကို မြတ်နိုးသူ ချစ်နေသူ လေးစားနေသူ ကြည်ညိုနေသူကိုပြန်လည်လို့ဘယ်လိုအကဲဖြတ်နေသလဲဆိုတာပါ။



ဒီနေရာမှာ အကဲဖြတ်ရာမှာ မှန်ကန်တဲ့အဖြေကို အနီးစပ်ဆုံးပေးနိုင်တဲ့ အကဲဖြတ်နည်း တစ်နည်းအားဖြင့်တော့-လူကဲခတ်နည်းများကိုပြောကြည့်ချင်ပါတယ်။



တစ်နံပါတ်က လူတစ်ယောက်ရဲ့ သီလရှိမှု မရှိမှု၊ ကိုယ်ကျင့်တရားကောင်း မကောင်းကို အတူတကွ နေကြည့်မှ သိနိုင်ပါတယ်။ အဲဒီလိုသိနိုင်တယ်ဆိုရာမှာလည်း ကြာမြင့်စွာနေကြည့်မှ သိနိုင်မှာပါ။ အချိန်တိုအတွင်း မသိနိုင်ပါဘူး။ ဒါကလည်း စိတ်နှလုံးထဲမှာ ထည့်သွင်းထားမှ သိနိုင်တာပါ။ စိတ်နှလုံးထည့်သွင်းမထားဘူးဆိုယင် မသိနိုင်ပါဘူး။ ဒါတွေ ပြည့်စုံပေမယ့်လည်း ပညာရှိတဲ့ပုဂ္ဂိုလ်ကသာ သိမြင်နိုင်မှာပါ။ပညာမရှိယင်တော့သိမြင်ဖို့ခဲယဉ်းပါလိမ့်မယ်။



နှစ်နံပါတ်က လူတစ်ဦးတစ်ယောက် စင်ကြယ်မှုရှိ မရှိကို နှီးနှောပြောဆိုကြည့်မှ သိနိုင်မှာပါ။ အဲဒီလို နှီးနှော ပြောဆိုကြည့်ရာမှာလည်း ကြာမြင့်စွာ ပြောဆိုကြည့်မှ၊ စိတ်နှလုံးထဲ ထည့်သွင်းထားမှ၊ ပညာရှိသူလည်းဖြစ်မှ သိနိုင်မှာပါ။



သုံးနံပါတ် က လူတစ်ဦးတစ်ယောက် ညဏ်စွမ်းရည် ရှိ မရှိကို ဘေးရန်ကျရောက်လာတဲ့အခါမှ သိနိုင်မှာပါ။အဲဒါ ကလည်း အချိန်တိုအတွင်းမှာ၊ စိတ်ထဲနှလုံးသွင်းမထားယင်၊ ပညာအားနည်းနေမယ်ဆိုယင် မသိနိုင်ပါဘူး။



လေးနံပါတ်က လူတစ်ဦးတစ်ယောက် ပညာ ရှိ မရှိကို ဆွေးနွေးပြောဆိုကြည့်မှ သိနိုင်မှာပါ။ အထက်သုံးခုက ပြောခဲ့သလိုပါပဲ အချိန်အတိုင်းအတာ၊ နှလုံးသွင်းတဲ့စိတ်ထား၊ ပညာ အနိမ့်အမြင့်တွေပေါ်မှာမူတည်ပြီးမှသာ သိမြင်နိုင်အကဲဖြတ်နိုင်မှာပါ။



ဒီစကားလေးချက်ကို ထောက်ဆကြည့်မယ်ဆိုယင် သာမန်လူသားတစ်ယောက်က အလေးစားခံ အမြတ်နိုးခံ အကြည်ညိုခံပုဂ္ဂိုလ်ကို ရွေးချယ်တတ်ဖို့ဆိုတာ တကယ်တော့ ခဲယဉ်းနေဦးမယ် ဆိုတာပါ။ ဒီခဲယဉ်းနေခြင်းကပဲ အကြည်ညိုခံ အလေးစားခံပုဂ္ဂိုလ်တွေအတွက် အခွင့်အရေး အားသာသွားစေတယ်လို့ ဆိုရမှာပါ။



ဒါ့ကြောင့်လည်း လောကမှာ အကိုးကွယ်ခံတွေက နေရာတိုင်းလိုလိုမှာ များပြားနေတာပါ။ ဇာတံ သရဏတော ဘယံ-ဆိုတဲ့ စကားလေးက ကိုးကွယ်ခြင်းကြောင့် ဘေးအန္တရာယ်တွေ ကျရောက်လာတတ်တယ်ဆိုတာပါ။ ဒါကိုပဲ ကိုးကွယ်ခြင်းဆိုတဲ့ ဘာသာရေးဆန်တဲ့ ဝေါဟာရကိုမသုံးဘဲ သာမန်ပြောကြည့်မယ်ဆိုယင်တော့ ကိုယ်က သူ့ ကို အမြတ်တနိုးတန်ဖိုးတွေထားခြင်းကပဲ ရံခါများမှာ ကိုယ့်ဆီကို စိတ်ဆင်းရဲစေတာတွေ သယ်ဆောင်လာတယ် လို့ဆိုနိုင်ပါတယ်။ကိုးကွယ်တယ်ဆိုတာ တကယ်တော့ အမြတ်တနိုးတန်ဖိုးထားခြင်းပါပဲ။



ဒီလိုအမြတ်တနိုးတန်ဖိုးထားကြတယ်ဆိုတာလောကမှာအများသားနေမှာပါ။



ဘာသာရေးအားသန်သူများကတော့ ဗုဒ္ဓ၊ ခရစ်တော်၊ မိုဟာမက်၊ ကွန်ဖြူးသျှပ်တို့လို့ ဘာသာရေးခေါင်းဆောင်တွေကို တန်ဖိုးထားကြမှာပါ။

အတွေးအခေါ်အားသန်သူများကတော့ သူတို့တန်ဖိုးထားတာက အရစ္စတိုတယ်၊ ပလေတို၊ ဘာထရန်ရပ်ဆယ် စသဖြင့် အများသားနေမှာပါ။

အဲသလိုပါပဲ စာပေကိုတန်ဖိုးထားသူများ၊ သိပ္ပံပညာကို မြတ်နိုးသူများ၊ သူတော်စင်ကို စိတ်ဝင်စားသူများ၊ ဂီတကို ခုံမင်သူများ၊ ပရဟိတကို အားကျသူများ၊ ကဗျာကို စွဲလမ်းနေသူများ၊ ချစ်ခြင်းမှာ သာယာပျော်မွေ့ သူများ၊ စစ်ရေး နိုင်ငံရေးတွေမှာ ပျော်ပိုက်နေသူများ၊ ငြိမ်းချမ်းရေး တည်ဆောက်လိုသူများစသဖြင့်သူတို့နှလုံးသားက တောင်းဆိုတဲ့အတိုင်း အမြတ်တနိုးတန်ဖိုးထားနေကြတာပါ။



တန်ဖိုးထားကြပုံချင်း မတူညီကြတာနဲ့အမျှ တန်ဖိုးအထားခံ အမြတ်နိုးခံ ပုဂ္ဂိုလ်တွေကလည်း အမျိုးမျိုး ကွဲပြားနေကြမှာပါ။ ဒါတွေကလဲ တကယ်တော့ အကဲဖြတ်ခြင်းအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတဲ့ အမြတ်တနိုးတန်ဖိုးထားမှုတွေပါ။



ဒီနေရာမှာတော့ ကိုယ်ချစ်ခင်တဲ့အရာတွေဟာချစ်ခင်မှုနဲ့အတူညီမျှနေဖို့၊ကိုယ်တန်ဖိုးထားတဲ့အရာတွေဟာ

တန်ဖိုးထားမှုနဲ့အတူ ထိုက်တန်နေဖို့၊ ကိုယ်မြတ်နိုးတဲ့အရာဟာ မြတ်နိုးမှုနဲ့အတူ တပြေးညီဖြစ်နေဖို့၊ ကိုယ်လေးစားတဲ့ အရာတွေဟာ လေးစားမှုနဲ့အတူ လိုက်လျောညီထွေ ဖြစ်နေဖို့၊ ကိုယ်ကြည်ညိုတဲ့အရာတွေဟာ ကြည်ညိုမှုနဲ့အတူ တန်းတူဖြစ်နေဖို့ လိုအပ်နေမလားလို့ပါ။



ဘာ့ကြောင့်လဲလို့ မေးခဲ့မယ်ဆိုယင်တော့ ကိုယ်ကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာပါ “ပုဂ္ဂိုလ်ခင်မှ တရားမင်”ဆိုတဲ့စကားအတိုင်း ချစ်ခင်သူ၊ တန်ဖိုးထားသူ၊ မြတ်နိုးသူ၊ လေးစားသူ၊ ကြည်ညိုသူရဲ့ စကားတွေ အပြုအမူတွေကို လိုက်ပါဆောင်ရွက်ဖို့ နာခံတတ်တဲ့ အလေ့အကျင့်တွေ ပါနေပြီးသား ဖြစ်နေလို့ပါ။



အကယ်လို့ ကိုယ် အကဲဖြတ်ထားတဲ့သူဟာ ကိုယ်အကဲဖြတ်တဲ့အတိုင်း တန်ဖိုးမြင့်နေပါက ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ဆုံဆည်းမှုပါ။ မိမိအကျိုးကိုလဲ ဆောင်ရွက်ပေးနိုင်မှာပါ။



ဒါပေမယ့် ကိုယ် အကဲဖြတ်ထားတဲ့သူက ကိုယ်မြင့်တင်ထားတဲ့ တန်ဖိုးအတိုင် ထင်သလောက် မဟုတ်ခဲ့ယင် အဲဒီဆုံဆည်းမှုဟာ စိတ်ပင်ပန်းစရာတွေကို သယ်ဆောင်လာနိုင်တဲ့အတွက် ကောင်းသောဆုံဆည်မှုလို့ ပြောဖို့ခက်မှာပါ။မိမိအကျိုးစီးပွါးကိုလည်း ဆောင်ရွက်ပေးဖို့ဖြစ်ကောင်းမှဖြစ်နိုင်မှာပါ။



အဲဒီတော့ ကိုယ်ကသူ့ကို သူကကိုယ့်ကို တစ်ဦးနဲ့တစ်ဦး အကဲဖြတ်ကြရာမှာ တန်ဖိုးကိုတွက်ကြရာမှာ

မြတ်ဘုရားမိန့်ခဲ့သလိုပါပဲ အချိန်လေးတွေပေးဖို့ လိုအပ်သလို နှလုံးသားထဲမှာလဲ နေရာပေးဖို့ လိုအပ်နေမှာပါ။ ညဏ်အမြော်အမြင်လေးတွေနဲ့ ဆင်ခြင်ဖို့ဆိုတာကတော့ မပါမဖြစ်တဲ့ အစိတ်အပိုင်းတစ်ရပ်ပါလို့………

မောင်တင့်ယဉ် ခံစားရေးဖွဲ့သည်။

Ref..:ဓမ္မဂီရိ



by Shwe Aeim Si on Sunday, February 5, 2012 at 5:55pm

No comments:

Post a Comment