အစာရေစာရှားပါးတဲ့ ၁ချိန်တုန်းက အလိုလိုသေဆုံးသွားကြတဲ့ရှင်ဘုရင်ရဲ့ ဆင်တွေ၊မြင်းတွေကိုလူတွေက ဆင်သား၊မြင်းသားဟင်းချက်စားကြပြီး ရဟန်းတော်တွေကိုလည်း လောင်းလှူကြပါတယ်။ ဘုဉ်းပေးတဲ့ရဟန်းတော်တွေကို လူတွေက 'ကိုယ်တော်တွေ ဘာလို့ ဆင်သား၊ မြင်းသား၊ စားကြတာလဲ။ ဆင်တို့၊ မြင်းတို့ဆိုတာ ရှင်ဘုရင်ရဲ့အသုံးအဆောင်တွေ၊ မင်းအင်္ဂါတွေပဲ၊ ရှင်ဘုရင်သာ သိရင် ကိုယ်တော်တွေကို ကျေနပ်မှာမဟုတ်ဘူး' လို့ ကဲ့ရဲ့ ကြတဲ့အတွက် မြတ်စွာဘုရားရှင်က ရဟန်းတော်တွေ ဆင်သား၊မြင်းသား မစားဖို့ ပညက်တော်မူရပြန်ပါတယ်။
လူတွေလောင်းလှူလို့ ခွေးသား၊ မြွေသား ဘုဉ်းပေးကြပြန်တော့လည်း 'စက်ဆုပ်စရာကြီး၊ ရွံစရာကြီး၊ ဘာလို့ ဘုဉ်းပေးကြတာလဲ' လို့ကဲ့ရဲ့ကြပြန်တဲ့အတွက် ခွေးသား၊မြွေသား၊ အစားဖို့ ပညတ်တော်မူရပြန်ပါတယ်။ မြွေသားမစားဖို့ ပညတ်တဲ့နေရာမှာတော့'သုပဿ' ဆိုတဲ့ နဂါးမင်းက 'သဒ္ဒါတရားမရှိတဲ့ နဂါးမျိုး၊ မြွေမျိုးတွေက ရဟန်းတော်တွေကို ဘာမဟုတ်တဲ့ အကြောင်းလေးတွေလောက်နဲ့လည်းညှဉ်းဆဲနှိပ်စက်နိုင်တဲ့အတွက်ရဟန်းတော်များ မြွေသားမစားဖို့ တောင်းပန်းပါတယ်' လို့မြတ်စွာဘုရားရှင်ကို တောင်းပန်လျှောက်ထားခဲ့တာလည်း အကြောင်းတရား၁ခုအဖြစ်ပါဝင်ပါတယ်။
တောမုဆိုးတွေ လောင်းလှူတဲ့ ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ဝက်ဝံသား၊ အောင်းသားတွေကို ဘုဉ်းပေးပြီးတောထဲမှာ သီတင်းသုံးကြပြန်တော့လည်း ခန္ဓာကိုယ်ကထွက်တဲ့ ခြင်္သေ့သားနံ့၊ ကျားသားနံ့၊ ကျားသစ်သားနံ့၊ ဝက်ဝံသားနံ့၊ အောင်းသားနံ့တွေကြောင့် ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေ၊ ဝက်ဝံတွေ၊ အောင်းတွေက ရဟန်းတော်တွေကို အမျိုးမျိုး ညှဉ်းဆဲတိုက်ခိုက် ရန်ပြုကြပြန်တဲ့အတွက် မြတ်စွာဘုရားရှင်က အဲ့ဒီအသားတွေမစားကြဖို့ ရဟန်းတော်တွေကို ပညတ်ချက်ထုတ်ပြန်တော်မူရပြန်ပါတယ်။
အာပတ်အပြစ်အနေနဲ့ကတော့ လူသားစားရင် ထုလ္လစ္စည်းအာပတ်၊ ကျန်အသားကိုးမျိုးစားရင် ဒုက္ကဋ်အာပတ် သင့်ပါတယ်။ ဒီ၁၀မျိုးကို အသားသာ မစားကောင်းတာ မဟုတ်ပါဘူးအရိုး၊ အရေ၊ အသား၊ အသွေး၊ အမွေး ဘာကိုမှမသုံးကောင်းပါဘူး။ သုံးရင်အာပတ်သင့်ပါတယ်။
အသားကြီး ၁၀မျိုးကလွဲရင် ဘယ်အသားငါးကိုမဆို ရဟန်းတော်များဘုဉ်းပေးကောင်းပါတယ်။ ဘာအာပတ်မှမသင့်ပါဘူး။ ဘာအကုသိုလ်မှမဖြစ်ပါဘူး။ လောကီ၊ လောကုတ္တရာဘယ်လို ကောင်းကျိုးမျိုးကိုမှ မတားမြစ်နိုင်ပါဘူး။
အရှင်ဆန္ဒာဓိက (နို့နှစ်လုံးဖိုးလုံးကျေပါတယ်) pg 89~91
Credit to: Fate Nyx (Thanks a lot for sharing knowledge, sis)
No comments:
Post a Comment