Tuesday, February 7, 2012

“မိနု…. သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ် ” ရဝေနွယ်(အင်းမ)

(ဆရာတော်ဦးဗုဓ်)

ကုန်းဘောင်ခေတ် မြန်မာ့သမိုင်းမှာ ထူးခြားတဲ့ မြေးအဘွား၊ သားအမိ၊ မိဖုရားကြီးသုံးဦးပေါ်ထွန်းခဲ့ပါတယ်။ ထူးခြားတယ်ဆိုတာကတော့ သူတို့သုံးဦးဟာ သူစိမ်းတွေမဟုတ်တာရယ်၊ သူတို့သုံးဦးစလုံး မိဖုရားဖြစ်ခွင့်ရတာရယ်၊ နိုင်ငံရေးကို သူတို့ရဲ့ဘုရင်တွေကို ကျော်လွန်ပြီး စီမံခန့်ခွဲ တာရယ်ကြောင့်ပါ။ သူတို့သုံးဦးကတော့၊ အားလုံးသိကြတဲံအတိုင်း (၁) နန်းမတော်မယ်နု၊ (၂) (နန်းမတော်မယ်နုရဲ့သမီး) ဆင်ဖြူမရှင်၊ (ဆင်ဖြူရှင်ရဲ့သမီး) စုဖုရားလတ်တို့ပါ။ သူတို့သုံးဦးဟာ နိုင်ငံရေးရှုထောင့်ကကြည့်ရင် သမိုင်းသိပ်မလှခဲ့ပါဘူး။ ဒါပေမယ့် ဘာသာရေးရှုထောင့်က ကြည့်လိုက်တော့ တော်တော်လေးထူးခြားနေတာကို တွေ့ရပြန်ပါတယ်။

နန်းမတော် မယ်နုက အင်းဝမှာ ဆရာတော်ဦးဗုဓ်ကို မယ်နုအုတ်ကျောင်းတော်ကြီးဆိုပြီး လှူဒါန်းပေးခဲ့ပါတယ်။ ဆင်ဖြူမရှင်က မန္တလေးမြို့ အရှေ့ပြင်ဘက်မှာ ၁၅ ၀ါသာ ၀ိသုဒ္ဓ့ါရုံဆရာတော်ကို ၀ိသုဒ္ဓါရုံကျောင်းတိုက်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ စုဖုရားလတ်က မန္တလေးမြို့မှာပဲ ၂၅ ၀ါရှိတဲ့ ဆရာတော်ဦးအာလောကကို မြတောင်ကျောင်းတိုက်ကြီးကို ဆောက်လုပ်ပြီး လှူဒါန်းခဲ့ပါတယ်။ ဒါတွေဟာ သာသနာ့ သမိုင်းမှာ ဘယ်လိုမှ ချန်လှပ်ထားလို့မရတဲ့ သာဓကပြယုဂ်ကြီးတွေပါ။ ဒါတွေက ကြုံကြိုက်တိုက်ဆိုင်လာလို့ ထူးခြားမှုပြယုဂ်တစ်ခုအနေနဲ့ ပြောပြတာပါ။ အဓိက ပြောချင်တာကတော့ နန်းမတော်မယ်နုအကြောင်းပါ။

နန်းမတော်မယ်နုဟာ သူရေချိုးနေတုန်း သူထမီစွန်ချီပြီး ထမီနန်းတော်ထဲကျရာကနေ အိမ်ရှေ့မင်းသားက ထူးခြားတဲ့ အမျိုးသမီးပဲဆိုပြီး တော်ကောက်ရာက မိဖုရားဖြစ်လာရသူပါ။ အိမ်ရှေ့မင်းသား နန်းမတော်မယ်နုကို မိဖုရားမြှောက်တာ အားလုံးက သဘောမတူကြပါဘူး။ လူမှာအမျိုး ကြက်မှာအရိုး ဆိုပြီး ၀ိုင်းကန့်ကွက်ကြပါတယ်။ ဒီစကားကြားတော့ နန်းမတော်မယ်နုက သူ့အိမ်ရှေ့မင်းသားကို ဘယ်လိုပြန်ပြောသလဲဆိုတော့ လူမှာအချစ်၊ ကြက်မှာအမြစ်တဲ့။ အချစ်သာအဓိကတဲ့။ အိမ်ရှေ့မင်းသား သဘောခွေ့စေတဲ့ စကားတစ်ခွန်းပါ။ နန်းမတော်မယ်နု မိဖုရားဖြစ်ချိန် တစ်လျှောက်လုံးနီးပါး နိုင်ငံရေးဟာ လုံးဝမတည်ငြိမ်ခဲ့ပါဘူး။ နန်းမတော်မယ်နု မိဖုရားဘ၀မှာပဲ (၁၈၈၅-၈၆) ခုနှစ်မှာပဲ အဂ်လိပ်- မြန်မာ စစ်ဖြစ်ကြပါတယ်။ မြ၀တီမင်းကြီး ဦးစနဲ့ မဟာဗန္ဓုလတို့ ရခိုင်ပြည်ဘက် စစ်ထွက်တိုက်ခိုက်ခဲ့ကြပါတယ်။

နောက် အဂ်လိပ်က ရန်ကုန်ဘက်က ပြည်လှည့်ဝင်လာတာကြောင့် ရန်ကုန်ပြန်ဆင်းပြီး ခုခံရသလို ဓနုဖြူတိုက်ပွဲမှာတော့ မဟာဗန္ဓုလ ကျရှုံးခဲ့ရပါတယ်။ ဒီထက်ဆုံးရှုံးတာကတော့ အဂ်လိပ်ကို ရခိုင်နဲ့ တနင်္သာရီကို ပေးခဲ့ရပါတယ်။ ဒါတင်မကပါဘူး။ စစ်လျှော်ကြေးငွေ တစ်ကုဋေကိုလည်း အဂ်လိပ်ကို ပေးလိုက်ရပါတယ်။ အဲဒီစစ်လျော်ကြေးငွေ တစ်ကုဋေကိုတောင် မြန်မာအစိုးရက မပေးနိုင်လို့ နန်းမတော်မယ်နုက စိုက်ပြီးပေးခဲ့ရတာပါ။

အဲဒီအချိန်မှာ နန်းမတော်မယ်နုအတွက် နိုင်ငံရေးမတည်ငြိမ်မှုဟာ ပြည်ပနဲ့သာရင်ဆိုင်နေရတာမဟုတ်ပါဘူး။ ပြည်တွင်းမှာရှိတဲ့သူတွေနဲ့ပါ ရင်ဆိုင်နေရပါပြီ။ သူအဓိကထားရင်ဆိုင်နေရတဲ့သူကတော့ အခြားသူမဟုတ်ပါဘူး။ ဘကြီးတော်မင်းတရားလို့ခေါ်တဲ့ စစ်ကိုင်းမင်းရဲ့ ညီလည်းဖြစ်၊ သူရဲ့မတ်တော်လည်းဖြစ်တဲ့ သာယာဝတီမင်းသားပါ။ နောက်ဆုံးမတည်မြဲလှတဲ့ သင်္ခါရသဘောအတိုင်း စစ်ကိုင်းမင်းက ထီးနန်းဆင်ပေးပြီး သာသာဝတီမင်းသားကို နန်းတင်ပေးလိုက်ရပါတယ်။ စစ်ကိုင်းမင်းနန်းကျပြီဆိုတော့ နန်းမတော်မယ်နုလည်း အကျယ်ချုပ်နဲ့ နေနေရပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးထုံးစံအတိုင်း မတ္တရာဘက် ဆူပူထကြွမှုမှာ နန်းမတော်မယ်နု ပယောဂပါတယ်ဆိုပြီး သာယာဝတီမင်းက ရေမှာချပြီး အဆုံးစီရင်ဖို့ အမိန့်ချလိုက်ပါတယ်။ နန်းမတော်မယ်နုက သူရဲ့နောက်ဆုံးချိန်ကို ကြိုတက်တွက်ဆထားလို့လား မပြောတတ်ပါဘူး။ မြို့ဝန်နဲ့ အာဏာပါးကွက်သားတွေ သူ့ဆီရောက်လာတဲ့အချိန်မှာ သိပ်ပြီးတုန်တုန်လှုပ်လှုပ်မရှိခဲ့ပါဘူလို့ ဆိုပါတယ်။ အဲဒီလိုနဲ့ ရောက်လာတဲ့ အာဏာပါးကွက်သားတွေကို နန်းမတော်မယ်နုက အခွင့်အရေးတစ်ခုတောင်းဆို လိုက်ပါတယ်။ ဘယ်လိုတောင်းသလဲဆိုတော့

” ငါဟာ ဒီဘ၀မှာ မြင့်မြတ်တဲ့အခြေအနေကို ရောက်ခဲ့လို့ အလိုရှိသမျှ စည်းစိမ်းချမ်းသာတို့ကို ခံစားခဲ့ရပါပြီ။ များမြတ်တဲ့ ကုသိုလ်ကောင်းမှု တို့ကိုလည်း ကြိုးစားအားထုတ်ခဲ့ရပါပြီ။ ဒီအတွက် သေရမှာကို တွေးတွေးဆဆ ပူပန်လို့ ငါမကြောက်လှ၊ ဒါပေမယ့် ငါရိုသေလေးမြတ် ကိုးကွယ်ဆည်းကပ်တဲ့ ဆရာတော်ဦးဗုဓ်ကို နောက်ဆုံးဖူးမြော်လိုပါတယ်။ ဒီအတွက် မင်္ဂလာဘုံကျော် ညောင်ကန်တိုက်ကို ငါသွားလိုတယ်၊ ခွင့်ပြုနိုင်မလား လို့မေးပါတယ်။ အဲဒီတော့ မြို့ဝန်ရဲ့ အာဏာပါးကွက်သားတွေကလည်း ရှေးရှေးက ကျေးဇူးတရားတွေကို ထောက်ထားပြီး နန်းမတော်မယ်နုသွားလိုရာ ဆရာတော်ဦးဗုဓ်ဆီကို ပို့ပေးကြပါတယ်။

နန်းမတော်မယ်နု ဆရာတော်ဆီရောက်သွားတဲံအချိန်မှာ ဆရာတော်က မြင်တွေ့နေကြအတိုင်း စာကြည့်နေပါတယ်။ ဒါပေမယ့် အရင်လိုစောင့်ဆိုင်း နေဖို့ အခြေအနေမပေးတော့ပါဘူး။ ဒါကြောင့် ရောက်ရောက်ချင်းပဲ ဆရာတော်ကို ဦးချပြီး

” ဆရာတော်ဘုရား ယခုအခါ သာယာဝတီမင်းရဲ့ ဘုန်းတန်ခိုးလွှမ်းမိုးလာလို့ သူရဲ့အာဏာစက်နဲ့ တပည့်တော်မ အဆုံးစီရင်ခြင်းခံရပါတော့မယ်ဘုရား၊ ဒီနေ့ဟာ ဆရာတော်ဘုရားကို နောက်ဆုံးဖူးမြော်ကန်တော့ခြင်းဖြစ်ပါတယ်ဘုရား၊ လို့ ၀မ်းနည်းသံတစ်ဝက်နဲ့ လျှောက်ထားပါတယ်။ ဆရာတော် ဦးဗုဓ်က ” မိနု.. သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်” လို့ အမိန့်ရှိလိုက်ပါတယ်။ ဆရာတော့်စကားသံကို ကြားလိုက်ရတော့ နန်းမတော်မယ်နုမျက်နှာ ချက်ချင်းဆိုသလိုပဲ ၀င်းပသွားပါတယ်။ ပြီးတော့ ၀င်းပတဲ့မျက်နှာနဲ့ပဲ ဆရာတော်ကို ဦးသုံးကြိမ်ချ၊ ကျောင်းပေါ်ကဆင်း၊ ကျောင်းအောင်ရောက်တာနဲ့ ။

တော်ပြီ တော်ပြီ ငါသေပျော်ပြီ၊ ငါသေ၀ံ့ပြီ၊ ငါသေရဲပြီ၊ ဆရာတော်ဘုရားကို နှစ်ပေါင်းများစွာ ကိုးကွယ်ဆည်းကပ် လာခဲ့တာ ဘယ်အခါမှ ငါ့နာမည်ကိုခေါ်ပြီး စကားလည်းမပြောဘူးဘူး၊ တရားလည်းမဟောဖူးပါဘူး၊ စာကြည့်ရာကနေ ငါရှိရာဘက်ကို မျက်နှာလည့်ပြီး ဒီလိုကြားဖူးတာလည်း မရှိ၊ ဒီနေ့မှပဲ ငါရှိရာဘက်ကို မျက်နှာလှည့်လို့ ငါနာမည်ကိုခေါ်ပြီး တရားဟောလိုက်တာ ” မိနု သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်တဲ့” တော်ပြီ တော်ပြီ ငါသေလမ်းဖြောင့်ပြီ၊ ငါ့ကို ဆရာတော် သေစရိတ်ပေးလိုက်ပြီ” လို့ ထပ်တလဲလဲပြောဆိုပြီး ၀မ်းမြောက်ဝမ်းသာစွာနဲ့ အာဏာပါးကွက်သားတွေ ခေါ်ရာကို မျက်နှာမညှိုးဘဲ လိုက်သွားပါတော့တယ်။

တကယ်တော့ နန်းမတော်မယ်နုဟာ ဆရာတော့်ဆီက စကားတစ်ခွန်းလောက်ကြားရဖို့ ကာလကြာကြာအထိ စောင့်နေသူပါ။ တကယ်တမ်းကြားမယ့် ကြားတော့လည်း ဘ၀ရဲ့နောက်ဆုံးအချိန်မှာပါ။ ဘာပဲပြောပြော ဆရာတော်ကတော့ တကယ့်အသေရောဂါနဲ့ မွန်းကျပ်နေချိန်မှာ နန်းမတော်မယ်နု အတွက် သေရဲတဲ့သတ္တိဆေးကို ချီးမြှင့်လိုက်တာပါပဲ။

ကျမ်းကိုး

(၁) ဆရာတော်ဦးဗုဓ် နှစ် (၂၀၀) ပြည့် အထိမ်းအမှတ်စာပေများ

ဆရာတော်ဦးသုဒဿန၊မာဂဓီ(သာစည်)မာဃ။

(၂) မြတောင်သာသနာ နှစ်တစ်ရာသမိုင်း၊ ရာဇ၀င်တွင် ထင်ရှားသော ကျောင်းအမကြီးသုံးဦး (ရဝေထွန်း)

သူရဇ္ဇ ဇူလိုင်၊ ၂၀၀၁


Shared from Ma Sai Mon

No comments:

Post a Comment