Monday, February 27, 2012

အပြောမှန်ကြရဲ့လား

ရေးသူ- ဇော်ဝင်းကို

၁၉၇၅ ခုနှစ်၊ ပေါင်းလောင်းမြစ်ကမ်းဘေး......။
ထိုင်နေတဲ့ လူစုကတော့ ကျွန်တော်ရယ်၊ ကိုသင်းခိုင်ရယ်၊ ဇော် (ပျဉ်းမနား)ရယ်၊ ကိုဟိန်းလတ်ရယ်၊ ကိုဝင်းမောင်ထိုက်ရယ်၊ ကိုကျော်မင်းဟန်ရယ်၊ ပြီးတော့..... ဆရာဒဂုန်တာရာနဲ့ ဦးလေးဦးတင်အောင်........။
ဆရာဗန်းမော်တင်အောင်ကို 'ဦးလေးဦးတင်အောင်' လို့ပဲ ကျွန်တော်ခေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ကို၊ 'ဦးလေး' လို့ပဲ ကျွန်တော်တို့ လူငယ်တွေက ခေါ်ခဲ့ကြတာကိုး။ နောက်တော့လဲ ဆရာဒဂုန်တာရာကိုပါ 'ဦးလေး' လို့ ကျွန်တော် ခေါ်ဖြစ်တော့တယ်။
လူငယ်တွေ (အဲဒီတုန်းကတော့ လူငယ်တွေပေါ့) ဘက်က အဲဒီအချိန်မှာ စကား ဆက်တိုက်ပြောနေသူက ကျွန်တော်....။
ကျွန်တော် ဦးတည်ပြောနေသူကတော့ ဦးလေးဦးတင်အောင်.......။

ဒါပေမယ့် တူတယောက်က ဦးလေးတယောက်ကို လေးစားစွာ ပြောနေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ အသည်းအမည်းကြီးကြီး၊ အညှိုးတကြီး စကားလုံးတွေနဲ့ ပစ်ပေါက်နေခဲ့တာ။
ကျွန်တော်ပြောနေတာကတော့ အဲဒီကာလအတွင်းကထွက်ခဲ့တဲ့ ဦးလေး ဦးတင်အောင်ရဲ့ 'မြစ်ဧရာပေါ်ဝယ်' နဲ့ ပါတ်သက်လို့ပါ။ အဲဒီစာအုပ်ထဲမှာ ဦးလေးက 'ဓနရှင်လောက' စာအုပ်ရေးသူနဲ့ ပတ်သက်လို့ ကောက်ချက်တခုချမိတယ်။ ဒါကို ကျွန်တော်က သဘောမတူဘူး။ ကျွန်တော့်ဘက်က ထောက်ခံတဲ့ သမိုင်းအချက်အလက်တခုကိုလဲ ကျွန်တော်ရထားတယ်။ အဲဒီအချက်နဲ့ နွယ်ပြီး 'မြစ်ဧရာပေါ်ဝယ်' ကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ အချက်အလက်ကတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲဒီအချက်အလက်နဲ့ တခြားအချက်အလက် အချို့ပေါ် အခြေခံပြီး ဦးလေးဦးတင်အောင်အပေါ် ကျွန်တော်ဆွဲပြလိုက်တဲ့ ကောက်ချက် ကတော့ (ခုပြန်တွေးရင်) ကြောက်စရာကောင်းလောက်အောင် ပြင်းထန်နေခဲ့တယ်။ ကျွန်တော့် စကားလုံးတွေကလဲ ရုပ်ဝတ္ထုများသာ ဖြစ်ခဲ့ရင် တဖက်သား အပိုင်းပိုင်း ပြတ်သွားလောက် အောင် စူးရှခဲ့တယ်။ ကြားဇာတ်ဆောင်သဘောတရား....၊ ဓနရှင်ပေါက်စ ကျောရိုးမဲ့မှု...၊ လစ်ဘရယ်ဒီမိုကရက်...၊ ပန်းခင်းကို မြင်းစီးပြီးကြည့်...။ အို... အဲဒီအချိန်က အရင့်သီးတကာ့ အရင့်အသီးဆုံး ဆဲရေးစကားတွေနဲ့ ကျွန်တော် တလုံးပြီးတလုံး ပစ်ပေါက်....။
ဦးလေးဦးတင်အောင်ဟာ ခေါင်းကို စိုက်ထားတယ်။ ကျွန်တော့်စကားလုံးတွေ ရင့်သီးသထက်ရင့်သီးလာတာနဲ့အမျှ ဦးလေးရဲ့ ခါးဟာ ပိုမိုပြီး ကိုင်းကျလာတယ်။ နောက် ပုခုံးနှစ်ဖက်ဟာ သိမ့်ခနဲ့ သိမ့်ခနဲ.....။ ဟော- ဦးလေး ငိုနေပြီ။ မျက်လုံးမှာ မျက်ရည်တစမှ မတွေ့ရပေမယ့် ရင်ထဲက ငိုနေပြီ။

(၁)

ဦးလေးနဲ့ နှစ်ပေါင်းများစွာ ဘေးချင်းယှဉ်အိပ်ခဲ့၊ မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေး ငြင်းခုန်ခဲ့၊ လက်ချင်းတွဲလို့ မရဏတရားကို ရင်ဆိုင်ခဲ့ဖူးတာပဲ။ ကိုယ့်ဦးလေး ဘာဖြစ်နေပြီဆိုတာ ကိုယ်သိတာပေါ့။ ဒါပေမယ့် ကျွန်တော့်စကားကို ရပ်မပစ်ဘူး။ ကျွန်တော့် စကားလုံးတွေဟာ ကျွန်တော်တို့ နှစ်ယောက်လုံး ကြုံခဲ့ဖူးတဲ့ လှိုင်းလုံးတွေလို တ၀ုန်းဝုန်း။ နောက်ဆုံး ကျွန်တော် လက်ညှိုးငေါက်ငေါက်ထိုးပြီး ဦးလေးကို ပြောလိုက်တယ်။
"ဦးလေးမှာ အဲဒီလို ရေးဖို့၊ အဲဒီလို ဝေဖန်သုံးသပ်ဖို့ အရေးမရှိဘူး" လို့။
ဦးလေးရဲ့ခါးဟာ ဆတ်ခနဲမတ်လာတယ်။ ပြီးတော့ ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်ဝေနေပေမယ့် ထူးခြားတဲ့ အလင်းရောင်တခုနဲ့ ရွှန်းတောက်နေရဲ့.....။
ဦးလေးက သူ့အံကပ်ကို ချွတ်လိုက်တယ်။ ကျွန်တော်တို့ကို ပြတယ်။ ကြိုးပြာ ပေါ်ပလင် လက်ရှည်အင်္ကျီရဲ့ လက်တွေကို ပင့်ပြီး အရိုးရိုးပြိုင်းပြိုင်းကျနေတဲ့ သူ့လက်အစုံကို ပြတယ်။ အင်္ကျီရင်ဘတ်ကို လှပ်ပြတယ်။ ....ပြတယ်။ ....ပြတယ်။ ....ပြတယ်။ ပြီးတော့မှ သွားတွေကြိုးကြဲက လေထွက်နေပေမယ့် အင်မတန်ပီပြင်တဲ့ အသံနဲ့ ပြောလိုက်တယ်။ (ဒေါသသံတော့ လုံးဝ မပါဘူး။ ဒါပေမယ့် အင်မတန်လေးနက်သလောက် ဆွေးမြေ့တဲ့ အသံ နဲ့.....။)
"ကိုဇော် သိပါတယ်ဗျာ၊ ကျွန်တော် ဘာအတွက် ဘယ်လောက်လုပ်ကိုင်ခဲ့တယ်၊ ဘာတွေ ရင်ဆိုင်ခဲ့ရတယ်၊ ဘာတွေကို စွန့်လွှတ်ခဲ့ရတယ်ဆိုတာ ကိုဇော်အသိဆုံးပါ။ ကျွန်တော် စွန့်လွှတ်ခဲ့တဲ့ ဒီအသွေးအသား၊ ကျွန်တော်ဆုံးရှုံးခဲ့တဲ့ ဒီခွန်အား၊ ကျွန်တော်ပေးဆပ် ခဲ့ရတဲ့ ဒီဘ၀ အစိတ်အပိုင်းတွေကို ထောက်ထားပြီး ဒီလောက်မှ ပြောဖို့အခွင့်အရေး ကျွန်တော့်ကို မပေးနိုင်တော့ဘူးလား......" တဲ့။
တခြားလူတွေ အားလုံး ငြိမ်ကြည့်နေကြတယ်။ သူတို့ အားလုံးရဲ့ မျက်ရည်တွေဟာ ဦးလေးကို လေးစားစွာ၊ ပြီးတော့ ၀မ်းနည်းစွာ။ ပေါင်းလောင်းမြစ်ရေစီးသံ တရှဲရှဲအကြားမှာ ကျွန်တော့ ဘေးကလူတွေရဲ့ ပင့်သက်ချသံကို ကျွန်တော်ကြားနေရတယ်။
ကျွန်တော်ဆက်မပြောတော့ပါဘူး။ ဒါပေမယ့် အံတချက်ကြိတ်ပြီး စိတ်ထဲက ဦးလေးကို ပြန်ပြောလိုက်တယ်။ 'ကျွန်တော်အမှန်ကို ပြောတာဘဲလေ' လို့။

(၂)

၁၉၇၈ ခုနှစ်၊ ဆိတ်ဖလူးနံ့သင်းတဲ့ အခန်းလေးတခုအတွင်းမှာ...။
ကျွန်တော် ရုတ်တရက် လန့်နိုးလာတယ်။ ဒီဇင်ဘာလရဲ့ အအေးရှိန်ထဲမှာပေမယ့် ကျွန်တော့်တကိုယ်လုံး ချွေးတွေရွှဲလို့။ အပြင်မှာတော့ ပေတံတွေ တချောင်းပြီးတချောင်း ကျိုးသံကြားရဲ့။ အရှေ့အရပ်က တခုခုပြိုလဲကျသံ။ နောက်- အနောက်ဘက် လေဟုန်ပြင်းပြင်း တိုက်ခတ်စ ပြုနေတာကိုလဲ အသံအရရော...........................
ကျွန်တော် ရုတ်တရက် ထထိုင်လိုက်တယ်။ ပြီးတော့ အော်ခေါ်လိုက်တယ်။
"ဦးလေး....ဦးလေးဦးတင်အောင်" လို့။
ပေါင်းလောင်းမြစ်တနေရာမှာ ကျွန်တော်အမှားကြီးတခုကို ကျူးလွန်ခဲ့မိပြီ။ ပြန်လည် ရုတ်သိမ်းလို့ မရနိုင်တဲ့ နှုတ်လွန်မှုကြီးကို ကျွန်တော်ကျူးလွန်ခဲ့မိပြီ။ အချက်အလက် အမှန် တချို့တလေအပေါ် အခြေခံပြီး ကောက်ချက်အမှားကြီးတွေကို ကျွန်တော်ဆွဲခဲ့မိပြီ။ ဦးလေးရေ.... ကျွန်တော့်ကို ခွင့်လွှတ်ပါ။
အလွန်ကြမ်းတမ်းတဲ့ ဘ၀ထဲကို အလွန် အသက်ငယ်စွာ ရောက်ရှိခဲ့တဲ့ ကျွန်တော့်ကို ဦးလေးတို့ ၀ိုင်းပြီး ဖေးမကူညီခဲ့ကြတယ်။ လမ်းကြောင်းတည့်မတ်ပေးခဲ့ကြတယ်။ ၀မ်းစာ ဖြည့်တင်းပေးခဲ့ကြတယ်။ နေရာတကာမှာလဲ 'အဲဒီတုန်းက ကျွန်တော်တို့အထဲမှာတော့ သူက အငယ်ဆုံးလေ' ဆိုပြီး ရှေ့တန်းတင် ပေးခဲ့ကြတယ်။ ဦးလေးကို ပြန်ခြောက်ခဲ့ပြီ။
စကားတတ်စ ကလေးငယ်က သူတတ်လာတဲ့ အဆဲစကားနဲ့ ဆဲပြတာကို မနာနိုင်ကြဘဲ 'ဟယ်.... ဒီလူကလေး ဆဲတောင် ဆဲတတ်နေပြီဟဲ့' လို့ ချစ်စိတ်ကို အရင်းခံပြီး ခွင့်လွှတ်ခဲ့တဲ့ လူကြီးမိဘတွေလို အတူနေရစဉ် ဘ၀ကြမ်းက (စကားလုံးအကြီးကြီးတွေနဲ့) ကျွန်တော် သင်ဆဲ ဆဲခဲ့တာမှန်သမျှ မနာနိုင်ကြတာကို အခွင့်ကောင်းယူပြီး လူပုံအလယ်မှာ ဦးလေးကို ကျွန်တော် စော်ကားမိခဲ့ပြီ။ အကျင့်စာရိတ္တအရ မနှိုင်းယှဉ်သာအောင် ဖြူစင် သန့်ရှင်းတဲ့၊ ရိုးသားမှုမှာ စံနမူနာဖြစ်တဲ့၊ ဆင်းရဲပင်ပန်းခံရာ စွန့်လွှတ်ရာမှာ သူမတူတဲ့၊ ပြီးတော့ ယုံကြည်ရာကို တည်ငြိမ်စွာ စူးတစိုက် ရှိခဲ့တဲ့ ဦးလေးကို ကျွန်တော်က..... ကျွန်တော်လို ကောင်က လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်ရှုတ်ချမိခဲ့ပြီ။
ကျွန်တော် ကျွန်တော်ယုံကြည်ရာမှန်သမျှကို တိုင်တည်ပြီး အလေးအနက် ဆုံးဖြတ် လိုက်မိတယ်။
"ဦးလေးနဲ့ ပြန်တွေ့တွေ့ချင်း ဦးလေးကို ငါတောင်းပန်မယ်" လို့။
ဒါပေမယ့် အဲဒီအချိန်မှာပဲ ဦးလေးမရှိတော့ပြီဆိုတာ၊ ဦးလေးကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူးဆိုတာ၊ ဦးလေးကို ဘယ်တော့မှ တောင်းပန်လို့ မရနိုင်တော့ဘူးဆိုတာ အဲဒီတုန်းက ကျွန်တော် မသိခဲ့ပါဘူး။

(၃)

ဆရာဗန်းမော်တင်အောင်ကို ကျွန်တော် ဝေဖန်ခဲ့ရာမှ အချက်အလက်အချို့တော့ မှန်ပါရဲ့၊ ဒါပေမယ့် အောက်ပါနည်းနာဆိုင်ရာ အမှားတွေကို ကျူးလွန်မိတယ်လို့ ကျွန်တော် ပြန်သုံးသပ်မိပါတယ်။

၁။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ 'အကျကောက်ဝေဖန်ရေး' သာဖြစ်ခဲ့တယ်။
လူတယောက်ကို ဝေဖန်တော့မယ်ဆိုရင် အဓိကနဲ့သာမည ကို ခွဲခြားဖို့ လိုပါတယ်။ အသေးအဖွဲ အမှားလေးတွေကို မှန်ဘီလူးနဲ့ ပြူးပြဲရှာပြီး အဲဒီလက်ရာတခုလုံးရဲ့ သာလွန် ကောင်းမွန်ချက်တွေကို မျက်ကွယ်ပြုပစ်တာ၊ အသေးအဖွဲ အမှားကလေးတွေကို ပုံကြီးချဲ့ပြီး၊ အားကောင်းချက်များကို ဖုံးကွယ်သွားစေတာဟာ 'အကျကောက်ဝေဖန်ရေး' လို့ အမည်ပေးရ မယ် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့လဲ ဆရာဗန်းမော်တင်အောင်ရဲ့ 'မြစ်ဧရာပေါ်ဝယ်' ကို ဝေဖန်ရာမှာ အဲဒီဝတ္ထုထဲက အသေးစိတ် အချက်အလက် တခုနှစ်ခုကို အကျကောက်ပြီး သူ့ဝတ္ထုရဲ့ ဦးတည်ချက်၊ သူ့ဝတ္ထုရဲ့ ၀ိဥာဉ်၊ သူ့ဝတ္ထုရဲ့ အားကောင်းချက်တွေကို ဖုံးလွှမ်းပစ်မိ ခဲ့တယ်။

၂။ ကျွန်တော့်ရဲ့ ဝေဖန်ရေးဟာ 'အဆောတလျင် ယေဘူယျပြုခြင်း' အမှားကို ကျူးလွန်ခဲ့တယ်။
ဝေဖန်ရေးဟာ ဆင်ခြင်စဉ်းစားမှု၊ ခွဲခြမ်းစိတ်ဖြာမှုပေါ်မှာ အခြေပြုတာပါ။ ဒါကြောင့် ဝေဖန်ရေး လုပ်တော့မယ်ဆိုရင် ယုတ္တိဗေဒနည်းကျ ဆင်ခြင်စဉ်းစားမှု ရှိဖို့လိုပါတယ်။ ယုတ္တိဗေဒမှာ 'အဆောတလျင် ယေဘူယျပြုခြင်း' (Hasty Generalization) ဆိုတဲ့ ဆင်ခြင်ပုံ အမှားတမျိုး ရှိတယ်။ ခြုံယူဆင်ခြင်မှုစနစ်နဲ့ ဆင်ခြင်ရာမှာ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်စုံသထက် ပြည့်စုံအောင်မစုဆောင်းဘဲ၊ ရရာအချက်အလက်တချို့ အပေါ် အခြေပြုပြီး အမြန်အဆန် ကောက်ချက်ဆွဲလိုက်တဲ့ အမှားမျိုးပါ။ ကျွန်တော့်အနေနဲ့လဲ ဆရာဗန်းမော်တင်အောင်ရဲ့ တခြား ပြုစုပြီး စာပေတွေ၊ သူ့ဖြတ်သန်းမှု အစဉ်အလာတွေ၊ သူ့ရဲ့ အထင်အရှားဖြစ်တဲ့ သဘောတွေကို ထည့်သွင်းမစဉ်းစားမိခဲ့ဘူး။ အချက်အလက်တွေကို ပြည့်စုံသထက် ပြည့်စုံအောင် မစုဆောင်းမိခဲ့ဘူး။

၃။ ကျွန်တော်ရဲ့ဝေဖန်ရေးဟာ 'ဆန္ဒစွဲကျတဲ့ ဝေဖန်ရေး' ဖြစ်ခဲ့တယ်။
ကောက်ချက်ကို အရင်ဆွဲပြီးမှ အဲဒီကောက်ချက်ကို ထောက်ခံဖို့ အချက်အလက်တွေ ရှာတာဟာ ဆန္ဒစွဲကျတဲ့စဉ်းစားမှု ( Subjective thinking) ပါ။ ဝေဖန်ရေးမှာလဲ 'ဒီလူ၊ ဒီစာရေးဆရာဟာဖြင့် ဒီလိုမျိုး ဖြစ်တယ်။ ဒါကြောင့် သူ့မှာတော့ ဒီလိုအမှားမျိုး ရှိမှာပဲ' လို့ ကြိုတင် ဆုံးဖြတ်ထားမိတာမျိုး ရှိတတ်တယ်။ အဲဒါ ဆန္ဒစွဲကျတဲ့ ဝေဖန်ရေးပါ။ ကျွန်တော့်အနေနဲ့လဲ (အဲဒီအချိန်က ဆရာဗန်းမော်တင်အောင်ကို အားမလိုအားမရနဲ့ ကြိုတင်သတ်မှတ်ချက်တွေ ရှိနေခဲ့တယ်။ အဲဒီ ကြိုတင်သတ်မှတ်ထားချက်အရ အဲဒီကြိုတင် သတ်မှတ်ထားချက်ကို အထောက်အကူပြုမဲ့ အချက်အလက်တွေကိုသာ လိုက်ရှာနေမိတယ်။ အမှားတွေ့တယ် ထင်လိုက်တာနဲ့ အဲဒီအချက်အလက်အပေါ်မှာ အခြေပြုသလို ပုံဖမ်းပြီး မူလကောက်ချက်ကို ချပြလိုက်တာပါဘဲ။

၎။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ 'အတ္တဗဟိုပြုဝေဖန်ရေး' သာဖြစ်ခဲ့တယ်။
အဲဒီအချိန်က ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို သိပ်မှန်၊ သိပ်ဟုတ်၊ သိပ်ပြတ်သားတယ် လို့ ထင်နေခဲ့တယ်။ တခြားသူတွေကိုလဲ.... လူတယောက်မှားတယ်လို့ ထင်ရင်လဲ 'မှားရကောင်းလား၊ ငါ့လောက်မှ မမြင်ရကောင်းလား' လို့ ဒေါသ ထွက်မိပြန်ရော။ ပြီးတော့ 'အကြောင်းပြလိုက်မယ်' ဆိုတဲ့ စိတ်တွေ ကဲနေတာကြောင့် 'နည်းနည်း မမှားလိုက်နဲ့၊ ငါနဲ့တွေ့သွားမယ်' ဆိုတဲ့ မာန်မာနတွေ ကဲနေမိခဲ့တယ်။ ဒီလို အတ္တဗဟိုပြုစိတ်နဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ ၀တ္ထုကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ တကယ်တော့ ကျွန်တော့် ဝေဖန်ရေးဟာ ဆရာဗန်းမော်တင်အောင်ကို ကူညီလိုစိတ်က ပေါ်လာတာ မဟုတ်ဘဲ ကျွန်တော်ရဲ့ အတ္တကို အစာကျွေးရာက ပေါ်ပေါက်လာတဲ့ အတ္တဗဟိုပြုဝေဖန်ရေး (Self-centered Criticism) သာ ဖြစ်ခဲ့ပါတယ်။

(၄)

ကျွန်တော် ကြားဖူးခဲ့တယ်။ ရွယ်တူသူငယ်ချင်းတယောက်က ပြောတာလား၊ ကိုယ့်ထက်အသက်အရွယ် ကြီးသူတယောက်က ပြောတာလား၊ မမှတ်မိဘူး။ ပြောသူရဲ့ ကိုယ်ပိုင်စကားလား၊ သူကိုယ်တိုင် တနေရာရာက ကြားဖူးဖတ်လို့ ထပ်ဆင့်ကိုးကားတာလား ဆိုတာလဲ မသိဘူး။ မှတ်မှတ်ရရတော့ ကြားဖူးတယ်။
'အမှန်ကို ပြောသလို အပြောလဲ မှန်ရတယ်' တဲ့။
အမှန်ကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိသလို တာဝန်လဲ ရှိပါတယ်။ အမှန်လို့ တထစ်ချ မဆိုနိုင်ရင်တောင်မှ မှန်တယ်ထင်ရာကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါတယ်။ မှန်တယ်ထင်ရာကို ပြောရဲတဲ့ သတ္တိကိုလဲ ကြိုဆိုသင့်ပါတယ်။
ဒါပေမယ့် ဘယ်အချိန်ပြောရမှာလဲ။ ဘယ်လိုပြောရမှာလဲ။ ဒါကတော့ သေသေချာချာ စဉ်းစားရမယ့် ကိစ္စပါ။ ပြောသူက ဘယ်သူလဲ။ အပြောခံရသူက ဘယ်သူလဲ။ ပြောသူရဲ့ ဖြတ်သန်းမှုက ဘယ်လိုလဲ။ အပြောခံရသူရဲ့ ဖြတ်သန်းမှုနဲ့ အစဉ်အလာက ဘယ်လိုလဲ။ အဲဒီ အခြေအနေ အရပ်ရပ်နဲ့ အချက်အလက်ပေါင်းများစွာကို သုံးသပ်ပြီးမှ ဘယ်လိုပြောမလဲ ဆိုတဲ့ နည်းနာကို မှန်ကန်စွာ ရွေးချယ်သင့်ပါတယ်။
အပြောခံရသူက အစဉ်အလာကြီးမားရင် သတိထားပြောရမယ်လို့ ဆိုတာ မဟုတ်ပါဘူး။ အပြောခံရသူရဲ့ အနေအထားကို ထည့်သွင်းတွက်ချက်ဖို့ပါ။ အပြောခံရသူဟာ နုနယ်သေးတဲ့အချိန်မှာ ရေနွေးပူနဲ့ လောင်းပစ်တာမျိုး၊ မိတ်ဆွေအချင်းချင်းကို ပြောရမှာကို ရန်သူလို ရန်စွယ်ငေါငေါ ပြောတာမျိုးလဲ မှန်ကန်တဲ့ပြောနည်းလို့ ဆိုနိုင်မှာ မဟုတ်ဘူးပေါ့။
အထူးသဖြင့် စာပေနယ်မှာ စာပေသမားအချင်းချင်း ပြောကြဆိုကြတာဟာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်ပါသလဲ။ ကိုယ်မှန်တယ် ထင်ရုံမျှနဲ့၊ ကိုယ့်ဘက်က ပိုင်နိုင်ပြီလို့ ထင်ရုံမျှနဲ့ နှုတ်စွမ်းအားရှိသမျှ တဆုံးတဆ ပြောလိုက်ကြတော့မှာလား။ အလွန်အကျွံ ဒေါသတကြီးနဲ့ ပြောကြဆိုကြတော့မှာလား။

(၅)

လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကျော်အတွင်းမှာ မဂ္ဂဇင်းတွေ အပြိုင်းအရိုင်း ပေါ်လာကြပါတယ်။ တချို့က ဟုန်းကနဲတောက်၊ ဟုပ်ကနဲပျောက်၊ တချို့က တအုပ်နဲ့ ဇာတ်သိမ်း၊ တချို့ကလဲ စိုက်လိုက်မတ် အောင်လံလွှင့်လို့။
ဒီမဂ္ဂဇင်းတွေထဲမှာ လူငယ်ဝေဖန်ရေး ဆောင်းပါးရှင်တွေလဲ အများအပြား ပါဝင်ရေး သားလာကြတယ်။ သူတို့ အများစုဟာ ရဲရဲတွေး၊ စူးစူးနစ်နစ်ခွဲခြမ်းစိတ်ဖြာပြီး ထက်ထက် မြက်မြက်ရေးတာကြောင့် စာပေလောကမှာ 'စာပေဝေဖန်ရေး' ဆိုတဲ့ ကဏ္ဍကလေးဟာ အုံးအုံးကျွတ်ကျွတ်နဲ့ပါပဲ။
အစပိုင်းမှာတော့ စာပေလောကသား အချင်းချင်းရော၊ စာဖတ်ပရိသတ်တွေကပါ ဒီစာပေဝေဖန်ရေး ဆောင်းပါးတွေကို ရွှင်လန်းတက်ကြွစွာနဲ့ ကြိုဆိုကြတယ်။ 'ဘယ်ဆောင်းပါး မှာတော့ ဘယ်စာရေးဆရာ၊ ဘယ်စာအုပ်ကို ဘယ်လိုဝေဖန်ထားလေရဲ့' ဆိုပြီး စာပေသမား အချင်းချင်းလဲ လက်တို့ သတင်းပေးကြရဲ့၊ စာဖတ်ပရိသတ်တွေကလဲ စိတ်ဝင်တစား ရှာဖွေ ဖတ်ရှုကြရဲ့။
ဒါပေမယ့် တဖြေးဖြေးနဲ့ စာပေဝေဖန်ရေးဆိုတဲ့ ဆောင်းပါးတွေမှာ စကားလုံးမီးရှူး မီးပန်းလွှတ်တာတွေ များသထက် များလာတယ်။ အချက်အလက်ကို အသေအချာ မစုဆောင်းဘဲ 'မြန်မြန်ပြော၊ များများပြော၊ မှားမှားမှန်မှန်ပြော' ဆိုတာမျိုးတွေ ဖြစ်လာတယ်။ အစဉ်အလာရှိတဲ့ စာရေးဆရာကြီးတွေကို 'တမင်ဖြိုလိုက်မဟဲ့' ဆိုတဲ့ စိတ်မျိုးနဲ့ ဝေဖန်တာတွေ မကြာခဏ တွေ့လာရတယ်။ နာမည်တက်စ လူငယ်စာရေးဆရာတွေကို အညွန့်ချိုးသလို ပစ်ပစ်ခါခါ ဝေဖန်တာမျိုးလဲ အများအပြား ဖတ်လာရတယ်။ စာပေဝေဖန်ရေးဟာ စာဖတ်ပရိသတ်အတွက်၊ စာပေသမား အချင်းချင်းအတွက် အင်အားဖြစ်ရမယ့်အစား ကြောက်စရာ လန့်စရာ ဖြစ်လာတယ်။ သူတို့တွေရဲ့ ဆောင်ပါးတွေမှာသာမက သူတို့ရဲ့ 'အင်တာဗျူး' ဆိုတာတွေမှာပါ သူတို့ အတ္တတွေဟာ အငွေ့တထောင်းထောင်းနဲ့။

(၆)

ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့အနေနဲ့ ချောင်ထိုးထားခဲ့တဲ့ ကလောင်ကို ကောက်ကိုင်လာ မိတာဟာ မေးခွန်းတခု မေးချင်လို့ပါ။ ကိုယ်တိုင်ကျူးလွန်ခဲ့မိတဲ့ အမှားတခုကို တမြေ့မြေ့ ပြန်လည်သုံးသပ်ရင်း စာပေဝေဖန်ရေးဆောင်ပါးရှင်တွေကို ရင်းနှီးခင်မင်စွာ မေးချင်လို့ပါ။
မိတ်ဆွေရောင်းရင်းများခင်ဗျာ။ စာပေညီအကိုတော်များခင်ဗျာ-
"အမှန်ကို ပြောတယ်ပဲထားပါတော့၊ အပြောရောမှန်ကြပါရဲ့လား....."

ဇော်ဝင်းကို။
{ထုတ်ဝေသူ- "ပြည်သူ့ဘက်တော်သားများ" ရဲ့ ဗန်းမော်တင်အောင်-တိုင်းပြုပြည်ပြု စာရေးဆရာ သတင်းစာဆရာ၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။ }

Reference Link: http://mayaonlinemagazine.blogspot.com/2008/09/blog-post_25.html

No comments:

Post a Comment