သာသနာပွဲဆိုတာ တစ်နည်းအားဖြင့်
ဘုရားကိုလှူထားတဲ့ ဘုရားပွဲ မဟုတ်လား။
ဘုရားမှာ အုန်းသီးစိမ်းနဲ့ ငှက်ပျောသီးစိမ်းကို ပွဲလုပ်ပြီးလှူတာ။
ဂိုဏ်းသမားတွေ လုပ်ကြတာပဲ။
သူတို့ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြတယ် မသိဘူး။
တကယ်ဆိုရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စားဖွယ် သောက်ဖွယ်တွေ လှူမယ်ဆိုရင် အဆင်သင့် ဘုဉ်းပေး သုံးဆောင်နိုင်အောင် စီစဉ်ပြီးလှူရတယ်။
သံဃာတော်တွေက အုန်းသီးကို ကိုယ်တိုင်ခွဲ၊ ငှက်ပျောသီးကို ကိုယ်တိုင်အုပ်ပြီးစားတာ တွေ့ဖူးလို့လား။ အဲဒီလိုလုပ်ရင်လည်း အာပတ်တွေ သင့်တော့မှာပေါ့။
နောက်ပြီး စားသောက်ဖွယ်ကိုလှူရင်လည်း မွန်းမတိမ်းခင်လှူရတယ်။
မွန်းတိမ်းသွားရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေက အဲဒီ လှူဖွယ်ဝတ္ထုကို အကပ်မခံကြဘူး။
ကာလလွန်ပြီ ဖြစ်တဲ့အတွက် အလှူဒါန်းသူမှာလည်း အလှူရဲ့အကျိုးကို ရသင့်သလောက် မရဘူး။
အခုတော့ အုန်းပွဲငှက်ပျောပွဲကို ၂၄နာရီပတ်လုံးသာမက ငှက်ပျောသီး မမှည့်မချင်း၊ အုန်းမသီးမခြောက်မချင်း ဘုရားစင်ပေါ် တင်ထားတာဆိုတော့ ဘုရားရှင်ကို စောင့်ကြည့်ခိုင်းထားသလို ဖြစ်မနေဘူးလား။
ငှက်ပျောသီးလည်း မှည့်ရော၊ အစိမ်းနဲ့ လဲ၊ အမှည့် စားလိုက်ကြရော မဟုတ်လား။
တစ်ခါတလေ ငှက်ပျောသီးဟာ အမှည့်လွန်ပြီး ပုပ်နေတာတောင် တွေ့ဖူးတယ်။
အဲဒီတော့ သာသနာပွဲလှူတဲ့အဓိပ္ပာယ်က ဘယ်လို အကျိုးသက်ရောက်တော့မှာလဲ။
တကယ်ဆိုရင် ပွဲက အဓိကမဟုတ်ပါဘူးဗျာ။
ကိုယ်ကျင့်တရားကသာ အဓိကပါ။
ကိုယ်ကျင့်တရားမကောင်းဘဲ ပွဲတွေ လမ်းတွေ ဘယ်လောက်လုပ်နေနေ
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
စာရေးဆရာကိုမြင့်ဌေး (ဟင်္သာတ)
~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
အမှောင်မှသည် အလင်းဆီသို့ (နှာ-၅၁) မှ
ကောက်နုတ်ပူဇော်ပါသည်။
No comments:
Post a Comment