Friday, January 17, 2014

ကန်ပေါင်ရိုးမှာ


ကောင်လေးတစ်ယောက်က ကန်ပေါင်ရိုးတစ်ခုမှာ ထိုင်ပြီး ငါးမျှားနေသည်။ ထိုအခိုက် လေယာဉ်ပျံကြီးတစ်စင်းက သူ့ခေါင်းပေါ်က ပျံသွားသည်။ ကောင်လေးက မော့ကြည့်လိုက်မိပြီး အဲဒီလို လေယာဉ်ပျံကြီးကို မောင်းရတဲ့ လေယာဉ်မှူးကြီး ဖြစ်ရရင် ဘယ်လောက်ကောင်းလိုက်မလဲဟု စိတ်ကူးယဉ်မိလိုက်သည်။ နောင်နှစ်ပေါင်းအတော်ကြာတော့ သည်ကောင်လေးက တကယ့်ကို လေယာဉ်မှူးကြီးတစ်ယောက်ဖြစ်လာခဲ့သည်။ ဤသို့နှင့် တစ်နေ့မှာ လေယာဉ်ကြီးကို မောင်းနှင်လာရင်း အောက်ဘက်ဆီကို လှမ်းကြည့်လိုက်တော့ ကန်ပေါင်ရိုးတစ်ခုမှာ ကောင်လေးတစ်ယောက် အေးအေးလူလူထိုင်ပြီး ငါးမျှားနေသည်ကို လှမ်းမြင်လိုက်မိသည်။ လေယာဉ်မှူးကြီးစိတ်ထဲတွင် ဒီကောင်လေးလို အေးအေးလူလူထိုင်ပြီး ငါးမျှားနေရရင် ဘယ်လောက်ကောင်းလိုက်မလဲဟု အားကျ စိတ်ကူးလိုက်မိသည်။

ဘယ်မှာဖတ်ဖူးတာလဲ၊ ဘယ်သူပြောလိုက်တာလဲ ကျွန်တော် မမှတ်မိတော့ပြီ။ သည်အကြောင်းတရားလေးကို ပုံပြင်ခေါ်ဖို့လည်း ခပ်ခက်ခက်ပါပဲ။ ဘာပဲခေါ်ခေါ် ကျွန်တော်မကြာခဏ သတိရမိသည်။ လေယာဉ်စီးလိုက်တိုင်းလည်း သတိရမိသည်။ မကြာသေးမီက ကျွန်တော် စာပေဟောပြောပွဲအတွက် မြိတ်မြို့သို့ လေယာဉ်ဖြင့် သွားခဲ့ရသည်။ ဒီတော့လည်း ဒါလေးကို သတိရမိလိုက်ပြန်သည်။
မကြာသေးမီက ကျွန်တော့တပည့်ဟောင်း ဇနီးမောင်နှံကို ပြန်တွေ့လိုက်သည်။ သူတို့က ‘သူကြွယ်’ဟု ခေါ်နိုင်သော မောင်နှံတွေ ဖြစ်နေကြပါပြီ။ ပွားစီးလာသော သားသမီးတွေနှင့်အတူ ကျွန်တော့်ကို ဟိုး... ရှေးကအတိုင်း ချစ်ချစ်ခင်ခင် ဧည့်ခံကြသည်။ သူတို့နှစ်ယောက် ချစ်သူဘ၀က အတော်လေးကို ရုန်းခဲ့ကန်ခဲ့ရရှာသည်။ ကျွန်တော် မျက်စိအောက်မှာတင် တွေ့ခဲ့ရတာဆိုတော့ ကျွန်တော်လည်း မမေ့နိုင်။ သူတို့လည်း မမေ့နိုင်ပါပဲ။ ဒီလိုနှင့် ရှေးဟောင်းနှောင်းဖြစ်တွေကို စကားစပ်မိလိုက်တော့ တပည့်မလေး ‘သူကြွယ်ကတော်ကြီး’ က “ဆရာရယ် … ကျွန်မတို့ချမ်းသာပါတယ်။ အစစပြည့်စုံပါတယ်။ ဒါပေမယ့် ဆရာက ကျွန်မတို့ ငယ်ဘ၀ကို အားလုံးသိပြီးသား ဖြစ်နေတာကြောင့် ပြောလိုက်ရဦးမယ်။ အဲဒီတုန်းက ရုန်းခဲ့ကန်ခဲ့ရသလောက် မပျော်တော့ဘူး ဆရာရေ။ အခုလေ ကျွန်မတို့မှာ ဆရာမြင်တဲ့အတိုင်း အခြွေအရံ စသည်အားဖြင့် လိုလေသေးမရှိလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စိတ်ပင်ပန်းရတာတွေနဲ့ မကာမိဘူးလို့တောင်ထင်ပါတယ်” တဲ့။
သူပြောနေစဉ် အခိုက်မှာပင် ကျွန်တော်က လေယာဉ်မှူးကြီးကို သတိရလိုက်မိသေးသည်။

ကျွန်တော့်ကိုယ်တိုင်၏ အဖြစ်ကိုလည်း ပြောလိုက်ရပါဦးမည်။ ယခုဆိုလျှင် ကျွန်တော်သည် စာရေးဆရာတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဆရာကြီးစာရင်းတွင်ပင် ၀င်နေခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် မဂ္ဂဇင်းများ၊ စာစောင်များကလည်း ကျွန်တော့်စာကို မက်မက်မောမော တောင်းခံကြပါသည်။ ကျွန်တော်ကလည်း တတ်နိုင်သမျှ ကြိုးစားပမ်းစား ရေးပေးမိတတ်ပါသည်။ သည်လိုဖြစ်လာတော့ စာဖတ်ချိန်အတော်ကြီးကို လျော့နည်းလာပါတော့သည်။ စာရေးသူတစ်ယောက် မဟုတ်ဘဲ စာဖတ်သူ တစ်ယောက်သာ ဖြစ်လိုက်ချင်မိသည်။ တစ်ပတ်မှာ တစ်ရက်သတ်သတ်လို စာဖတ်ရန် သတ်မှတ်ထားရသည်။ သို့သော် ဧည့်သည်ကိစ္စ၊ လူမှုရေးကိစ္စ ဆိုတာမျိုးတွေ ၀င်လာလိုက်ပြန်သောအခါ ထိုတစ်ရက်ကလေး ကုန်သွားသောကြောင့် နှမြောလိုက်ရမိသည်မှာလည်း မကြာခဏ ဖြစ်သည်။ နောက်ပြီး စာမဖတ်ဘဲ ရေးလို့ချည်းသာနေလျှင် ခပ်တုံးတုံး စာရေးဆရာ ဖြစ်သွားမည်ကိုလည်း သိနေပြန်သည်။ ခပ်တုံးတုံး စာရေးဆရာ ဖြစ်နေရသည်ထက် စာဖတ်သူသက်သက် ဖြစ်နေရသည်က ပိုကောင်းသည် မဟုတ်လား။
သို့ဖြစ်လျှင် နာမည်လေး နေရာလေးရနေသော စာရေးဆရာအဖြစ်ကို စွန့်လွှတ်နိုင်ပါရဲ့လားဟု ကိုယ့်ကိုကိုယ် သေချာပြန်ပြီး စစ်မေးကြည့်လိုက်တော့ မစွန့်လွှတ်နိုင်ပြီဟူသော အဖြေကို ရလာပြန်သည်။
လေယာဉ်မှူးကြီး၏ တောင့်တချက်ကို သေချာ စဉ်းစားကြည့်လိုက်ပြန်တော့ သူလည်း ထိုဘ၀မျိုးကို ပြန်မသွားနိုင်တော့ပြီပဲဟု ထင်မိသည်။ ကျွန်တော်၏တပည့် သူကြွယ်မလေး ပြောလိုက်သည်ကိုလည်း သေချာစဉ်းစားကြည့်မိသည်။ ပြောမည့်သာပြောနေသည်။ သူလည်း ထိုသို့သောဘ၀မျိုးသို့ ဘယ်မှာ ပြန်လို့ ရောက်ချင်ပါမည်နည်း။
လူကြီးတွေ ပြောလေ့ရှိသော စကားတစ်ခွန်းကို ပြန်ပြီး ကြားယောင်လာမိသည်။ “ငယ်ငယ်တုန်းက ကန်ပေါင်ရိုးမှာ ငပိဖုတ်နဲ့ ထမင်းမြိန်ခဲ့တာကို ပြန်ပြောမနေနဲ့” ဟူသော စကားဖြစ်ပါသည်။ ငယ်ငယ်တုန်းက ငပိဖုတ်နဲ့ ထမင်းမြိန်ခဲ့တာမှန်သော်လည်း ယခုဘယ်မှာ မြိန်နိုင်တော့ပါမည်နည်း။ နောက်ပြီး ကျွန်တော်တို့တစ်တွေ ကလေးဘ၀ကို သေချာစုံစုံစေ့စေ့ ပြန်ကြည့်လိုက်လျှင် ကလေးဘ၀အလျောက် စိတ်ညစ်ခဲ့ရတာလေးတွေ၊ ငိုခဲ့ရတာလေးတွေလည်း တစ်ပုံတစ်ပင်ကြီးရှိခဲ့ဖူးသည်ကို စဉ်းစားမိနိုင်ပါသည်။
ဒီလိုစဉ်းစားကြည့်လိုက်ပြီးတော့လည်း ‘ကန်ပေါင်ရိုး’မှာ ဆိုတာ လွမ်းရုံလောက်သာ လွမ်းဖို့ဖြစ်ပြီး ‘ပြန်လှမ်း’ဖို့ ဆိုတာတော့ မဖြစ်နိုင်မှန်း ထင်မိသည်။

( အောင်သင်း )

No comments:

Post a Comment