Sunday, January 12, 2014

သူစိမ်းတစ်ယောက်ရဲ့ ခေါက်ဆွဲတစ်ပွဲ


ညတစ်ညမှာပေါ့….
ကျမ မေမေနဲ့ စကားများတယ်.. . ပြီးတော့ မေမေ့ကိုအော်ဟစ်ပြီး အိမ်ကပြေးထွက်လာခဲ့တယ်။
လမ်းပေါ်ရောက်မှသတိရတယ်… ပိုက်ဆံပါမလာခဲ့ဘူး။ဖုန်းဆက်စရာ အကြွေလေးတောင်ပါမလာခဲ့ဘူး။

ဒီလိုနဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့ ရောက်လာခဲ့တယ်။ ဆိုင်ထဲကပျံ့ လွင့်လာတဲ့ ခေါက်ဆွဲရနံ့ ကြောင့် ဗိုက်ကလည်းဆာလာတယ်…ပိုက်ဆံကလည်း တစ်ပြားမှမရှိ…။
အဲဒီအချိန်မှာ ဆိုင်ရှင်ဦးလေးကြီးက ခေါက်ဆွဲဖျောနေရင်း လှမ်းမေးတယ်…။

“ ဟေ့…တူမကြီး…ခေါက်ဆွဲစားချင်လို့ လား”

“ သ..သ. မီးမှာ …ပိုက်ဆံ ပါမလာ ဘူး ..”
လို့  ရှက်ရှက်နဲ့ ပြန်ဖြေခဲ့တယ်..။

“ လာပါ တူမကြီးရ … ဦးကျွေးပါ့မယ်…လာဝင်ထိုင်…ဦး ခေါက်ဆွဲပြုတ်လိုက်ဦးမယ်…”

ခဏကြာတော့ …အငွေ့ တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲ ရောက်လာပါတယ်…။ နည်းနည်းစားပြီးတော့ ကျမပါးပြင်ပေါ် မျက်ရည်စတွေ လှိမ့်ဆင်းလာပါတော့တယ်…။ဆိုင်ရှင်ဦးလေးကြီးကမြင်တော့မေးတယ်…။.

“ ဘာဖြစ်လို့ လဲ တူမကြီးရဲ့  …”

“ ဘာမှမဟုတ်ပါဘူး…ဦးလေးခုလို သမီးအပေါ် စေတနာထားတာတွေ့ ရတော့ ၀မ်းနည်းမိလို့ ပါ…ဒီလမ်းမှာတွေ့ တဲ့သူစိမ်းတစ်ယောက်ကတောင် သမီးကို ခေါက်ဆွဲကျွေးတယ် သမီးမေမေကတော့ …သမီးနဲ့  စကားများပြီး သမီးကို လိုက်ရိုက်တယ်…မေမေ သိပ်ရက်စက်တာပဲ…”
ဆိုင်ရှင်ဦးလေးကြီးက သက်ပြင်းတစ်ချက်ချလိုက်ပါတယ်…

“ တူမကြီးရယ်… အဲဒီလို ဘာလို့ တွေးရတာလဲ… ဦးလေးခေါက်ဆွဲလေးတစ်ပွဲ ကျွေးတဲ့ စေတနာကိုတောင် သမီး ဒီလောက်ခံစားရတယ်နော်…သမီးမေမေ ကတော့ သမီးငယ်ငယ်လေးကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တာ မဟုတ်လား…အဲဒါတွေအတွက် အမေ့ကိုကျေးဇူးမတင်ဘဲ အမေနဲ့  ရန်ဖြစ်လာရတယ်လို့  ကွယ်…”

ဒီစကားကိုကြားလိုက်ရတော့ ကျမ တကယ့်ကို အံ့အားသင့်သွားခဲ့ရပါတယ်…။
ငါဘာလို့ ဒါကိုမတွေးမိခဲ့ပါလိမ့်…သူစိမ်းတစ်ယောက်ရဲ့ ခေါက်ဆွဲလေးတစ်ပွဲကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတွေတင်မိနေပြီး ငါငယ်ငယ်ကတည်းက ကျွေးမွေးပြုစုခဲ့တဲ့ အမေ့မေတ္တာတွေကိုကျတော့ နည်းနည်းလေးမှ ကျေးဇူးမတင်မိခဲ့ပါလား…။
အိမ်ပြန်လမ်းမှာ အမေ့ကိုပြောဖို့စကားတွေ စဉ်းစားလာခဲ့တယ်… “ အမေ… သမီးဘက်က မှားတာပါ…သမီးကိုခွင့်လွတ်ပါ…” လို့…။

အိမ်ရောက်တော့ အမေ့ခမြာ ကျမထွက်သွားလို့ စိုးရိမ်တကြီးနဲ့ နေရာအနှံ့လိုက်ရှာပြီး ပြာလောင်ခတ်နေတာတွေ့ရတယ်..။ကျမကိုလည်း မြင်ရော.. အမေက

“ အို..သမီးလေးရယ်…အမေ့ဖြင့်စိတ်ပူလိုက်ရတာကွယ်…လာအထဲဝင်…သမီးဗိုက်ဆာနေရောပေါ့…အမေ သမီးအတွက် ထမင်းခူးထားတယ်…ပူတုန်းလေးစားလိုက်ဦးနော်…” လို့ ညင်သာစွာပြောပါတယ်…။

ကျမ ဟန်မဆောင်နိုင်တော့ပါဘူး… ။ အမေ့ရဲ့ရှေ့မှာ ရှိုက်ကြီးတငင် ငိုကြွေးမိပါတော့တယ်…။

......... .......... .............. ............

ဒီလိုပါပဲ...ကျနော်တို့ဟာ…ပတ်ဝန်းကျင်က သူစိမ်းတွေရဲ့  အကူအညအသေးအဖွဲလေးတွေဆိုရင် ကျေးဇူးတတင်ရှိတ⁠တ်ကြပြီး ဆွေမျိုးတွေ အထူးသဖြင့် မိဘတို့ရဲ့  စွန့်လွှတ်အနစ်နာခံမှုတွေကိုတော့ ဒါဝတ္တရားပဲလေ…လို့ သဘောထားတ⁠တ်ကြတယ်…။
ကျနော်တို့ မွေးစကနေ ခုချိန်ထိရနေတဲ့ မိဘမေတ္တာဆိုတာ အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ…။
မိဘတွေဟာ သားသမီးတွေဆီက ဘာမှမျှော်လင့်မထားပါဘူး…။ ဒါပေမယ့် တို့တတွေက မိဘတို့ မေတ္တာကို အသိအမှတ်ပြု တန်ဖိုးထားကြရအောင်လားဗျာ………..

Ref: academictips.org/blog
ဦးသုည ... စကားလုံးဖလှယ်သည်

ကိုယ်ဖတ်ရတာလေးတွေကို ပြန်ဖြန့်ဝေပေးတာလည်း မေတ္တာတစ်မျိုးပါ

@@@သာသနာနွယ်

No comments:

Post a Comment