Sunday, January 12, 2014

ဓမ္မ မိတ်ဆွေ


"ဓမ္မမိတ်ဆွေ"ဟူသည် ရိုးရိုးမိတ်ဆွေထက် ထူးခြားသော ၀ိသေသသဘောကို ဖော်ညွှန်းပါ၏။
"မြန်မာအဘိဓာန် အကျဉ်းချုပ်၌" ဓမ္မရေးရာတွင် အတူပါဝင်လုပ်ဆောင်၊ဆွေးနွေးညှိနှိုင်းသူများ"ဟု ကျစ်လစ်စွာ အဓိပ္ပါယ် ဖွင့်ထားပါသည်။
သို့သော်လည်း ဤဝေါဟာရကို သုံးစွဲကြရာ၌ ယျေဘုယျသဘောနှင့် သုံးစွဲနေကြပါသည်။ ယခုအခါ ဘုန်းကြီးကျောင်းသွားရင်း သိကျွမ်းရင်းနှီးသူများ၊ ဥပုတ်စောင့်ရင်း သာမန်မိတ်ဆွေအဖြစ် ခင်မင်သွားကြသူများပင်လျှင် တစ်ဦးနှင့်တစ်ဦး
"ဓမ္မမိတ်ဆွေ"ဟူ၍ ပြောဆိုသုံးနှုံးကြပါသည်။
"များပြားအဖော်၊
လာ-အေ့ ခေါ်၍
ဂေါ်ဂေါ်ဂီးဂီး
ကားကြီးစီးလျှက်
အရီးအေး-များ
ကျောင်းကန်ဘုရားတွင်
တစ်ပါးသံဃာ
တော်လျော်စွာနှင့်
လှူရန်ဒါန
သီလရ၍
အာမဘန္တေ
ပြီးကြလေသော်
ထွေထွေအများ
ဝမ်းပြည့်စားလျှက်
ညည်းသား-ဘီအေ
အောင်၍နေဆို
စိန်ရွှေဆင်ပြီး
ငါ့သမီးနှင့်
ပြီးစီးဖို့ရှိ
ဂစ္ဆာမိ တော့
ဝါစိ ဆိတ်ဝါး
ဟို အပါးက
စကားတီးတိုး
မေးငေါ့ ထိုးလက်
ထိုးထိုးသာသာ
တ ဟာဟာ နှင့်
ဟို ကောင်မ ဟာ
ဟို အ၀ှာနှင့်
အညာ ကပြန်
ကန်တော်ကြီးမှာ
ကြားရပါသော်
ဝေရာမဏိ
ညည်း မသိလို့" ..
စသဖြင့် ရေးဖွဲ့ထားသည့် ဆရာ "သာကီဆွေ" ၏ "ဥပုတ်သည် နှင့် အူပုပ်သည်" အမည်ရ ဆောင်းပါး ပါ "ဥပုတ်သည်"မျိုး ဖြစ်နေပါက "ဓမ္မမိတ်ဆွေ"ဟူသော ဝေါဟာရသည် ထိုသူတို့အတွက် လွန်စွာ မထိုက်တန်သော ဝေါဟာရတစ်ခု ဖြစ်နေပေလိမ့်မည်။

"ဒါက ကျွန်တော့်ရဲ့ ဓမ္မမိတ်ဆွေ ပါ"ဟု ဆိုရုံမျှဖြင့် ပြောဆိုသူ ကိုယ်တိုင်လည်း "ဓမ္မိက = တရားရှင်"ဟူ၍ အထင်ခံရဖွယ် ရှိသဖြင့် ဤသုံးစွဲမှု တွင်ကျယ်လာဟန် ရှိသည်။
လောဘမီး၊ ဒေါသမီးတို့ဖြင့် တညီးညီး တောက်လောင်နေသော ခန္ဓာကိုယ်ကြီးကို "ယောဂီရောင်တဘက်"ဖြင့် သိုင်းခြုံထား၍
"တရားရှင်၊ ဓမ္မရှင်"ယောင်ဆောင်ခြင်းသည် "သောနုတ္တိုရ်ခေတ်"ကပင် ပေါ်ထွန်းခဲ့သော လိမ်ညာမှု နည်းဗျူဟာတစ်ခုသာ ဖြစ်ပေသည်။
ယောဂီရောင်တဘက်၊ ယောဂီရောင်အင်္ကျီ၊ ယောဂီရောင်ပုဆိုး၊ယောဂီရောင်ထမိန်၊ ၀တ်၍ မိမိသည် လူသာမန်တို့နှင့် ၀တ်စားဆင်ယင်မှု အသွင်အပြင် ခြားနားကြောင်း တဒင်္ဂ ဖော်ပြရုံမျှဖြင့် မိမိရင်တွင်း၌ တရားဓမ္မဆိုင်ရာ တိုးတက်မှုတစ်ရပ် ဖြစ်မလာနိုင်သည်မှာ သေချာလှ၏။

"အသွင်သဏ္ဍာန်နှင့် ၀တ်စားဆင်ယင်မှု"ကို ဗန်းပြ၍ ဟန်ဆောင်ခြင်းထက် "စကားလုံး"ကို အသုံးပြု၍ ဟန်ဆောင်ခြင်း သည်ကပို၍ အရင်းအနှီးနည်းသော လိမ်ညာမှုဖြစ်သဖြင့် "ဓမ္မ"ဟူသော စကားလုံးတစ်လုံးကို ရေလဲနှင့် သုံးစွဲနေကြသည်မှာ မဆန်းလှပေ။မဂ္ဂဇင်းတစ်အုပ်ထဲတွင် "နတ်နန်း"ထဲတွင် ရိုက်ကူးထားသည့် ဓါတ်ပုံကို "ဓမ္မမိတ်ဆွေများ"ဟု စာတန်းထိုး ဖော်ပြထားသည်ကို အံ့ဖွယ် တွေ့လိုက်ရသည်။
တစ်ခါက မိတ်ဆွေတစ်ဦး၏ မိခင်ဈာပန၌ "ဓမ္မဒါန" အမည်တပ်လျက် ကမ်းလာသော စာအုပ်ကလေးကို စိတ်ဝင်စားစွာ ဖတ်ကြည့်မိ၏။ "သြောင်း နမော ဗုဒ္ဓနုဘာဝေန… သြောင်း ဒူရေ ဒူရေ သွားဟုံဟုံ" ဟုပါသော "စက်ကြီးတစ်ဆယ့်သုံးပါးဂါထာ"နှင့် "သူရဿတီဂါထာ"ကိုတွေ့ရာ "ဓမ္မဒါန"အစစ်မှ ဟုတ်ပါလေစ ဟု သံသယ ပွားမိပါသည်။

ထိုနည်းတူစွာ-  "ရွှေတိဂုံစေတီတော်ကြီး" နှင့် "ကျိုက်ထီးရိုး ဆံတော်ရှင်စေတီ" ပုံတော်များကို "ကက်ကင်းဓါတ်" မိသည်ဟု
ပြောဆို၍ ပေးလာသော လက်ဆောင်ကို "ဓမ္မလက်ဆေင်"ဟု လွယ်လွယ်ကူကူ ပြောဆိုနေကြသည်။ စင်စစ် "ကက်ကင်း"မှာ
"ဓမ္မစကား"မဟုတ်၊ "ဗေဒင်စကား"သာဖြစ်၏။
"ဓမ္မ"ကိုရှေ့ကတပ်လျှက် (၀ါ) ရှေ့တန်းတင်လျှက် နောက်ကွယ်၌ ဓမ္မနှင့် ဆန့်ကျင်သော အပြုအမူ၊ အယူအဆ၊ အကျင့်အကြံများကြောင့် "ဓမ္မ"သည် တန်ဖိုးကျလျှက် ရှိပေ၏။
"ဓမ္မစာပေကလောင်ရှင်"ဟု အမည်ခံကြလျှက် အချို့ စာနယ်ဇင်းတို့၌ ထူးပေ့ဆန်းပေ့ဆိုသော "ဆင်းတုတော်များ" အကြောင်း၊ထိုဆင်းတုတော်ကို ရှိခိုးပူဇော်ရာ၌ ရွတ်ဆိုရသော ဂါထာများနှင့် ရရှိနိုင်သော အကျိုးများ အကြောင်း၊ အဆန်းထွင်ထားသော ပုတီးစိတ်နည်း အမျိုးမျိုးအကြောင်း၊နေ့နံအလိုက် ဘုရားထုလုပ် ပူဇော်နည်း၊ စသည်တို့ကို အပြိုင်အဆိုင်ရေးသားလျှက်ရှိရာ သာသနာ့သမိုင်း၌ ဘယ်တုံးကမှ မကြုံစဖူးသော ဆင်းတုတော်ပြိုင်ပွဲနှင့် ဖော်နည်းကား ပြိုင်ပွဲဖြစ်မှန်းမသိ ဖြစ်နေပေသည်။

ထို့ကြောင့်-
"ဓမ္မ"ဆိုသော စကားလုံးကို ရှေ့မှတပ်ထားသော "ဓမ္မမိတ်ဆွေ" ဟူသော ဝေါဟာရကိုလည်း ပေါ့ပေါ့တန်တန် မသုံးစွဲဘဲ သေချာစိစစ်၍ သုံးစွဲသင့်သည်ဟု အကြံပြုလိုပါသည်။
လောက၌ "မိတ်ဆွေစစ်" ရှားလှ၏။ "ဓမ္မမိတ်ဆွေ" ဟူသည်ကား ပို၍ပင် ရှားပါးပေလိမ့်မည်။ "ဗုဒ္ဓမြတ်စွာဘုရား "မိန့်ကြားတော်မူသော "မိတ်ဆွေစစ်၊ မိတ်ဆွေကောင်း"တို့၌ ရှိရမည့် အင်္ဂါမှာ ခုနှစ်ပါး ရှိပါသည်။ ၎င်းတို့မှာ-
(၁) ပေးနိုင်ခဲသော အရာဝတ္ထုကို ပေး၏။
(၂) ပြုနိုင်ခဲသော အမှုကို ပြုပေးတတ်၏။
(၃) သည်းခံနိုင်ခဲသော အရာကို သည်းခံ၏။
(၄) မိမိ၏ လျှို့ဝှက်အပ်သော အရာကို ထင်စွာပြု၏။
(၅) အဆွေခင်ပွန်း၏ လျှို့ဝှက်သောအရာကို လျှို့ဝှက်၏။
(၆) ဘေးရန်တို့ကြောင့် မစွန့်ပစ်။
(၇) ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့် မထီမဲ့မြင်မပြု။ ဟူသော အင်္ဂါ ခုနှစ်ပါးပင်ဖြစ်၏။

ဤအင်္ဂါရပ်တို့မှာ "ဓမ္မမိတ်ဆွေ"တို့ထက် "လောကီမိတ်ဆွေ"ဟူသော ဝေါဟာရနှင့်ပို၍ အကျူံးဝင်သည်ဟု ဆိုနိုင်သည့်တိုင်
"ဓမ္မမိတ်ဆွေ" တို့ ၌လည်း ဤအင်္ဂါ(၇)ပါး ရှိနေသင့်ပါ၏။
ထို့ပြင် "ဗုဒ္ဓမြတ်စွာဘုရား"က "ကလျဏမိတ္တ ရှိသည့် အဖြစ်သည် မြတ်သောအကျင့်ကို ကျင့်ရာ၌ အလုံးစုံ အကျိုးပြီး၏" ဟူ၍
မိမိကိုယ်ကို "ကလျဏမိတ္တ"နှင့် တန်းတူထားကြောင်းကို "သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်" ၌ ဟောကြားခဲ့ပါ၏။
"ကလျာဏမိတ္တ"အင်္ဂါ (၇)ပါးမှာ-
(၁) ချစ်ခင်အပ်၏။
(၂) လေးစားအပ်၏။
(၃) ချီးမွမ်းအပ်၏။
(၄) သူတစ်ပါးကို ဆုံးမတတ်၏။
(၅) မိမိအား ဆုံးမသည်ကိုလည်း ခံနိုင်၏။
(၆) သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် စသော နက်နဲသော စကားတို့ကိုလည်း ဟောပြောတတ်၏။
(၇) မသင့်လျော်သော အရာ၌ မတိုက်တွန်း။ ။ ဟူ၍ ပါရှိရာ "ဓမ္မမိတ်ဆွေ" ဟူသည် "ကလျဏမိတ္တ" ဖြစ်ကြောင်း တွေ့ရ၏။
"ဗုဒ္ဓမြတ်စွာဘုရား" သည် "မိတ်ဆွေစစ်" (၄)မျိုးကိုလည်း ခွဲခြား ဟောတော်မူပါသေးသည်။
၎င်းတို့မှာ-
(၁) ဥပကာရ မိတ်ဆွေ
(၂) သမာနသုခဒုက္ခ မိတ်ဆွေ
(၃) အနုကမ္ပက မိတ်ဆွေ
(၄) အတ္ထက္ခာယီ မိတ်ဆွေ တို့ဖြစ်သည်။
ထို မိတ်ဆွေ(၄)မျိုး အနက် "အတ္ထက္ခာယီ မိတ်ဆွေ" ၏ အင်္ဂါ(၄)ချက်မှာ-
(၁) မကောင်းမှုကို တားမြစ်ခြင်း။
(၂) ကောင်းသောအရာကိုတိုက်တွန်းနိုးဆော်ခြင်း။
(၃) မကြားဘူးသော တရားတို့ကို နာစေခြင်း။
(၄) နတ်ရွာ ခရီးကို ညွှန်ပြ ဆုံးမတတ်ခြင်း။ တို့ဖြစ်ပါ၏။

ထို့ကြောင့်- "ဓမ္မမိတ်ဆွေ" ဟူသည် "အတ္ထက္ခာယီမိတ်ဆွေ" ဖြစ်သည်ဟုလည်း တစ်နည်းအားဖြင့် ဆိုနိုင်ပါသေးသည်။
"ဓမ္မ"ဟူသော စကားလုံးကို အခြားစကားလုံးတစ်လုံးနှင့် တွဲစပ် အသုံးပြုမိပါက အဓိပ္ပါယ်ကောက်ရာနှင့် သုံးစွဲရာ၌ များစွာ
သတိထားရန် လိုပေလိမ့်မည်။ "ဓမ္မမိတ်ဆွေ" ဆိုသည်မှာ "ကလျဏမိတ္တ၊ အတ္ထက္ခာယီ မိတ်ဆွေ"ပင် ဖြစ်ပါ၏။
ပစ္စုပ္ပါန်၊ သံသရာ နှစ်ဖြာသော ချမ်းသာနည်း အကျိုးကို ဆွေးနွေးပြောဆို လမ်းညွှန် ပေးနိုင်သော အကျိုးဆောင် မိတ်ကောင်း၊ မိတ်စစ် သာလျှင် ဖြစ်၏။
ဘုန်းကြီးကျောင်းသွားရင်း ဆုံတွေ့ဖန်များသဖြင့် သိကျွမ်းရင်းနှီးသူများ၊သီလ-သမာဓိ-ပညာ နှင့် ပတ်သက်၍ ဘာတစ်ခုမျှ
မဆွေးနွေးဘဲ အကျိုးမဲ့သော လောကီအရေးကိုသာ လေ ပေး၍ အချိန်ကုန်တတ်သော ဥပုတ်စောင့်ဖော်၊ စောင့်ဖက်များ
မဟုတ်ကြကြောင်းကို ခွဲခွဲခြားခြား သိရန် လိုပါသည်။
သို့မဟုတ်ပါဘဲလျှက် (၀ါ) "ဓမ္မ"ကို အကြောင်းမပြုပါဘဲလျှက်-
ကျောင်းကန်ဘုရားတို့၌ မြင်မြင်ရာလူ၊ ဂုဏ် ရှိရာလူ၊ တို့ကို မိတ်ဆွေဖွဲ့ကာ အချင်းချင်း "ဓမ္မမိတ်ဆွေ"ဟု ခေါ်ဝေါ်သုံးစွဲနေကြပါလျှင် "ဓမ္မ"ဟူသော စကားလုံးကို လူအထင်ကြီးစေရန်အတွက် ၊အနှစ်သာရ ကင်းမဲ့စွာဖြင့် ခုတုံးလုပ် သုံးစွဲပြခြင်း သက်သက်မျှသာလျှင် ဖြစ်နေပါလိမ့်မည်ဟု သတိပေးရင်း တင်ပြလိုက်ပါသည်။

ချမ်းသာပါစေ၊ အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ.. လွတ်မြောက်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
Shared from ဓမ္မ စာပေများ (FB)

No comments:

Post a Comment