Sunday, January 12, 2014

ဓမ္မ အဓမ္မ နှင့် သိသမျှ မြင်သမျှ


မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ စိတ်ဝင်စားဖွယ်ကောင်းသော စာတစ်စောင် နှင့် အခက်ဆုံးမေးခွန်း သုံးခု စာအုပ်လေးကို ဖတ်လိုက်ရပါတယ်။ စိတ်အဝင်စားမိဆုံး ပြဿနာမှာ တရား၏ အဓိပ္ပါယ် ကို မေးမြန်း ဆွေးနွေးချက် ဖြစ် ပါသည်။ ဓမ္မ၊ အဓမ္မ အဓိပ္ပါယ်နှင့် အသုံးအနှုန်း ပြဿနာကို ဂျာနယ်တစ်စောင် တွင်လည်း ဖတ်မှတ်မိရာမှ ဆရာတော် ဖြေ ကြားပြီး ဖြစ်သော်လည်း မေးခွန်းများကို ရှုထောင့်တစ်ခုမှ ဆွေးနွေးချင်ပါတယ်။

မေးခွန်း အမှတ်(၁)မှာ ဓမ္မတရား ဆိုတာကို မတရားခြင်း၏ ပြောင်းပြန်လို့မြင်ကြောင်း၊ အာနာပါန စသည့် ရှုမှတ်မှုတို့ သည် တရားခြင်းလည်း မဟုတ်၊ မတရားခြင်းလည်း မဟုတ်သဖြင့် ဓမ္မတရား အဖြစ် မမြင်နိုင် ဖြစ်နေကြောင်း၊ ဓမ္မတရား ဆိုတာကို ရှင်းပြပေးဖို့ ဆရာတော်ကို မေးလျှောက်ထားပါတယ်။

ဒီမေးခွန်းမှာ အဓိကပြဿနာက ဓမ္မတရား ဆိုတာကို အဓိပ္ပါယ် နားလည်မှားခြင်း လို့ မြင်ပါတယ်။ မေးခွန်းရှင်က ဓမ္မတရား ကို တရားမျှတခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို ယူပါတယ်။ ဒါကြောင့်လဲ နောက်ပိုင်း စဉ်းစားသမျှ လွဲကုန်ပါတယ်။ အမှန်က ဓမ္မတရား ရဲ့ အဓိပ္ပါယ်ကို (မြတ်စွာဘုရားရှင် ဟောကြားခဲ့သော) သဘာဝ အမှန်တရားများ လို့ မှတ်ယူ စဉ်းစားကြည့်စေလို ပါတယ်။

သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်တာ တရား လို့ ဆိုတာထက် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကောင်းမှုကုသိုလ် ဖြစ်သည်ဟု ဘုရားရှင်က (သဘာဝ အမှန်တရားကို) ဟောကြား ခဲ့သည်လို့ ဖြည့်စွက် စဉ်းစား ကြည့်စေလိုပါတယ်။ ဒါက သဘာဝ အမှန်တရားပါ။ တရားမျှတခြင်း၊ မတရားခြင်းနဲ့ မဆိုင်ပါဘူး။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ… ဆို တာ သဘာဝ အမှန်တရားပါ။ တရားမျှတခြင်း၊ မမျှတခြင်း နဲ့ မဆိုင်ပါဘူး။ အပမာဒေါ အမတံ ပဒံ ဆိုတာ သဘာဝ အမှန်တရားပါ။ တရားမျှတခြင်းလို့ ပြောလို့ မရသလို၊ တရားမျှတမှု မရှိခြင်းရဲ့ပြောင်းပြန် မဟုတ်တာလည်း ရှင်းလှပါတယ်။

မေးခွန်းရှင်ပြောသလို သတိပဌာန်၊ အာနာပါန စသည် အားထုတ်တာဟာ တရားတဲ့ လုပ်ရပ်ရော၊ မတရားတဲ့ လုပ်ရပ် ရော မရှိဆိုတာ မှန်ပါတယ်။ ဒီအားထုတ်မှု တွေဟာ အမြင့်ဆုံး အသိဥာဏ်ဖြစ်တဲ့ နိဗ္ဗန်ကို ရဖို့ အားထုတ် ကြိုးပမ်းရတဲ့ လုပ်ငန်းစဉ်၊ လမ်းစဉ် (သဘာဝ အမှန်တရား) မျှသာ ဖြစ်ပါတယ်။

အချုပ် ဆိုရရင် ဓမ္မတရားရဲ့ အဓိပ္ပါယ်ကို (မြတ်စွာဘုရားရှင် ဟောကြားခဲ့သော) သဘာဝ အမှန်တရားများ လို့ မှတ်ယူ စဉ်းစားကြည့်ခြင်းဖြင့် မေးခွန်းရှင်၏ သံသယ အားလုံး ပြေလည်သွားမယ်လို့ မျှော်လင့်ပါတယ်။

ဒုတိယ မေးခွန်းက သူ့ အသက် မသတ်ရဆိုတဲ့ သီလဟာ ဘယ်လိုမှ လိုက်နာလို့ မဖြစ်နိုင်လို့ သဘာဝ မကျဘူးလို့ မြင်ပြီး လက်မခံနိုင် ဖြစ်နေတယ် လို့ နားလည်ပါတယ်။ ဒီနေရာမှာလည်း မေးခွန်းရှင်က မသတ်ရတာနဲ့ မသေစေရဆိုတာ ကို ရောထွေးသွားတာပါ။ သူ့ အသက်သတ်ရင် အပြစ် ဖြစ်တယ် ဆိုတာနဲ့ သူ့အသက် သေစေခဲ့ရင် အပြစ် ဖြစ်တယ် ဆိုတာနဲ့ မတူပါဘူး။

မြတ်စွာဘုရားရှင်က သူ့ အသက်သတ်တာဟာ အကုသိုလ်ဖြစ်တယ်လို့ သဘာဝအမှန်တရားကိုသာ ဟောကြားခဲ့ တာပါ။ မည်သည့်သတ္တဝါမှ မသေစေရလို့ မပြောခဲ့ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ မိမိတို့ရဲ့ အမှုကြီးငယ်တွေကို လုပ်ကိုင် ဆောင်ရွက်ရင်း မလွှဲမရှောင်သာ သတ္တဝါ အချို့ သေဆုံးရတာဟာ သူ့အသက်သတ်ခြင်း မဟုတ်ဘူးဆိုတာ အတော်ရှင်း ပါတယ်။ လူနာကို ကျန်းမာလာဖို့ ဆေးထိုးတာဟာ ငှက်ဖျားပိုးတွေကို သတ်တာမဟုတ်ပါဘူး။ မတူပါဘူး။ ကျန်းမာဖို့၊ သန့်ရှင်း ဖို့ ရည်ရွယ်ပြီး ခြုံရှင်း၊ မြောင်းတူး၊ မြေဖို့တာပါ။
ခြင်တွေကို လိုက်သတ်တာ မဟုတ်ပါဘူး။ မတူပါဘူး။ ချွင်းချက်လေးတွေတော့ ရှိတာပေါ့ဗျာ။ စိတ်စေတနာပေါ်မှာလည်း မူတည်တာပေါ့။ လူသားတွေ ကျန်းကျန်းမာမာ ရှိဖို့ဆိုရင် ကုသိုလ်စိတ်ပါ။ ကုသိုလ် ပဲဖြစ်မှာပါ။ ဒီခြင်တွေ သေစမ်းကွာဆိုတဲ့ ဒေါသစိတ်၊ မုန်းတီးစိတ်ကြီးနဲ့ ဆိုရင်တော့လည်း အကုသိုလ်ပေါ့ဗျာ။

မိမိ လုပ်ကိုင်ဆောင်ရွက်တဲ့ ပယောဂနဲ့ သတ္တဝါတွေ သေကြရတာကိုပဲ သူ့အသက်သတ်ခြင်းလို့ မှားယွင်း မယူဖို့ပါ။ ဆရာဝန်တွေက ရောဂါပိုးတွေကို သတ်နေကြတာ လို့မြင်ရင် သဘာဝမကျပါဘူး။ လူသားတွေ ကျန်းမာအောင် ဆောင်ရွက်ခြင်း လို့သာ မြင်ရမှာပါ။ ဒီလိုဆောင်ရွက်ရာမှာ ရောဂါပိုးမွှားများ မလွှဲမရှောင်သာ သေကြေသွားကြခြင်းလို့သာ မြင်ရမှာပါ။

ဒေါသအလျောက် သတ္တဝါ အချို့ကို သတ်ဖြတ်မိခဲ့ရင်လည်း ဒါဟာ ကုစားမရတဲ့ အကုသိုလ်တော့ မဟုတ်ပါဘူး။ သေ ကြေသွားတဲ့ သတ္တဝါရဲ့ ဂုဏ်ကိုလိုက်ပြီး အပြစ်အကြီးအသေး ကွာခြားတာကိုလည်း မေးခွန်းရှင်လက်ခံနိုင်မယ်ထင်ပါတယ်။ အင်္ဂုလိမာဠ လို လူ့အသက် အတော်များများ သတ်ခဲ့ပေမယ့် ကျွတ်တမ်းဝင်နိုင်ခဲ့တာကိုလည်း ဆင်ခြင်ကြည့်စေလိုပါတယ်။ ဒါဆိုရင်တော့ သတ္တဝါတွေရဲ့ အသက်ကို သတ်ရင် အပြစ်ဖြစ်တယ် ဆိုတာကို လက်ခံနိုင်မယ်လို့ ထင်ပါတယ်။အရေးအကြီးဆုံးက သတ်ဖြတ်တာနဲ့၊ မလွှဲမရှောင်သာ သေကြေသွားကြတာ ကို မရောထွေးသွားဖို့ပါခင်ဗျား။

နံပါတ် (၃) မေးခွန်းမှာကတော့ မြတ်စွာ ဘုရားရှင်ကို အရာအားလုံးကို သိနိုင်သူ၊ အတုမရှိ တန်ခိုးရှင် အဖြစ် လက်မခံ နိုင်ဘဲ၊ တရားအားလုံး ကို သိသူ အဖြစ်သာ မြင်မိကြောင်း၊ ဒါမှလဲ အခြား ဘာသာခြားများပါ ပိုမိုလက်ခံနိုင်ပါမယ် လို့ မြင်ကြောင်း ဆိုထားပါတယ်။ အမှန်မှာ တော့ တရားအားလုံး ကို သိတယ် ဆိုခဲ့ရင်လဲ သဘာဝ အမှန်တရားများ အားလုံးကို သိတာဖြစ်လို့ အရာအားလုံးကို သိတာ လို့ဘဲ ဆိုရမှာ ဖြစ်ပါတယ်။ အချို့ အကြောင်းအရာ များဟာ လူတိုင်း လက်ခံနိုင်တာ၊ လက်မခံနိုင်တာ က အဓိက မကျပါဘူး။ အသိ၊ အကျင့်နဲ့ ပြည့်စုံတဲ့၊ အသိဥာဏ် ကြီးသူတွေ လက်ခံနိုင်၊ လက်မခံနိုင်က ပိုအရေး ကြီးတယ်လို့ ထင်ပါတယ်။ လူအများစု ဥာဏ်မမှီတဲ့ အမှန်တရားတွေ ရှိနိုင်ပါတယ်။ နှစ်ဆယ်ရာစုရဲ့ အထူးချွန်ဆုံး ပညာရှင် တစ်ဦးဖြစ်တဲ့ အိုင်းစတိုင်း ရဲ့ ယေဘုယျ သီအိုရီ ပေါ်ထွက်ခါစ မှာ လက်ခံ နားလည်တာ နှစ်ဦးပဲ ရှိတယ်လို့ ဆိုပါတယ်။ ခုတော့ သိပ္ပံ အခြေခံရှိသူ အားလုံး လက်ခံလာကြပါပြီ။ မူလတန်းကျောင်းသားလေး တစ်ဦးဟာ အထက်တန်း ဆင့် မှာ သင်တဲ့ အကြောင်းအရာ တွေဟာ ခက်ခဲရှုတ်ထွေးလွန်းလို့ လက်ခံနိုင်ဖွယ် မရှိဘူးလို့ ပြောတာနဲ့များ ဥပမာပြု နိုင်မလား လို့ စဉ်းစား ရှုမြင်မိပါတယ်။

အနှစ်ချုပ် ပြန်ပြောရရင် .. .. ဓမ္မတရားဆိုတာ သဘာဝ အမှန်တရားပါ။ သူ့ အသက်သတ်တာနဲ့ သူ့အသက် သေသွား တာ မတူပါဘူး။ ဥာဏ်မမှီ နိုင်သေးတဲ့ အမှန်တရား၊ အကြောင်းအရာတွေ ရှိနိုင်ပါတယ်။ မေးခွန်းရှင်နဲ့ မေးခွန်းရှင်ကဲ့သို့ တွေးတောစဉ်းစားမိသူများ အမြင်ရှင်းစေ လိုသည့် စေတနာဖြင့် …… ။


Myanmar Express
Shared from ဓမ္မ စာပေများ (FB)

No comments:

Post a Comment