Thursday, January 16, 2014

အလှူဒါန ( ၇ ) မျိုး


အခါတစ်ပါး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ လူငယ်တစ်ယောက်သည်
"အရှင်မြတ်ဘုရား အကျွန်ုပ်သည် မည်သည့်အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။
အဘယ့်ကြောင့် မအောင်မမြင် ဖြစ်နေရပါသနည်း ဘုရား" ဟုမေးလျှောက်၏။

"ချစ်သားသည် အလှူဒါန မပြုတတ်၍ ဖြစ်သည်" ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။
"ငွေကြေးတစ်ပြား တစ်ချပ်မျှ မရှိသော အကျွန်ုပ်အဖို့  မည်ကဲ့သို့ သော အလှူဒါန ပြုနိုင်ပါမည်နည်း"ဟု
လူငယ်က မေးလျှောက်သည်တွင် မြတ်စွာဘုရားက…

"ချစ်သား… ဤသို့ မဟုတ် သည်ကိုမှတ်သားလော့။
တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်း
သူတစ်ပါးကို ပေးကမ်းနိုင်သော အလှူဒါန (၇) မျိုးရှိသည်" ဟု
မိန့် တော်မူခဲ့လေ၏။ ထို (၇) မျိုးမှာ -

(၁) မျက်နှာ ဟန်ပန်အမူအရာဖြင့် အလှူဒါနပြုခြင်း
- အပြုံးဖြင့် ဖေါ်ရွေစွာ ဆက်ဆံခြင်း ကိုဆိုလိုပါသည်။

(၂) နှုတ်ဖြင့် အလှူဒါနပြုခြင်း
- အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊
နွေးထွေးသော စကားများ ပြောဆိုခြင်းကို ဆိုလိုပါသည်။

(၃) စိတ်ဖြင့် အလှူဒါနပြုခြင်း
- စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်းကို ဆိုလိုပါသည်။

(၄) အမြင်ဖြင့် အလှူဒါနပြုခြင်း
- ကောင်းသောစေတနာ အမြင်ဖြင့် သူတစ်ပါးကို ကြည့်မြင်တတ်ခြင်း ကိုဆိုလိုပါသည်။

(၅) ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း
- ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကိုကူညီပေးခြင်း ကိုဆိုလိုပါသည်။

(၆) နေရာထိုင်ခင်းဖြင့် အလှူဒါနပြုခြင်း
- လှေစီး၊ ကားစီးသည့်အခါ အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးသူငယ်တို့အား
မိမိထိုင်ခုံနေရာကို ပေးကမ်း၍ ထိုင်စေခြင်းကို ဆိုလိုပါသည်။

(၇) နေအိမ်တည်းခိုရာ အခင်းအကျင်းဖြင့် အလှူဒါနပြုခြင်း
- မိမိ၏ နေအိမ်နေရာကို သူတစ်ပါးတို့အား ခေတ္တသော်လည်းကောင်း
တည်းခိုရာနေရာ ပေးခြင်းကို ဆိုလိုပါသည်။

မည်သူမဆို၌ ဤအလှူဒါန (၇) မျိုးသော ကောင်းမှုကုသိုယ်ကို
ပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင်
အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်ပါလာမည်သာ ဖြစ်ပေသည်။


ပါမောက္ခ ဒေါ်ခင်ဖြူ ( မြင်းခြံ ) ဘာသာပြန်ဆိုပေးပါသည်။
(မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ Page မှ ကူးယူမျှဝေပါသည်)

No comments:

Post a Comment