Wednesday, January 1, 2014

အညံ သရဏံ ဂစ္ဆာမိ


ဆင်းရဲအပေါင်းမှ လွတ်မြောက်လိုသူနဲ့၊ ကြီးပွားချမ်းသာလိုကြသူတို့မှာ မတူကွဲပြားတဲ့ ယုံကြည်မှုတွေ ရှိနေတတ်ကြပါတယ်။ ကိုးကွယ်တာနဲ့ ယုံကြည်တာ၊ ကြည်ညိုတာနဲ့ အားကိုးတာ ကွဲပြားနေတတ်ပါတယ်။ ဘုရားကို ကိုးကွယ်နေကြပေမယ့် နတ်အယူအဆတွေကို လက်ခံယုံ
ကြည်နေတတ်ကြတယ်။
ရဟန်းသံဃာတော်များကို ကြည်ညိုပေမယ့် ဘိုးတော် ၀ိဇ္ဇာတွေကို အားကိုးနေတတ်ကြတယ်။ ကိုးကွယ်တာနဲ့ အားကိုးတာ၊ယုံကြည်
တာနဲ့ ကြည်ညိုတာ လွဲမှားနေတတ်ကြတယ်။

အ၀ိဇ္ဇာတိမ်တိုက်တွေဖုံးလွမ်းနေတဲ့ ပုထုဇဉ်အများစု စစ်မှန်တဲ့အလင်းရောင်ကိုပေးစွမ်းနိုင်တဲ့ ဘုရားဟော တရားဓမ္မတွေရှိတယ်ဆိုတာ သိပေမယ့် လက်တွေ့ကျတဲ့ကျင့်ကြံအား
ထုတ်မှု၊ လေ့လာလိုက်စားမှု အားနည်း ကြပြီး၊ 
ပစ္စုပ္ပန်အခက်အခဲတွေကို ဖြေရှင်းနိုင်ရန်အတွက် ဘိုးတော်တို့ ၀ိဇ္ဇာတို့ နတ်တကာတို့ကိုပဲ အားကိုး 
ယုံကြည်နေကြတာ များပါတယ်။ အမေကျော် ဒွေးတော်လွမ်းတယ်လို့ မဆိုချင်ပါဘူး။ ဘုရားမပေးနိုင်တာကိုမှ သူတို့ကလိုချင်ကြတာကိုး။

ချမ်းသာနေရင်လဲ ဘာကြောင့်ချမ်းသာနေတာလဲ၊ စီးပွားတွေ ဖြစ်နေရင်လဲ ဘာကြောင့်စီးပွားတွေ ဖြစ်ထွန်း တာလဲဆိုတာ သုံးသပ်ဖို့လိုလိမ့်မယ်။ ဆင်းရဲနေရင်လဲ ဘာကြောင့်ဆင်းရဲနေရ
တာလဲ အကြောင်းရင်းကို ရှာတတ်ဖို့တော့လိုမယ်။ ဆင်းရဲလေလေ ကိုးကွယ်မှုများလေလေ ဆိုတဲ့လူစားတွေက မိမိဘာကြောင့် ဆင်းရဲနေ
တာလဲဆိုတဲ့အကြောင်းရင်းကို မသိကြလို့ပါ။

အတိတ်ကံကိုအသာထားလို့ ပစ္စုပ္ပန်မှာ ကိုယ့်ရဲ့ ကံဉာဏ်ဝီရိယကို ဘယ်အတိုင်းအတာထိ အသုံးချနေလဲ။ ကိုယ်အသုံးချနိုင်ရင် ချနိုင်သလောက် ချမ်းသာမှာပါ။ ကိုယ့်ရဲ့ကံဉာဏ်ဝီရိယညံ့ဖျင်းမှု
ကြောင့် စီးပွားရေးတွေ မအောင်မြင်တာ၊ လုပ်ငန်းတွေ အဆင်မပြေတာ၊ ကျန်းမာရေးတွေချို့တဲ့နေတာကို ရိုးရာပျက်လို့ နတ်ကိုင်တာလိုလို၊ ဘိုးတော်ကပဲ ဒဏ်ခတ်သလိုလို ထင်နေတတ်ကြပါတယ်။

အဲဒီရိုးရာဆိုတဲ့အရိပ်မဲကြီးအောက်က ရုန်းမထွက်နိုင်ကြတဲ့ မိသားစုတွေဘယ်လောက်များနေသလဲ။ ရိုးရာ ပျက်လို့ ဒုက္ခတွေ့တဲ့ မိသားစုတွေ များစွာရှိပေမယ့် ရိုးရာမစလို့ ချမ်းသာတယ်ဆိုတာကော တကယ်ရှိလို့လား။ အတိတ်ကံအကျိုးပေးချိန်တန်လို့၊ ကိုယ့်ရဲ့
ကံဉာဏ်ဝီရိယနဲ့ယှဉ်ပြီးလုပ်လို့ ချမ်းသာလာကြတာချည်းပါ။

ဘိုးတော်မစလို့ ချမ်းသာသွားတာလား၊ အတိတ်ကံ အကျိုးပေးချိန်နဲ့ ဘိုးတော်မစတာတိုက်ဆိုင်သွားတာလား။ အတိတ်ကံနဲ့ ပစ္စပ္ပန်အားထုတ်မှု မပါပဲ ဘိုးတော် မစတိုင်းသာ ချမ်းသာမည်ဆိုလျင် ဘာလို့ပင်ပန်းခံပြီး အလုပ်လုပ်နေတော့မှာလဲ။ ရိုးရာပျက်လို့ခိုက်တာဆိုရင် ဘာလို့ဆရာဝန်ပြနေတော့မှာလဲ။ တစ်ခါတစ်လေ ဦးနှောက်မပါတဲ့အလုပ်ကို သိသိကြီးနဲ့လုပ်နေကြ
တာ အတော်နားလည်ရခက်ပါလား။ ဓာတ်ခံမကောင်းတဲ့ ခပ်ညံ့ညံ့သမားတွေကြောင့် ရိုးရာတို့ ဘိုးတော်တို့ဆိုတာ ဖြစ်လာသလားလို့တောင် ထင်ရတယ်။

ဘာလို့များ ဘိုးတော်ဆိုတာတွေကိုအားကိုးပြီး၊ ဒီရိုးရာဆိုတဲ့ အမွေအနှစ်ဆိုးကြီးကို ပေးခဲ့တာလဲဆိုပြီး တမလွန်ရောက်သွားတဲ့ ဘိုးဘွားတွေကို လိုက်ပြီးရန်တွေ့လိုက်ချင်တာ။ ပေးခဲ့ပါတော့
လားငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့ရာသက်ပန် စောင့်ထိမ်းရမယ်၊ နေ့စဉ်ဘုရားရှိခိုးရမယ်၊ ကိုယ်ကျင့်တရားကောင်းရမယ်၊ ရိုးသား ကြိုးစားရမယ်လို့။ ခုတော့ သူတို့လုပ်ခဲ့တဲ့ပေါက်ကရအလုပ်တွေ
ကို နောက်လူတွေ အဟုတ်ထင်ပြီးကိုးကွယ် နေကြပြီလေ။

အဲဒီအဖိုးအဖွားတွေပေးခဲ့တဲ့ ရိုးရာအမွေဆိုးကြီးကို လက်ခံကျင့်သုံးမှာလား။ ဘုရားရှင်ရဲ့ ဗုဒ္ဓဘာသာအမွေ ကို လက်ခံကျင့်သုံးမှာလား။ သားစိမ်းငါးစိမ်းကို သတ်ဖြတ်ပြီး ပူဇော်
ပသပေးရတဲ့ အဲဒီရိုးရာက ဘီးလူးနဲ့ အမျိုးတော်တဲ့ မကောင်းဆိုးဝါးပဲဖြစ်ရမယ်။ လူလူချင်းတောင် မလေးစားတဲ့ အမူးသမားကို အရက်တိုက် ပြီးမေးလို့ကော ဘာထူးမှာလဲ။ အမူးသမားစကား ဘယ်တုန်းကမှန်ဖူးလို့လဲ။ သာမံလူပိန်းတောင် တွေး
သိနိုင် တဲ့ကိစ္စကို စီးပွားရေး ၀ိသမလောဘတွေ တက်ပြီး ဆင်ချင်တုံတရားကင်းမဲ့စွာ အယူမသီးချင်စမ်းပါနဲ့။ ရိုးရာ ပျက်လို့ ပျစ်စီးသွားတာတွေ၊ ရိုးရာခိုက်လို့ ဒုက္ခရောက်ရတာတွေရှိပေမယ့်
ရိုးရာမစလို့ ချမ်းသာသွားတာဆို တာတော့ ရှိလိမ့်မယ်မထင်ပါဘူး။

ကံငါးပါးလှုံခြုံနေမယ်၊ စိတ်ကောင်းလေးမွေးပြီး နေ့စဉ်ဘုရားရှိခိုး ဆွမ်းရေချမ်းပန်းဆီမီးကပ်လှူတာလေး ကိုသာ ဗုဒ္ဓဘာသာရဲ့ ရိုးရာတစ်ခုအနေနဲ့ မပျက်မကွက်ဆောင်ရွက်လုပ်ကိုင်နေမယ်ဆိုရင်
နတ်တွေ ဘိုးတော်တွေကို အဖေခေါ်ပြီး အိမ်ပေါ်တင်ထားစရာ မလိုလောက်ပါဘူး။ စီးပွားရေးအတက်အကျနဲ့ ကြီးပွား ချမ်းသာဖို့ ဆိုတာကတော့ အတိတ်ကံစေတနာနဲ့ ပစ္စပ္ပန်လုပ်ဆောင်ချက်
အပေါ်မှာပဲ မူတည်မှာပါ။

မိဘခိုင်းတာမလုပ်၊ မိဘစကားနားမထောင်တဲ့ သားသမီးကို မကောင်းကြံပြီး ဒုက္ခရောက်အောင်လုပ်တဲ့ မိဘဆိုတာမရှိပါဘူး။
ဆရာ့စကားနားမထောင်တဲ့တပည့်ကို ဘေးဒုက္ခနဲ့ကြုံပါစေဆိုပြီး ဆုတောင်းပေးတဲ့ ဆရာဆိုတာမရှိပါဘူး။ ဗုဒ္ဓရဲ့အဆုံးအမကို မလိုက်နာရကောင်းလားဆိုပြီး ဒုက္ခတွင်းထဲဆွဲချတဲ့ ဘုရားဆိုတာ လဲ
မရှိပါဘူး။ ဒါပေမယ့် ရိုးရာပျက်လို့ခိုက်တယ်ဆိုတာတော့ ရှိပါတယ်။ မိဘလောက်မှ အားမကိုးထိုက်တဲ့ ဆရာလောက်မှ လေးစားဖို့ မကောင်းတဲ့ အဲဒီရိုးရာဆိုတာကြီးကို ဘုရားထက်ပိုပြီး ယုံကြည်
ကိုးစားနေ ကြတော့မှာလား။ စဉ်းစားပါဦး။

ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ `ငါသရဏဂုံတည်ပါတယ်´လို့ ရဲရဲကြီး အာမမခံနိုင်တဲ့သူတွေ အများစု၊ ရတနာမြတ်သုံးပါး၏ ဂုဏ်တော်တွေကို
မသိနားလည်ကြတဲ့ အန္ဓဗုဒ္ဓဘာသာအများစုတို့က ရိုးရာနတ်ဝါဒကို ယုံကြည်ကိုးကွယ်တတ်ကြတယ်။ ခိုက်မှာကြောက်လို့၊ တစ်ခုခုလုပ်မှာ စိုးလို့ဆိုတဲ့ အကြောက်တရားတွေက မသိချင်းကစတာပါပဲ။
ဒါကြောင့် ရတနာမြတ်သုံးပါးရဲ့ အနှိုင်းမဲ့ဂုဏ်တွေကို သိအောင်လုပ်ပါ။ ရိုးရာနတ်တို့ ရဲ့ သမိုင်းကြောင်းကိုလေ့လာပါ။ နှိုင်းယှဉ်ပါ။ သုံးသပ်ပါ။
ရောင်တောင်တောင်ဘ၀နဲ့ လမ်းမဆုံးပါစေနဲ့။

သမိုင်းကြောင်းအရ လူတို့ကိုးကွယ်နေကြတဲ့ ရိုးရာနတ်အများစုရဲ့ အတ္ထုပ္ပတ္တိကိုကြည့်လိုက်ရင် အစိမ်းသေသေပြီး ကြေကွဲဖွယ် ဖြစ်ရပ်တွေနဲ့ မကျွတ်မလွတ်ကြသူတွေချည်းပါပဲ။ ဘုရားရှင်ကလဲ နတ်ကိုကိုးကွယ်ဖို့ မဟောခဲ့ပါဘူး။ မေတ္တာပို့ပေးရမယ်၊ အမျှတမ်းပေးဝေရမယ်ဆိုတာ မေတ္တသုတ်ပရိတ် အကြောင်းကို လေ့ လာဖူးရုံမျှနဲ့ သိနိုင်ပါတယ်။

ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူခေတ်မှစ၍ လူတို့ ကိုးကွယ်လာကြသော ရိုးရာနတ်တို့ရဲ့ သမိုင်းအကျဉ်းကို လေ့ လာကြည့်လျင် ယောက်ျား မိန်းမ၊ ရှင်၊ လူ၊ သိကြား အစုံပါဝင်ပြီး၊ ဗမာ၊ မွန်၊ ရှမ်း၊ ကုလား၊ ယွန်း၊ ပုဏ္ဏားစတဲ့ လူမျိုးပေါင်းစုံပါဝင်နေတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားနှင့် အိမ်နီးချင်းနိုင်ငံတို့က ကိုးကွယ်ကြပြီး၊ သိကြား၊ ဘုရင်၊ မင်းသား၊ မင်းနွယ်၊ မိဖုရား၊ အမတ်၊ အမှုထမ်း၊ ကုန်သည်၊ ဆင်းရဲသားစသည်ဖြင့် အလွှာပေါင်းစုံ ပါဝင်ပါတယ်။ သေခဲ့ကြပုံများကတော့ ကျားကိုက်၊ မြွေကိုက်၊ မီးလောင်၊ စိတ္တဇဖြစ်၊
ကွပ်မျက် ခံရခြင်း၊ ဖျားနာခြင်း၊ ဘိန်း အရက်စွဲခြင်း၊ ကုဋ္ဌနူနာဖြစ်ခြင်း စသည်တို့ ဖြင့် အသေဆိုးနဲ့သေခဲ့ကြရပြီး တစ်ချို့နတ်များမှာ သမိုင်းပင် မယ်မယ်ရရ မရှိပါဘူး။

`ဗုဒ္ဓေါ မေ သရဏံ အညံနတ္ထိ၊ ဓမ္မော မေ သရဏံ အညံနတ္ထိ၊ သံဃော မေ သရဏံ အညံနတ္ထိ´ဆိုပြီး ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာတစ်ယောက်လို့ ခံယူထားကြသူတွေ သေချာစဉ်းစားသင့်ပါတယ်။ အထက်တန်းကျတဲ့ ဗုဒ္ဓဘာသာတစ်ယောက် မဖြစ်သည့်တိုင် ယုတ္တိမရှိတဲ့ အတွေးအခေါ်နဲ့ အောက်တန်းကျတဲ့ ကိုးကွယ်မှုမျိုး ကို ပြုမှုနေကြတာ ရှက်စရာတော့ အတော်ကောင်းနေပြီနော်။

`ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိစ´စသော ဘုရားဟော ဒေသနာတော်အရဆိုရင်တော့ ရတနာ
သုံးပါးကို ကိုးကွယ်မှုမှတစ်ပါး အခြားသစ်ပင်တောတောင်၌နေကြသော အစောင့်ရှောက်နတ်များနှင့်
တကွ ရိုးရာ၊ ဘိုးတော်၊ အစိမ်းစသည်တို့ကို ကိုးကွယ်ခြင်းသည် ကြောက်ခြင်း၊ လာဘ်လာဘကို မျှော်ကိုးခြင်း စသည်တို့ကြောင့် ဖြစ်တယ်လို့ ဓမ္မပဒမှာ ပါရှိပါတယ်။

ကြောက်တာက ဒေါသ၊ လာဘ်လာဘမျှော်ကိုးတာက လောဘ။ တကယ်တော့ ဘိုးတော်နဲ့ နတ်ကတော်ဆိုတာ ဘာသာရေးမှုံဝါးဝါးနဲ့ ၀ိသမလောဘသားတွေကို ရိုက်စားလုပ်နေတဲ့ ဘာသာရေး မျက်လှည့်ဆရာတွေ ဆိုရင်လဲ မှားမယ်မထင်ပါဘူး။ အရက်သောက်တဲ့နတ်က အရက်မသောက်တဲ့ လူလောက်မမြတ်ဘူး ဆိုတာတော့သေချာပါတယ်။ အပါယ်မကြောက်တဲ့ စီးပွားရေး
အချောင်သမားတွေနဲ့၊ နလပိန်းတုန်းတွေလောက်သာ
ပူဇော်ပသကြတာပါ။ ကိုယ်ပါရောရောင်ပြီး မပါချင်စမ်းပါနဲ့။

ပညာရှိ/မရှိ စကားအသွားအလာကိုကြည့်ပြီး သိနိုင်ပါတယ်။ ကိုးကွယ်နေမှုကိုကြည့်ပြီး ဘာသာရေးအဆင့်အတန်း ဘယ်လောက်ရှိလဲဆိုတာ သိနိုင်ပါတယ်။ ဧဟိ ပဿိကဆိုတာ တရားဂုဏ်တော်မှာ ပါပြီးသားပါ။ ဗုဒ္ဓ၀ါဒက တံခါးပိတ် ကျင့်သုံးစရာမလိုပါဘူး။ သိအောင်လုပ်ရမယ်၊ လေ့လာရမယ်၊ အကြောင်းအကျိုး အမှား အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရမယ်။

ကေသမုတ္တိသုတ်တော်မှာ “အစဉ်အဆက်ဖြစ်ကာမျှနှင့်လည်း မယူလင့်၊ ပိဋကတ်စာပေနှင့် ညီညွတ်ပေသည်ဟုလည်း အမှန်မယူလင့်ဦး”ဆိုပြီး အတိအလင်းဟောထားပါတယ်။ ဂုဏ်တော်ရဲ့ အနက်အဓိပ္ပါယ်တွေ ကို သိနားလည်ပြီး နှလုံးသားမှာ သရဏဂုံတည်နေတဲ့ ဗုဒ္ဓဘာသာစစ်စစ်သာ ဖြစ်မည်ဆိုရင် `အညံ သရဏံ ဂစ္ဆာမိ´ဆိုပြီး ရောင်လို့တောင် ကိုးကွယ်မိမှာ မဟုတ်ပါဘူး။

ကိုယ့်ဦးနှောက်ကို အသုံးချတတ်ပါစေ။ တွေးတောဆင်ခြင်ပါ။ ဝေဖန်ဆန်းစစ်ပါ။ ဘိုးဖွားတွေဆီကနေ ဘာမှန်းမသိ ညာမှန်းမသိ ခံယူလာတဲ့ ရိုးရာဆိုတဲ့အမွေကို သားစဉ်မြေးဆက်တိုင်အောင် မျက်စိမိတ်ပြီး လက်ဆင့်ကမ်း သယ်ယူခိုင်းတော့မှာလား။ ဘထွေးကို အိမ်ပေါ်ခေါ်တင်ထားတာ အဖေ့ကိုမျက်နှာပြောင် တိုက်သလို ဖြစ်မနေဘူးလား။

ရိုးရာနဲ့ နတ်ဆရာဆိုတာ ကြောက်တဲ့သူကို ဖြဲပြီးချောက်တတ်တယ်။ ယုံလွယ်သူကို လှည့်စားတတ်တယ်။ ဆင်ခြင်တုံတရားကင်းမဲ့သူကို ဖိနှိုက်တတ်တယ်။ ဘာသာရေးဗဟုသုတမရှိသူကို စည်းရုံး သိမ်းသွင်းလေ့ရှိတယ်။ အခြေခံဦးနှောက်မရှိတဲ့ ခပ်ညံ့ညံ့သမားတွေကို တစ်မျိုးပြီးတစ်မျိုး အနှောက် အယှက်ပေးလေ့ရှိတတ် တယ်။ ကိုယ်ဘယ်ထဲမှာပါနေပြီလဲ။

“အမွှေးအကြိုင်၊ မုန့်စိုင်မုန့်ခဲ၊ ကြက်ဝက်လဲ၍၊ ပုံနှဲခရာ၊ တီးမှုတ်ကာနှင့်၊ ချမ်းသာဆင်းရဲ၊ ပေးစမြဲဟု၊ စိတ်ထဲထင်မှတ်၊ ငနတ်တို့ကို၊ မပြတ်ကိုးကွယ်၊ အန္တရာယ်လည်း၊ ကိုယ်ဝယ်လွတ်ကင်း၊ မရှိလျှင်း၏” (အရှင်မဟာသီလ၀ံသ၊ သံဝေဂခန်းပျို့)တဲ့။ မိရိုးဖလာတွေကို မပယ်စွန့်နိုင်သည့်တိုင် အစွန်းရောက် ကိုးကွယ်မှု၊ ကြက်ဝက်သတ်ပြီးပူဇော်ပသမှုမျိုး မလုပ်မိအောင်တော့ ရှောင်ကြည်သင့်ပါတယ်။ သားစိမ်းငါး စိမ်းကြွေးပြီး တစ်နှစ်တစ်ခါ နတ်စားမည့်အစား အလှူလုပ်ပြီး မကျွတ်မလွတ်နိုင်ကြသေးတဲ့ အမိရိုးရာ အဖရိုးရာတွေကို အမျှတမ်းပေးဝေတာ နှစ်ဦးနှစ်ဖက်အတွက်
ပိုပြီးတော့အကျိုးရှိမှာပါ။

ချွတ်လို့ရနေတဲ့အစွန်းအထင်းကို သံသရာအထိပါအောင် မယူဆောင်ချင်ပါနဲ့။ ရိုးရာပျက်ကွက်လို့ တစ်ခု ခုဖြစ်မှာကို ကြောက်တာနဲ့၊ ရိုးရာအတွက် ကြက်ဝက်သတ်လို့ သံသရာရာမှာ ပြန်ခံရမည့်အကုသိုလ် ယှဉ်ထိုး ကြည့်ပါ။ မိဘဆီကရထားတဲ့ အမွေဆိုးကြီးကို ကိုယ့်သားသမီးလက်ထဲ ဒီအတိုင်း ထိုးအပ်ကြတော့မှာ လား။ ဉဏ်လေးနဲ့ယှဉ်ပြီးတော့စွန့်သင့်တန်စွန့်၊ပယ်သင့်တန်ပယ်၊ ပြင်သင့်တန်ပြင်၊ ပြောင်းလွဲသင့်နေပါပြီ။

ဘုရားရှင်က `အတ္တာ ဟိ အတ္တနော နာထော´ကိုယ့်ကိုကိုယ် အားကိုးပါတဲ့။ ကိုယ့်ရဲ့ ကံဉာဏ်ဝီရိယနဲ့ ယှဉ်ပြီး သမ္ပဒါတရားနဲ့အညီ ကြိုးစားပါ။ သရဏဂုံတကယ်တည်ပြီး ပီပြင်တဲ့ ဗုဒ္ဓဘာသာ တစ်ယောက် ဖြစ်ဖို့အတွက် သိသင့်သိထိုက်တဲ့ ဘာသာရေးအခြေခံတွေကို သိအောင်
လုပ်ပါ။ လေ့လာပါ။ ကံငါးပါးကို အတတ်နိုင်ဆုံး လုံခြုံအောင် စောင့်ထိမ်းပါ။ နေ့စဉ်ပြုလုပ်ရမည့် ဘုရားရှိခိုး၊ မေတ္တာပို့၊ ဆုတောင်း အမျှဝေစတဲ့ ဘာသာရေး အခြေခံလုပ်ငန်းတွေကို မပျက်မကွက် ဆောင်ရွက်ပါဟု…..။

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

No comments:

Post a Comment