မကောင်းမှုများကို စိတ်ဖြင့်ရှောင်ခြင်းသည် မြတ်သော
မင်္ဂလာမည်၏။
အာရတီပါပါ ဧတံ မင်္ဂလမုတ္တမံ။
မကောင်းမှုများကို စိတ်ဖြင့်ရှောင်ခြင်းသည် မြတ်သောမင်္ဂလာ မည်၏။ မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တစ်ခါတုန်းက သူဋ္ဌေးသားတစ်ယောက်ဟာ လမ်းတစ်နေရာမှာ ရပ်နေပါတယ်။ အဲဒီအချိန်မှာပဲ သူဋ္ဌေးသားရဲ့ရှေ့မှာ အလွန်လှတဲ့ လင်မယားနှစ်ယောက် လျှောက်လာပါတယ်။ သူဋ္ဌေးသားဟာ လင်မယားနှစ်ယောက်ကို ကြည့်ရင်းကြည့်ရင်းနဲ့ ဘာဖြစ်လာသလဲဆိုတော့ မျက်လုံးထဲမှာ ယောက်ျားလုပ်သူကို မမြင်တော့ဘဲ မိန်းမလုပ်သူကိုပဲ မြင်တော့ပါသတဲ့။
ဒီတော့ သူဋ္ဌေးသားရဲ့စိတ်ထဲမှာ ဘာတွေဖြစ်လာသလဲဆိုတော့ ကိုယ့်ရှေ့မှာလျှောက်လာနေတဲ့ အမျိုးသမီးအပေါ်မှာ ပြစ်မှားလိုတဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာပါသတဲ့။
သူဋ္ဌေးသားဟာ အမျိုးသမီးကို မျက်တောင်မခက်ဘဲကို ကြည့်နေမိရင်း အဘိဓမ္မာ သဘောတရားတစ်ခု ဖြစ်တဲ့ ရူပါရုံနဲ့ စက္ခုပသာဒ ပေါင်းဆုံမိခြင်းကြောင့် ရာဂဆိုတဲ့သားတွေ တစ်ယောက်ပြီး တစ်ယောက် မွေးဖွားနေပါတော့တယ်။ သူဋ္ဌေးသားကသာ အမျိုးသမီးကို ကြည့်ပြီး ရာဂဆိုတဲ့သားတွေ တစ်ယောက်ပြီး တစ်ယောက် မွေးဖွားနေတာ၊ အမျိုးသမီးဖြစ်သူကတော့ သူဋ္ဌေးသားကို သတိမထားမိပါဘူး။ သူ့ခင်ပွန်းနဲ့သူ ရယ်လို့မောလို့ စကားတပြောပြောနဲ့ပါ။
သူဋ္ဌေးသား ဖောက်ပြန်ပစ်မှားတဲ့စိတ်တွေ ဖြစ်နေဆဲမှာပဲ
စုံတွဲလင်မယားနှစ်ယောက်က သူဋ္ဌေးသားရဲ့ ရှေ့က
ဖြတ်သွားပါတယ်။ သူဋ္ဌေးသားက လင်မယားနှစ်ယောက်
သူ့ရှေ့က ဖြတ်ကျော်သွားမှပဲ သူ မကောင်းစိတ်တွေ ဖြစ်နေပါလားဆိုတာ သိလိုက်ရပါတယ်။
သတိပြန်ဝင်လာတာနဲ့အတူ.. ငါ့သန္တာန်မှာ ဖြစ်နေတဲ့ ရာဂဟာ
အပါယ်ကျကြောင်းပဲဆိုပြီး တော်တော်လေးတုန်လှုပ်သွားပါတယ်။ သူဋ္ဌေးသားဟာ မတ်တပ်ရပ်လျက်ပဲ ဖြစ်နေတဲ့ ရာဂစိတ်ကလေးကို သတိထားကြည့်လိုက်ပါတယ်။
ရာဂလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုလေး ဖြစ်နေတာလည်း စသည်ဖြင့် သဘောလေးအထိမိအောင် စူးစိုက်ပြီး ကြည့်ပါတယ်။ စိတ်ကို စိတ်နဲ့ပြန်ကြည့်တာပါ။ ပြီးတော့ ရာဂဖြစ်တယ်၊ ရာဂဖြစ်တယ်.. ဆိုပြီး ၀ိပဿနာ ရှုမှတ်ပြစ်လိုက်တာ ဥာဏ်စဉ်တွေ အဆင့်ဆင့် ၀င်လာပြီး နေရာမှာတင် ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။
(ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ပါနီယဇာတ်)
ကိုယ့်ကိုယ်ကို သတိပေးတဲ့အနေနဲ့ ဆရာတော်ဦးဇောတိက၊
ဆရာတော် ဦးဆန္ဒာဓိကတို့ရဲ့စာအုပ်တွေ ပြန်ဖတ်ဖြစ်တိုင်း
ဝင်လာနေကြအတွေးလေး တစ်ခုရှိပါတယ်။ အဲဒီအတွေးလေး
ကတော့… ငါ စိတ်ထားတွေ မြင့်မြတ်နေအောင် ဘယ်လိုနေထိုင်မလဲ.. ဆိုတဲ့ အတွေးလေးပါ။ အဲဒီအတွေးလေးနဲ့ မရှေ့မနှောင်းမှာပဲ အတွေးစည်းမျဉ်းတချို့လည်း ဆင့်ကဲဆင့်ကဲ ပေါ်လာတတ်ပါတယ်။
အတွေးစည်းမျဉ်းတချို့ကတော့ ငါအရာရာကို ကိုယ်ချင်းစာစိတ်နဲ့ ပြုမူနေထိုင်မယ်။ တစ်ဖက်သားစိတ်ဆင်းရဲစေမယ့် အတွေးမျိုး အပြောမျိုး... မတွေးဘူး၊ မပြောဘူး၊ ဆိုတဲ့ စည်းမျဉ်းလေးပါ။
အဲဒီအတွေးစည်းမျဉ်းလေး ဖြစ်နေတုန်း နှစ်ရက်သုံးရက်အတွင်း သတိကပ်နေဖြစ်တာဆိုတော့ ကိုယ်ကိုယ်ကို ကြည်ညိုမှုလေးတွေနဲ့ စိတ်ငြိမ်းချမ်းမှုလေးတွေကို မသိမသာလေးရနေပါတယ်။ နှစ်ရက်သုံးရက် လွန်တဲ့အခါမှာတော့ အတွေးစည်းမျဉ်းတွေက ဘယ်လိုကနေဘယ်လို ပျက်ပြယ်သွားတယ်ဆိုတာတောင် သတိမထားဖြစ်လိုက်ပါဘူး ။
စည်းမျဉ်းတွေ ပျက်ပြယ်တဲ့ အချိန်မှာ အာရုံတစ်ခုကို အမှီပြုပြီး
ထုံးစံအတိုင်း ခပ်ညံညံစိတ်ကလေးတွေ ၀င်လာတော့တာပါပဲ။
အဲဒီခပ်ညံညံစိတ်ထားလေးတွေကို တွေမိရင်း.. ငါ ဒီဘ၀ စိတ်ထားမြင့်မြတ်သူ မဖြစ်နိုင်တော့ဘူးလားဆိုပြီး စိတ်ဆင်းရဲရပြန်ပါရော။ နောက်ဆုံးတော့ ကိုယ့်စိတ်ထား ညံ့နေတာလေးကို သိနေတာလေးရယ်ကကို စိတ်ထားမြင့်မြတ်ဖို့ ဖြစ်နိုင်စရာ အခွင့်အရေးတစ်ခုပဲလေဆိုပြီး ကိုယ်ကိုယ်ကို ဖြေသိမ့်လိုက်ရပါတယ်။
အာရတိပါပါ = မကောင်မှုတွေကို စိတ်နဲ့ရှောင်ပါတဲ့။ ဘယ်လိုရှောင်မလဲ…… စိတ္တာနုပဿနာ သတိပဋ္ဌာန်ပွါးများပြီး ရှောင်တာကို မြတ်စွာဘုရားက အနှစ်သက်ဆုံး၊ သဘောအကျဆုံးပါပဲ။
ဒါကြောင့် ၀ိပဿနာ အခြေခံသဘောလေးကို နည်းနည်းလောက်
ရေးပြပါရစေ။
ဝိပဿနာရှုမှတ်တဲ့ယောဂီဟာ အခြေခံနှစ်ချက်ကို သတိထားရပါမယ်။ အဲဒီအခြေခံနှစ်ချက်က
(၁) ပစ္စုပ္ပန်တည့်တည့်ဖြစ်ရမယ်။
(၂) ကိုယ့်ရဲ့ အရှုခံအာရုံဟာ ထင်ရှားရှိရမယ် ဆိုတဲ့ အချက်နှစ်ချက်ပါ။
ဥပမာ - ရေချိုးနေတုန်းမှာ ၀င်တယ် ထွက်တယ်၊ ဒါမှမဟုတ် ဖောင်းတယ်၊ ပိန်တယ်လို့ ရှုမှတ်လို့မရပါဘူး။ ရေချိုးနေတာ ထင်ရှားနေတဲ့အတွက်၊ ရေချိုးနေတဲ့ ကိုယ်အမူအရာကိုပဲ မှတ်ရမှာပါ။ အထူးသဖြင့်တော့ ကိုယ်ရဲ့ အရှုခံအာရုံဟာ ထင်ရှားရှိနေဖို့ပါ။
စိတ်အမူအရာ ဖြစ်တိုင်းဖြစ်တိုင်း လိုက်လိုက်မှတ်နေတာ၊ လိုက်လိုက်
သိနေတာကို စိတ္တာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။
ရှင်းအောင်ပြောရရင်တော့ ရှေ့စိတ်ဖြစ်နေတာလေးကို နောက်စိတ်ကလေးက လိုက်လိုက်သိနေတာပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ ရှေ့စိတ်ဖြစ်ဘိ နောက်စိတ်သိ သိတိုင်းအပူစင်ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက်စေချင်ပါတယ်။
ဆိုပါစို့… ကိုယ်ကလူတစ်ယောက်ကို အကြောင်းကိစ္စတစ်ခုနဲ့
ဒေါသဖြစ်လိုက်ပြီ။ ဒါဆို လုပ်နေတဲ့အလုပ်ကို ချက်ချင်းရပ်ပစ်လိုက်ပြီး ဖြစ်နေတဲ့ ဒေါသလေးကို သတိထားစိုက်ကြည့်လိုက်ပါ။ ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုလေးဖြစ်နေတာလည်း စသည်ဖြင့် ဒေါသရဲ့သဘောလေး အထိမိအောင် သတိထားကြည့်လိုက်ပါ။ ဒါဆို နှလုံးက ပုံမှန်ထက်ခုန်နေတာ၊ ခန္ဓာကိုယ်က တင်းကျပ်နေတာ၊ (တချို့ဆို အသားတွေတောင် တဆတ်ဆတ်တုန်နေတတ်ပါတယ်။ပင်ပန်းနေတာ၊ ပူလောင်နေတာ စသည်တွေကို တွေရပါလိမ့်မယ်။)
အဲဒီဒေါသရဲ့ သဘောလေးကို သိနိုင်သမျှသိအောင် သတိကပ်ပြီး
ဒေါသဖြစ်တယ်၊ ဒေါသဖြစ်တယ်လို့ အချက်သုံးဆယ် လေးဆယ်လောက် မှတ်ပစ်နေလိုက်ပါ။ တကယ်တော့ ၀ိပဿနာမှာ
စကားလုံးဆိုတာ မလိုပါဘူး။ ဒါပေမဲ့ ၀ိပဿနာ အားမထုတ်ဖူးသေးတဲ့ သူတစ်ယောက်အနေနဲတော့ စကားလုံးကို အကူအညီယူပြီး မှတ်တာ ပို အဆင်ပြေတတ်ပါတယ်။ ၀ိပဿနာကို တော်တော်လေး အားထုတ်ဖူးတဲ့သူကတော့ စကားလုံးမလိုပါဘူး။ ဖြစ်နေတဲ့ ဒေါသလေးကို သိနေဖို့ပါဘဲ။
အတိတ်အတိတ်ဘ၀က ၀ိပဿနာ အထုံပါရမီပါခဲ့သူ၊ ဒါမှမဟုတ်
လက်ရှိ ပစ္စုပ္ပန်ဘ၀မှာ ၀ိပဿနာတရားကို တော်တော်လေး
အားထုတ်ဖူးတဲ့သူဆိုရင် စူးစိုက်ပြီး ရှုမှတ်နေစဉ်မှာပဲ ဖြစ်နေတဲ့
ဒေါသလေးလည်း ကုန်ပျက်ကုန်ပျက်သွားတာကို တွေ့လိုက်ရပါလိမ့်မယ်။ အဲဒီလို ကုန်ပျက်နေတဲ့ သဘောလေးကို သိခွင့်ရလိုက်မယ်၊ သိခွင့်ရလိုက်ပြီဆိုရင်တော့.. သြော်… ငါ့နှယ်ဖြစ်မှဖြစ်ရလေ.. ဆိုပြီး ကိုယ့်ကိုယ်ကို ရှက်ပြုံးလေးတောင် ပြုံးမိလိုက်ပါဦးမယ်။
အကုသိုလ်စိတ်ဖြစ်၊ ဖြစ်တာနဲ့သိ၊ သိတာနဲ့မှတ်ပြီး ပယ်ပစ်တဲ့
အကျင့်လေးကို စွဲနေအောင် ရှေ့ဘ၀အထိ အထုံဝါသနာပါသွားအောင် အထူးလေ့ကျင့်ထားသင့်ပါတယ်။ အကျင့်ဆိုတာ ကျင့်ပါများရင် စွဲသွားတာပါ။ အဓိက ကတော့ စဖြစ်ဖို့ပါ၊ စဖြစ်ရင် စွဲသွားတာပါ။
မကောင်းတဲ့စိတ်ဖြစ်တာက အကုသိုလ်ပါ၊ မကောင်းတဲ့စိတ်ဖြစ်တာကို သိလိုက်တာက ကုသိုလ်ပါ။ သာမန်ကုသိုလ်တောင် မဟုတ်ပါဘူး၊ ဘာဝနာကုသိုလ်ပါ။ ဖြစ်တုန်းကတော့ အကုသိုလ်ပါပဲ။ မှတ်လိုက်တော့ ကုသိုလ်ဖြစ်သွားပါတယ်။ အကုသိုလ်ဖြစ်တာတောင် ကျေးဇူးတင်ဖို့ ကောင်းပါတယ်။
ပုထုဇဉ်ပီပီ အကုသိုလ်စိတ် မကောင်းတဲ့စိတ်တွေကတော့ ဖြစ်နေမှာပါ။ စိတ်မပျက်ပါနဲ့။ စိတ်ပျက်ရမယ့်အရာလည်း မဟုတ်ပါဘူး။ ဖြစ်တာနဲ့သိ၊ သိတာနဲ့ မှတ်ပစ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အကုသိုလ်တစ်ခုကို ရှုမှတ်ပြီး ပယ်ပစ်လိုက်နိုင်တယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကို ကြည်ညိုမှုပီတိတွေ ဖြစ်လာမှာပါ။ အဲဒီကြည်ညိုမှု ပီတိတွေ ဖြစ်လာရင် ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ပျော်ရွင်သွားတယ်ဆိုတာ ရှုမှတ်ဖူးသူတွေ ပိုသိပါတယ်။
ဒီလိုပါပဲ၊ ကိုယ့်စိတ်ညံ့ကလေးကို ပြုပြင်ယူသွားရတာပါပဲ။
ကိုယ်ပြုပြင်ချင်တဲ့စိတ်ရယ်၊ မြင့်မြတ်ချင်တဲ့စိတ်ရယ် ရှိဖို့ပဲ
အရေးကြီးတယ်။ ပြုပြင်ရင်း ပြုပြင်ရင်းနဲ့ပဲ စိတ်ထားတွေ မြင့်မြတ်သွားရတာပါ။ ထိုက်သင့်သလောက် စိတ်ထားမြင့်မြတ်သူ
ဖြစ်လာပြီဆိုရင် ကိုယ်တစ်ချိန်က ဖြစ်ခဲ့တဲ့ အကုသိုလ်တွေ၊
မကောင်းတဲ့စိတ်တွေ ပြန်တွေးမိရင် ရယ်ချင်စရာတွေတောင်
ဖြစ်နေပါဦးမယ်။
ကဲ မကောင်းတဲ့စိတ် ဖြစ်တာနဲ့သိ၊ သိတာနဲ့ မှတ်ကြည့်စမ်းပါလား၊
အကုသိုလ်ကနေ အမြတ်ဆုံး ၀ိပဿနာကုသိုလ် ဖြစ်သွားအောင်လေ။
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:
Post a Comment