Saturday, January 18, 2014

ပထဦးဆုံး သာမဏေ


ရာဟုလာက မြတ်စွာဘုရားဆီ သွားပြီး “ခမည်းတော် အမွေပေးပါ” လို့ တောင်းတယ်။
မြတ်စွာဘုရားက ဘာမှ မိန့်ကြားတော် မမူဘူး။ သပိတ်ပိုက်ပြီးတော့ ကျောင်းတော်ကို ကြွသွားတော် မူတယ်။ ရာဟုလာက နောက်က သင်္ကန်းဆွဲပြီး ကျောင်းတော် ရောက်သည်အထိ တကောက်ကောက်နဲ့ လိုက်တောင်းတယ်။ ယသော်ဓရာက သဘောကျတယ်။
ကျောင်းတော်ရောက်တော့ မြတ်စွာဘုရားက ရာဟုလာကို အထိုင်ခိုင်းတော် မူတယ်။

လက်ယာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာကြီးကလဲ အနားမှာရှိတယ်။ လာပြီး လက်အုပ်ချီနေတော့ မြတ်စွာဘုရားက “ သာရိပုတ္တရာ၊ ရာဟုလာက တို့ကို အမွေတောင်းနေတယ်၊ ဒါပေမယ့် ဒို့များမှာ လောကီစည်းစိမ်ဥစ္စာအမွေ ပေးစရာမရှိဘူး။ ဒီတော့ ဒို့များရှိတဲ့ အမွေပဲ သူ့ကို ပေးရမယ်” လို့ မိန့်တော်မူတယ်။

မြတ်စွာဘုရားမှာ သင်္ကန်းသုံးထည်နဲ့ သပိတ်တစ်လုံးပဲ ရှိတယ်။ မြတ်စွာဘုရားက သာရိပုတ္တရာကို မိန့်တော်မူတယ်။ “ ကဲ အမွေပေးရအောင် သာရိပုတ္တရာ၊ ရာဟုလာကို သင်္ကန်းဝတ် သရဏဂုံ ဆောက်တည်စေပြီး ရှင်သာမဏေ ပြုပေးလိုက် ” တဲ့။ အဲဒီလို ရာဟုလာကို သင်္ကန်းဝတ် ပေးလိုက်ပြီးတော့မှ သူ့ကို ရှင်သာမဏေလို့ အခေါ်အဝေါ် သတ်မှတ်ပေးလိုက်ပါတယ်။

ကိုရင်လေး ရာဟုလာ ခုနစ်နှစ်သာ ရှိသေးတော့ ရဟန်းတော်တွေ စောင့်ထိန်းတဲ့ သိက္ခာပုဒ်တော်တွေကို သူ စောင့်ထိန်းနိုင်မယ် မဟုတ်သေးဘူး။ ငယ်သေးတယ်။ ဒီတော့ သူနဲ့တန်တဲ့ စောင့်ထိန်းမှုကို စောင့်ထိန်းနိုင်အောင် သူ့ကို သိက္ခာပုဒ် ၁၀ ပါး သင်ပေးလိုက်လို့
အရှင်သာရိပုတ္တရာကို မိန့်တော်မူရတယ်။ ဒါနဲ့ အရှင်သာရိပုတ္တရာက ရှင်ရာဟုလာကို သိက္ခာပုဒ် ၁၀ ပါး ကျင့်စေရတယ်။ အဲဒီ အချိန်ကစပြီး ရှင်သာမဏေဆိုတာ သာသနာတော်မှာ ပေါ်လာပါတယ်။ ။

Shared from အနှိုင်းမဲ့ ဗုဒ္ဓ (FB)

No comments:

Post a Comment