Wednesday, January 22, 2014

ရုပ်ပွားဆင်းတု ကိုးကွယ်နည်း


အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို ကြည်ညိုတတ်ကြတယ်။
အဲဒီလိုကြည်ညိုတော့ ဒီပုံဆိုရင်တော့ အန္တရာယ်မင်းမယ်၊
ဒါနဲ့ ထုထားရင်တော့ အန္တရာယ်ကင်းမယ်ဆိုပြီးတော့ အဲဒီလို ကြည်ညိုတတ်ကြတာပဲရှိတယ်။

ဒီအသားနဲ့ထုရင်၊ ဒီပုံထုရင်တော့ လာဘ်လာဘတွေ ပေါမယ်ဟေ့၊
စီးပွားဥစ္စာတွေ တက်တယ်ဟေ့ ဆိုပြီးတော့ ကြည်ညိုတတ်ကြတာတွေ ရှိပါတယ်။

အဲဒီလို ကြည်ညိုတဲ့အခါ သဒ္ဓါတရားကို ပြန်ကြည့်ပါ။

အန္တရယ်ကင်းအောင်၊ အန္တရာယ်တွေ မလာရအောင် လို့၊ ဟာ - ဒက္ခိဏသာခါဆိုရင် မီးကွင်းတယ်ဟေ့၊ ဘာသားဆိုရင် ဘယ်လိုဖြစ်တယ်ဟေ့၊ ရေဆန်သားဆိုရင် ဘယ်လိုဟေ့ စသည်အားဖြင့်
အန္တရာယ်တွေကင်းအောင် ကိုးကွယ်တယ်ဆိုတာက ကြောက်တဲ့ ဒေါသ ပါနေတယ်။

အန္တရာယ်ကင်းအောင်လို့ ကိုးကွယ်တာထက် ကိုးကွယ်ရင် အန္တရာယ် ကင်းတယ်ဆိုတဲ့ အသိချင်းက ကွာသွားပြီ။

အန္တရာယ်ကင်းအောင် ကြောက်လို့ ကိုးကွယ်တယ်ဆိုရင်တော့
အဲဒီ သဒ္ဓါတရားက အားနည်းသွားတယ်။ အစစ်လည်း ဖြစ်ခဲတယ်။

နောက်တစ်ခုက အကျိုးစီးပွားတွေဖြစ်အောင်လို့ ကိုးကွယ်တယ် ဆိုပြန်တော့လည်းပဲ ဘာတွေ ရောတတ်သလဲဆိုတော့ လောဘ ရောတတ်တယ်။

ဟာ - ဒီဘုရားကို ဒီလိုပုံလေးထုမှ လာဘ်လာဘတွေ ရွှင်တယ်ဆိုရင်
အဲဒီအတိုင်း လိုက်လုပ်ကုန်ရော။ အဲဒီအတိုင်းလိုက်လုပ်တော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေ အကုန်ပျောက်ကုန်ရော။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေနဲ့ တူအောင်လို့ ဆိုတာ တကယ့်ကို သဒ္ဓါတရားနဲ့ ပုံတော်ကို ကြည်ညိုတဲ့နေရာမှာ စိတ်ထဲကကို ဘုရားရှင် ကိုယ်တော်မြတ်ကို လက္ခဏာတော်ကြီးငယ်တွေနဲ့ ဒီလိုပုံ ဒီလိုပုံလို့ သိလေလေ၊ ပိုပြီးတော့ သဒ္ဓါက တက်လေလေပဲ။

သဒ္ဓါက တက်လာတော့ ဦးပဉ္စင်းတို့ စောစောက ပြောသလို
ဘုရားဆင်းတုတော်ကို ရွေးတယ်၊ ရွေးတယ်ဆိုတဲ့ သဒ္ဓါတရားက တကယ့် သဒ္ဓါတရား မဟုတ်သေးပါဘူးတဲ့။

တကယ့် သဒ္ဓါတရား အစစ်ကျတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေကို အာရုံပြုတယ်။ လက္ခဏာတော် ကြီးငယ်တွေကို ဘာကြောင့် အာရုံပြုတတ်တာလဲဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ အသားအရေတွေ၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ခြင်္သေ့မင်းကဲ့သို့ ရင်ဘတ်တော်တွေ၊
အဲဒါတွေကို မြင်လိုက်တွေ့လိုက်ရတာနဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေအထိ သွားမြင်တယ်။


(ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်)
~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၄၃) မှ
ကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment