ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်ကြည့်ပါ။
ငါ ခဏခဏ စိတ်တိုနေသလား၊ ခဏခဏ မကျေမနပ် ဖြစ်နေသလား၊ ခဏခဏ အလိုမကျတွေ ဖြစ်နေသလား၊ ဘာမှမဟုတ်ဘဲနဲ့လည်း သူများအပေါ် အပြစ်တွေ မြင်နေတတ်သလား စသဖြင့် သတိပြုကြည့်လိုက်ပါ။
တကယ်လို့ အဲဒီလို ခဏခဏ အလိုမကျဖြစ်လိုက်၊ စိတ်ဆိုးစိတ်တိုလိုက်၊ မကျေမနပ်ဖြစ်လိုက် ဟိုဟာလည်းမဟုတ် ဒါလည်းမဟုတ် ဖြစ်လိုက်ဆိုရင် သေချာတယ် ဒါဟာ ကိုယ့်သန္တာန်မှာ ဒေါသတရားတွေ လွှမ်းမိုးထားနေလို့ပါပဲ။
ဒေါသရဲ့ သဘောလက္ခဏာဟာ အဲဒီလို မကျေမနပ်တဲ့သဘော၊ အလိုမကျတဲ့ သဘော၊ စိတ်ဆိုးစိတ်တိုတတ်တဲ့ သဘောတွေ ခဏခဏ ဖြစ်ပေါ်စေတတ်ပါတယ်။
ထူးဆန်းတာက အဲဒီဒေါသတရားက ကိုယ့်ကိုလွှမ်းမိုးထားရင်
မေတ္တာတရားက ကိုယ့်သန္တာန်မှာ အလိုလိုကို နည်းပါးလာတော့တာ
ဖြစ်ပါတယ်။
ဒေါသအားကြီးရင် မေတ္တာနည်းနေတတ်ပြီး မေတ္တာနည်းရင် ဒေါသအရှိန်ကြောင့် အလိုလို အပူတွေကြီးလာတတ်ပါတယ်။
ဒီတော့ကာ အဲဒီဒေါသကို အနိုင်ယူနိုင်တာဟာ မေတ္တာပဲရှိတဲ့အတွက် အလိုမကျ များများဖြစ်လေ၊ မကျေမနပ် များများဖြစ်လေ၊ စိတ်ဆိုးစိတ်တို များများဖြစ်လေ မေတ္တာကို များများပွားနိုင်အောင် ကြိုးစားလေ လုပ်ရမှာ ဖြစ်ပါတယ်။
မေတ္တာအားများလာလို့ မေတ္တာရဲ့ အေးငြိမ်းမှု သဘောတွေ ကိုယ့်သန္တာန်မှာ ကိန်းလာပြီဆိုရင် ဒေါသလည်း နည်းလာပြီး သည်းခံမှုတွေ၊ တရားနဲ့ ဆင်ခြင်မှုတွေ ရှိလာမှာဖြစ်ပါတယ်။
ဒါဆိုရင် ကိုယ်လည်းမေတ္တာအရှိန်နဲ့ အေးငြိမ်းလာမှာ အမှန်ပဲ ဖြစ်ပါတယ်။
( မနာပဒါယီ အရှင်ဝိစိတ္တ - ဒိုက်ဦး )
No comments:
Post a Comment