သဘာဝတရားကို ဟောထားတဲ့ ဘာသာတရား

 
အခု ဆရာတော်ဦးဇောတိက တရားနာနေတုန်း ဆရာတော်ပြောတာလေး သဘောကျမိတာရှိပါတယ်။ ဗုဒ္ဓဘာသာဟာ ဘယ်သူ့ဘာသာမှ မဟုတ်ဘူးတဲ့။ ဒီစကားဟာ အလွန်မှန်ကန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓမြတ်စွာဘုရားဟာ ကံကံ၏အကျိုးနဲ့ သံသရာရဲ့လည်ပတ်ပုံနဲ့ ဖြတ်တောက်ပုံကို လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီ အလေ့အကျင့်လုပ်ပြီး သိခဲ့ရတာပါ။ သံသရာနဲ့ ယှဉ်ပြောလျှင် ရှေ့ ရှေ့ ဘုရားပေါင်းများစွာဟာလည်း ဒီနည်းလမ်းကို တွေ့ ခဲ့ပါတယ်။ ဥပမာ။ ။ ရိုက်ညီနောင်ဟာ လေယာဉ်ပျံသန်းနည်းကို တွေ့ ရှိခဲ့ပါတယ်။ သူတို့ဟာ ရှိနှင့်ပြီးသော သဘာဝတရားကြီးထဲကနေ ပြုလုပ်နည်းတွေ ရှာဖွေတွေ့ ရှိခဲ့တာပါ။ သဘာဝတရားကို ဖန်တီးခဲ့သူ မဟုတ်ပါ။ အဲ့လိုပါဘဲ ဗုဒ္ဓမြတ်စွာဘုရားဟာလည်း အကြောင်းတရားနဲ့ အကျိုးတရားတို့ကြောင့် ဖြစ်ပျက်နေတဲ့ အစမထင်တဲ့ သံသရာကြီးထဲမှာ သံသရာက လွတ်မြောက်ရာလမ်းကို တွေ့ ရှိခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟာ သိပ္ပံပညာရှင် တစ်ယောက်နဲ့ အလားသဏ္ဌာန် တူပါတယ်။ အသိပညာနဲ့ အတတ်ပညာပဲ ကွာပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက ဒါငါ့တရားလို့ မဟောခဲ့ပါ။ ကာလာမသုတ်မှာ ဟောကြားခဲ့တဲ့ အချက်ဆယ်ချက်မှာ ငါပြောတဲ့ စကားတောင် အတွေးမပါ အကျင့်မပါဘဲ မယုံနဲ့ဆိုတဲ့ သဘောမျိုးပြောခဲ့ပါတယ်။ ဒီလမ်းကိုလျှောက်လျှင် ဒီခရီးကို ရောက်ကြောင်း ရဲရဲကြီး အာမခံထားပါတယ်။ အဲ့ဒါကတော့ တရားဂုဏ်တော်ထဲမှာ ဧဟိပသိကော ( လာလှည့် ကြည့်လှည့် အားထုတ်လှည့် တကယ်တွေ့ရမည် ) ဟုပြောထားပါတယ်။ သိပ္ပံပညာလို H2O ကိုလက်တွေ့ ပေါင်းကြည့်လျှင် ရေအမှန်တကယ် ဖြစ်သလိုပါဘဲ။ ဒီလမ်းကိုသွားလျှင် ဒီခရီး သေချာပေါက်ရောက်ပါတယ်။ ပရမတ္တဆိုတာ မမှားယွင်းတဲ့တရားဖြစ်လို့ ထညက်ချိုတယ်ဆိုရင် ကုလားစားလဲချိုပါတယ်။ တရုတ်စားလဲချိုပါတယ်။ ချိုတဲ့သဘောတရားဟာ ပရမတ္တ ဖြစ်ပြီး ၊ မြန်မာလိုချိုတယ် အင်္ဂလိပ်လို sweet ဆိုတာက ပညာတ်သဘောတရားပါ။ ဒါကြောင့်ဗုဒ္ဓဘာသာဟာ ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ် သူ့ရဲ့လမ်းစဉ်ကို လိုက်နာအားထုတ်လျှင် ငြိမ်းအေးမှုအစစ်အမှန် နိဗ္ဗာန်ကိုရှိနိုင်ကြောင်းပါ။ မယုံရင် တကယ်လုပ်ကြည့်နိုင်ကြောင်း အာမခံထားတဲ့ ဘာသာတရားတစ်ခု ဖြစ်ကြောင်းပါ။ 
စေတနာမေတ္တာဖြင့်
Arakan Patriotic
17.1.2014,6:15PM
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment