Thursday, January 30, 2014

"သေချာတဲ့ လမ်းကို ရွေးပြီးလျှောက်ပါ"


★ တမလွန်ဘဝ နောင်ဘဝကို ဘယ်လိုလုပ်ပြီးတော့ အဖြေရှာမလဲ၊ နောင်ဘဝဖြစ်ဦးမှာလား မဖြစ်ဘူးလား၊ ကိုယ်လုပ်ထားတဲ့ အကုသိုလ်တွေရဲ့ အကျိုးကို ခံရဦးမှာလား၊ မခံရဘူးလား၊
အကုသိုလ်တွေက အကျိုးပေးသလား၊ မပေးဘူးလား ဆိုတာနဲ့ ပက်သက်လာလို့ ရှိရင် အဖြေမထုတ်နိုင်တဲ့အခါမှာ မြတ်စွာဘုရားက သေချာတာလုပ် ဆိုပြီးတော့ မှာခဲ့တယ်၊ အဖြေ မထုတ်နိုင်တဲ့ အခါကျတော့ သေချာတဲ့လမ်းကို ရွေးတဲ့၊ ဘယ်လိုရွေးမတုန်း။

★ ကောင်းပြီ၊ ငါ ဒီဘဝမှာ လူတော်လူကောင်းဖြစ်အောင်
နေလိုက်မယ်၊ လူတော်လူကောင်းဆိုတဲ့ စံနဲ့  ကိုက်အောင်နေလိုက်မယ်၊ လူတော်လူကောင်းဖြစ်အောင် နေလိုက်လို့ရှိရင် နောင်ဘဝရှိတယ် ဆိုလို့ရှိရင်လည်းပဲ အိုကေပဲ၊ နောက်ဘဝမှာ ငါဟာ ကောင်းတဲ့ ဘဝ
ရောက်မယ်၊ နောက်ဘဝ မရှိဘူး ဆိုရင်လည်းပဲ အိုကေပဲ၊
ဒီဘဝမှာ ငါဟာ လူကောင်း လူတော်ဖြစ်တယ်။ ကဲ နှစ်ဖက်စလုံး မကောင်းဘူးလား။

★ ဒီဘဝမှာ ကိုယ့်ကိုကိုယ် လူတော်လူကောင်းဖြစ်အောင် လုပ်ခြင်းဖြင့် နောင်ဘဝရှိရင်လည်း ကောင်းတဲ့ဘဝ ရောက်ဖို့ သေချာတယ်၊ နောင်ဘဝမရှိဘူးဆိုလည်း ဒီဘဝ ငါလူကောင်းပဲ၊ ဟော နှစ်ဖက်ကောင်းတဲ့ လမ်းကိုရွေး။

★ အကုသိုလ်တွေကို တချို့က အကျိုးပေးတယ်လို့ပြောတယ်၊
တချို့ကလည်း အကုသိုလ်တွေ အကျိုးမပေးဘူးလို့လည်း ပြောတယ်၊ ဘယ်ဟာက မှန်သလဲ၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရမယ်။
မဆုံးဖြတ်နိုင်လို့ရှိရင် သေချာတာလုပ်။ ဘာလုပ်မလဲ၊ အကုသိုလ် မလုပ်ပဲ နေလိုက်ပေါ့။

ဥပမာအားဖြင့် သူများအသက် သတ်လို့ရှိရင် ငရဲကြီးတယ်။
တယောက်က မကြီးဘူး ပြောတယ် ဆိုပါစို့။ ကဲ မသတ်ပဲ နေလိုက်ပေါ့။ မသတ်ပဲနေလိုက်သောအားဖြင့် ကိုယ့်အတွက် ဒီဘဝမှာလည်း ချမ်းချမ်းသာသာနေရတယ်။ အကုသိုလ်က အကျိုးပေးတယ်
ဆိုရင်လည်းပဲ ကိုယ်က မသတ်သည့်အတွက်ကြောင့်
အကျိုးပေးစရာမရှိဘူး။

★ အကုသိုလ်ဆိုတာ မရှိပါဘူးလို့ ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့
အယူဝါဒအရလည်း ပင်ကိုယ်က အကုသိုလ်မရှိတာရယ်၊ ကိုယ်က မလုပ်လို့ မရှိတာရယ်ကြောင့် ဘယ်ဘက်က ကြည့်ကြည့်
ကိုယ့်မှာ အကုသိုလ်ဆိုတာ မရှိဘူး၊ နှစ်ဖက်နှစ်လမ်း ကောင်းသွားပြီ၊ ဟုတ်တယ် မဟုတ်လား။ အကုသိုလ်ကို ကိုယ်တိုင်ကမှ
မလုပ်တာ၊ မလုပ်သည့်အတွက်ကြောင့် အကုသိုလ်က အကျိုးပေးတယ်ဆိုရင်လည်းပဲ ကိုယ်က မလုပ်သည့်အတွက်ကြောင့်
အကျိုးပေးမှာ မဟုတ်ဘူး။

★ အဲဒါ ကာလာမသုတ်မှာ မြတ်စွာဘုရားက ဘဝခရီးလျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေ ကြုံလာလို့ရှိရင် သေချာတဲ့ လမ်းကနေ ရွေးချယ်ပြီးတော့ လျှောက်လို့ ဟောထားတယ်။


(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

(ဘခရီးဝယ် ရွေးချယ်ရမယ့်လမ်း တရားတော်မှ)


Shared from နှလုံးသား အာဟာရ (FB)

No comments:

Post a Comment