Friday, January 3, 2014

စကားမှ အတွင်းစိတ်သို့


တစ်နေ့တော့ မင်းသားဟာ အမတ်ကြီးကို နန်းတော်ရှေ့မှာ စောင့်စားနေပါတယ်။ အမတ်ကြီး နန်းတွင်းညီလာခံအပြီး နန်းတော်ဝကို လာမယ်ဆိုတာ သိလို့ဖြစ်ပါတယ်။ မကြာမီ အမတ်ကြီး ညီလာခံက ထွက်လာပါတယ်။ မင်းသားနဲ့တွေ့တယ်ဆိုရင်ပဲ မင်းသားက
" အမတ်ကြီး လူအမျိုးမျိုးစိတ်အထွေထွေဆိုတာ တကယ်ဟုတ်ပါတယ်။လူတွေဟာ အတွင်းစိတ်က မရိုးဖြောင့်ပေမယ့် အပြင်ပန်းမှာတော့ ဟန်ဆောင်ကောင်းတတ်ကြပါတယ်။ လူတွေရဲ့ အတွင်းစိတ်ကို သိရဖို့ ဘယ်လိုလုပ်ရမလဲ"

အမတ်ကြီးက " အရှင့်သား လူတွေရဲ့အတွင်းစိတ်ကိုသိရဖို့ကား ၄င်းတို့၏ စိတ်ထွက်ပေါက်ကို ရှာဖွေကြည့်ရှုရမှာ ဖြစ်ပါတယ်။စိတ်ထွက်ပေါက်မှာ များစွာရှိသော်လဲ ဖတ်ဖို့ရန် ခက်ခဲပေသည်။"

"ဒါဆိုဘယ်လိုလုပ် သိနိုင်မှာလဲ အမတ်ကြီး"

" အလွယ်ကူဆုံးနည်းလမ်းကား ၄င်းတို့ပြောစကားတွေကို နားထာင်ပါ။ ပညာရှိတို့အဖို့ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ခန့်မှန်းဖို့အတွက် အခက်အခဲမရှိပါ။ သူပြောလာတဲ့ စကားတွေကို အကဲခတ်ပြီး စကားပြောဟန် ဆိုဟန်တွေကို အကဲခတ်နိုင်ရင် ထိုလူရဲ့ အတွင်းစိတ်သာမက အပြင်စိတ်ကိုပါ ထင်ဟပ်နိုင်ပေသည်။ အရှင့်သား လူတစ်ဦးရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းဆိုတာ ထိုသူပြောတဲ့ စကားပင် ဖြစ်ပေသည်။"

ဆက်လက်ပြီး " ကတိပေးပြီး အမှန်တကယ် လက်တွေ့ မလုပ်နိုင်သောသူ၊ စကားကို ရုန့်ရင်းကြမ်းတမ်းစွာ ပြောသောသူ၊ငွေကြေးစကား အလွန်ပြောလွန်းသူ၊ ကိုယ့်ဘက်ကိုလိုက်၍ စကားပြောလွန်းသူ၊ အကြောင်းအရာ မဆီဆိုင်တဲ့ စကားဝင်ပြောသူ ထိုသို့သောသူများကား မည်မျှပင် စည်းစိမ်ချမ်းသာရှိစေမူ၊ မည်မျှပင် ရာထူးဂုဏ်သိမ် ကြီးမားစေကာမူ အဆင့်အတန်းနိမ့်ကျသူများ ဖြစ်ပေသည်"

လူတစ်ယောက်ရဲ့စိတ်ကို ခန့်မှန်းဖို့မှာ ထိုလူနဲ့ခင်မင်တဲ့အချိန်မှာ သေချာစကားပြောကြည့်ပါ။ တစ်နည်းနည်းနဲ့တော့ စကားထဲကနေ သူ့စိတ်အရောင်တွေ ထင်ဟပ်လာပါလိမ့်မယ်။ အရှင့်သား စကားဆိုတာ တကယ်တမ်း အလွန်လေးနက်လှပါတယ်။ လွယ်လွယ် စကားမဆိုသင့်ပါဘူး"

မင်းသားလဲ ခေါင်းညိတ်လေသည်။ အမတ်ကြီးကပင် ဆက်၍
" အရှင့်သား မှတ်သားထားလော့ ကိုယ့်စကားတစ်ခွန်းကို မပြောမီ ထိုစကားရဲ့အရသာကို အရင်မြည်းကြည့်ပြီးမှာ တစ်ခြားသူအား ထိုစကားကို ပြောဆိုပါ"

ထိုသို့သေချာသုံးသပ်ပြီးမှ စကားပြောလျှင် စကားမှားလို့ ဖြစ်တဲ့အမှားမျိုး မဖြစ်တော့ပါ။

မောင်စိုင်း

No comments:

Post a Comment