Saturday, January 11, 2014

မျောက်ကလေးနဲ့  သစ်သားပန်းသီးများ


တစ်ခါတုန်းက တောအုပ်ထဲမှာ ပျော်နေတဲ့ မျောက်တစ်ကောင်ရှိတယ်။ သူ ဗိုက်ဆာလာတဲ့အခါ အရသာရှိတဲ့ သစ်သီးတွေ စားလို့ သူ မောလာတဲ့အခါ အနားယူလို့ အဲဒီတောအုပ်ထဲမှာပဲ ပျော်မွေ့နေခဲ့တယ်။ တစ်နေ့မှာတော့ သူဟာ မျက်စိလည်လမ်းမှားရင်း အိမ်တစ်လုံးဆီရောက်လာခဲ့တယ်။ အဲဒီမှာ သူမြင်လိုက်ရတာက အရမ်းကို လှပတဲ့ ပန်းသီးတွေထည့်ထားတဲ့ ပန်းကန်လုံးကြီးကိုပေါ့။ သူက လက်တစ်ဖက်စီမှာ ပန်းသီးတစ်လုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာခဲ့တယ်။

မျောက်က ပန်းသီးကို နှာခေါင်းရှုံ့ပြီးအနံ့ခံတယ်။ ဒါပေမယ့် ဘာအနံ့မှ မရဘူး။ ပြီးတော့ ပန်းသီးကို စားဖို့ကြိုးစားတယ်။ ဒါပေမယ့် သူ့သွားတွေ နာကျင်ပြီး စားမရလောက်အောင်မာကြောနေတယ်။ ပန်းသီးတွေ ဟာ တကယ်တော့ သစ်သားနဲ့ပြုလုပ်ထားတာဖြစ်တယ်။ ဒါပေမယ့် သူတို့က အရမ်းလှတယ်။ တခြားမျောက် လည်း အဲဒီပန်းသီးတွေမြင်တဲ့အခါ အလုအယက်ပြေးယူဖို့လာကြတယ်။ အဲဒီအခါ ပန်းသီးပိုင်ရှင်မျောက်က သူ့ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တယ်။ ပြီးတော့ သူဟာ ဒီတောထဲမှာ သူ့ရဲ့ ပန်းသီးပိုင် ဆိုင်မှုအတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ သဘောတွေကျနေခဲ့တယ်။ ပန်းသီးတွေ က နေရောင်နဲ့ကြည့် တဲ့အခါ နီရဲတောက်ပြောင်နေပြီး သူ့ကို ပြည့်စုံအောင် လုပ်ပေးနေ တယ်လို့ မျောက် ကခံစားနေရတယ်။ ပန်းသီတွေကိုပဲ သူဂရုတစိုက်ကြည့်နေပြီး ပထမဆုံး သူ ဆာလောင်နေ တာကိုတောင် မေ့လျော့သွားခဲ့တယ်။

သစ်သီးပင်တစ်ပင်က မျောက်ကိုသတိပေးတယ်။ ဒါပေမယ့် သူ့လက်ထဲကပန်းသီးတွေက လွဲလို့ မျောက်က ဘာကိုမှ ဂရုမစိုက်ဘူး။ သူစားဖို့ သစ်သီးခူးဖို့ အတွက်သူ့လက်ထဲက ပန်းသီးတွေကို မြေပြင်ပေါ် ခဏချရမှာ ကိုတောင် သူမချနိုင်ဖြစ်နေခဲ့တယ်။ တကယ်တော့ သူ နားလည်း မနားရသလို သူ့ ပန်းသီးတွေကို တခြားမျောက်တွေလာလုယူမှာစိုးတဲ့အတွက် အချိန်တိုင်းကာကွယ်နေရတယ်။ ဂုဏ်ယူဝင့်ကြွားမှုတစ်ခုအတွက် အရင်က ပျော်ရွှင်နေတဲ့မျောက်ဟာ ပျော်ရွှင်မှုတွေနည်းလာပြီး သစ်တောတလျှောက် မှာ လျှောက် သွားနေ ခဲ့ရတယ်။
ပန်းသီးတွေဟာ တဖြည်းဖြည်း လေးပင်လာသလို ခံစားလာရတယ်။ သနားစရာကောင်းတဲ့မျောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့ အတွက်စဉ်းစားတယ်။ သူ မောနေပြီ -- သူ ဆာနေပြီ နောက်ဆုံး သစ်သီးပင်ပေါ်တက်လို့ သစ်သီးတွေ သူ မခူးနိုင်တော့ဘူး သူ့လက်ထဲမှာ စားလို့မရတဲ့ ပန်းသီးတွေ နဲ့ပဲပြည့်နေခဲ့တယ်။ အကယ်၍ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချလိုက်ရင် သူ ဘာဆက်ဖြစ်မလဲ ?
သူ့လက်ထဲ သယ်ဆောင်ထားတဲ့ပန်းသီးတွေက ရူးသွပ်မှုတွေပဲလို့ သူမြင်လာတယ်။ သူ အရမ်းလည်း ပင်ပန်းနေ ခဲ့ပြီး နောက်ဆုံး အသီးပင် ရောက်တဲ့အခါ အဲဒီအပင်က သစ်သီးရနံ့တွေကို သူ ရှုရှိုက်ရင်း သူအရာရာကို နားလည်သဘောပေါက်သွားတယ်။ သူ့လက်ထဲက သစ်သားနဲ့လုပ်ထားတဲ့ပန်းသီးတွေကို သူ မြေပြင်ပေါ် ပစ်ချလိုက် လို့ သူ့အစာအတွက် သစ်သီးပင်ပေါ်တက်သွားတယ် ။ သူ အခု ပြန်ပြီးပြုံးပျော်နိုင်ပါပြီ။
************************************************

မျောက်ကလေးလိုပဲ ဘ၀မှာ တန်ဖိုးရှိတယ်လို့ ထင်မိတဲ့ အရာတွေကို ဘ၀တလျှောက် လုံး သယ်ဆောင်ထားကြတယ်။ ပုံပြင်လေးရဲ့အဆုံးက ၂ ခုဖြစ်နိုင်တယ်။
မျောက်ဟာ နောက်ဆုံး သစ်သီး ပင်အောက်မှာ သူ့ပန်းသီးတွေကို မစွန့်ပယ်နိုင်လို့ ရင်မှာ ပိုက်ရင်း သေပွဲ ၀င်သွားခဲ့တယ်။ နောက်တစ်ခုကတော့ အပေါ် မှာရေးခဲ့သလို ပန်းသီးတွေကို လွှတ်ချလို့ ကိုယ့်ရဲ့ ရှင်သန်မှုနဲ့ ပျော်ရွှင် မှုကို ရွေး ချယ်လိုက်တယ်။
ကဲ ကိုယ်မစားနိုင်တဲ့ ကိုယ်တဲ့အသုံးမ၀င်တဲ့ သစ်သားပန်းသီးကို ရင်မှာ ပိုက်ပြီး တကယ်စားနိုင်တဲ့ သစ်သီးပင်အောက်မှာ သေပွဲ ၀င်တယ်ဆိုတာ တကယ်တော့ မဖြစ်သင့် ဘူးမဟုတ်လား။
ဒါဆို လူတွေကဘ၀မှာရော မျောက်ကလေးလိုပဲ ဘာတွေကို သယ်ဆောင်ထားမိကြပါလိမ့်။ စည်းစိမ် ဥစ္စာ တွေလား၊ စိုးရိမ်ကြောင့်ကျမှုတွေလား၊ စိတ်ပျက် ၀မ်းနည်းစရာတွေလား၊ မာန်မာနတွေလား၊ ဘွဲ့ထူးဂုဏ် သိမ်တွေလား တစ်ခုခုကိုတော့ သယ်ဆောင်ပြီး တောအုပ်ထဲ လျှောက်သွားနေမိကြတယ်။
သင်ခန်းစာ-
“လွှတ်ချသင့်တဲ့အရာကို လွှတ်ချသင့်တဲ့အချိန်မှာ လွှတ်ချနိုင်မှသာလျှင် တကယ့်ပျော်ရွှင်မှုကို ခံစားနိုင်လိမ့်မယ်”
From: သက်တန့်ချို

No comments:

Post a Comment