Thursday, January 30, 2014

အသိဥာဏ်ရဖို့ .........


လူတွေဟာ သေခါနီးကျမှ ကပ်ပြီးတော့ သံဝေဂ ရကြတယ် ........

အချိန်နှောင်းသွားပြီ မရတော့ဘူး။

ဒါကြောင့် - - - သေခါနီးမှာ ကပ်ပြီးတော့ သံဝေဂ မရကြပါနဲ့။ စောစောစီးစီး သံဝေဂရကြပါ။

စောစောစီးစီး ကြိုကြိုတင်တင် လုပ်သင့်တဲ့ အလုပ်တွေကို လုပ်ပါ။လူ့ဘ၀ကိုရတာ အသိဥာဏ်ရဖို့ပါ။

ဘ၀ရဲ့ အနှစ်သာရဟာ အသိဥာဏ်ပါ။ အသိဥာဏ် ဆိုတာမှာ တရားအသိဥာဏ်က အဓိကပါ။

ဒီအသိဥာဏ်ကိုမှ မရလိုက်ရင် တစ်သက်လုံး ရှာတာ သုံးလာတာ သေခါနီး ဘာကျန်သလဲ ? ဘာအဖတ်တင်သလဲ ?

ဘာမှ အဖတ်မတင်ဘူး။ တစ်ခုမှ ယူသွားလို့ မရဘူး။ သွားကြားထိုးတံ တစ်ချောင်းတောင် ယူသွားလို့ မရဘူး။

ဒါကြောင့် - အခုအချိန်ရှိတုန်းမှာ အချိန်မဖြုန်းဘဲနဲ့ စားဝတ်နေရေးအတွက် လုပ်နေရင်းကြားထဲမှာ ရသမျှ အချိန်လေး နည်းနည်းဖြစ်ဖြစ် ငါးမိနစ်ဖြစ်ဖြစ် ရအောင်ယူပြီး တရားအားထုတ်ပါ ။ဆယ်မိနစ် ရရင် ဆယ်မိနစ် အားထုတ်ပါ။ ငါးမိနစ် လေး ငါး ဆယ်ကြိမ်ဆိုရင် နည်းတာ မဟုတ်ဘူး။

တရားအားထုတ်လာရင် တရားအားထုတ်ဖို့အချိန်ကို ယူတတ်လာပါလိမ့်မယ်။

ဒီစကားကို ပြောတာ အကြိမ်များလာတော့ အချို့ တပည့်တွေက လက်တွေ့လုပ်ကြည့်ပြီးတော့ ပြောလာတယ်။

"တပည့်တော်တို့က အရင်တုန်းက တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ထင်နေခဲ့တာ။ အခုတော့ ရသလောက် အားထုတ်တဲ့ အလေ့အကျင့်ကို လုပ်လိုက်တော့ အချိန်ရလာတယ်" တဲ့။

အရေးမကြီးတဲ့ကိစ္စနဲ့ အပြင်ထွက်တာမျိုး မလုပ်တော့ဘူး။အရေးမကြီးတဲ့ အပျင်းပြေ ဖတ်တဲ့ စာတွေ မဖတ်တော့ဘူး။အရေးမကြီးတဲ့ ရေဒီယို နားထောင်တာ တီဗွီကြည့်တာ ဗွီဒီယိုကြည့်တာ မလုပ်တော့ဘူး။

ဒါတွေလျှော့လိုက်တာနဲ့ပဲ တရားအားထုတ်ဖို့အချိန် တစ်နေ့ နှစ်နာရီ သုံးနာရီလောက် ရနေတယ် တဲ့။ ဒီကြားထဲမှာလည်း သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း သတိကို ကပ်ထားပါတယ် တဲ့။

အဲဒီလို မရမက ရသလောက် ယူပါ ။

We eat to live, we don't live to eat.

အသက်ရှင်ဖို့ စားနေရတာ ၊ စားဖို့ အသက်ရှင်နေတာ မဟုတ်ဘူး။

စားဝတ်နေရေးဟာ ခန္ဓာဝန်ထမ်းတာပါ။ မလုပ်မဖြစ်ဘူး။ လုပ်ရမယ်။

ဒါပင်မဲ့ - - - လူ့ဘ၀ရတာဟာ အသိဥာဏ်ရဖို့ပါ။ အဲဒီ အသိဥာဏ်ရဖို့ ကြိုးစားကြပါ ........


*** ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) ၏ ဘ၀ဆိုတဲ့ကျောင်း စာအုပ်မှ ကောက်နုတ်ဖော် ပြပါသည်။ ***

~~~ ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ပါစေ ~~~
Shared from Burmese Treasure (FB)

No comments:

Post a Comment