Sunday, August 7, 2011
အချိန်မရွေး သေသွားနိုင်တယ်
နောက်တစ်ခုက ..အချိန်မရွေး သေသွားနိုင်တယ်.. ဆိုတဲ့ ဆင်ခြင်မှု၊ တစ်နည်းအားဖြင့် ..ခဏနေ သေရင် သေသွားနိုင်တယ်.. ဆိုတဲ့ ဆင်ခြင်မှု၊ ဒီဆင်ခြင်မှုကတော့ အရေးကြီးဆုံးပါပဲ။
          အချိန်မရွေး သေသွားနိုင်တယ်လို့ ဆင်ခြင်ထားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ မိမိရဲ့နှလုံးသားမှာ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေကို လက်ခံထား၊ မွေးမြူထားမှာ မဟုတ်တော့ပါဘူး။ စိတ်ကောင်း၊ စိတ်မြတ်၊ စိတ်သန့်ကလေးတွေကိုပဲ လက်ခံထား၊ မွေးမြူထားမှာ ဖြစ်ပါတယ်။ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေဆိုတာ ကိလေသာတွကို ပြောတာပါ။
          ..ကိလေသာ၊ ကိလေသာ.. နဲ့ ပြောပြောနေကြတယ်၊ ကိလေသာဆိုတာ ဘာလဲ။ ကိလေသာဆိုတာ စိတ်ကို ပူလောင်စေတတ်၊ ညစ်နွမ်းစေတတ်တဲ့ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေပါပဲ။
          ကိလေသာမှန်သမျှ ဘယ်ကိလေသာမှ ကောင်းတာ၊ မြတ်တာ၊ သန့်စင်တာ မရှိပါဘူး။ လောဘကိလေသာပဲဖြစ်ဖြစ်၊ ဒေါသကိလေသာပဲဖြစ်ဖြစ်၊ မာနကိလေသာပဲဖြစ်ဖြစ်၊ ကိလေသာအားလုံး ဘယ်ကိလေသာမဆို ဆိုးတာ၊ ပုပ်တာ၊ ယုတ်ညံ့တာချည်းပါပဲ။
          ကိုယ့်ခန္ဓာကိုယ်မှာ အသားအရေ ပြည့်ဖြိုးစိုပြေနေတာကို ကြည့်ပြီး သဘောကျကျေနပ်သွားရင်တောင် ..လောဘကိလေသာဟဲ့၊ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေဟဲ့.. လို့ နှလုံးသွင်းပြီး  အဲဒီသဘောကျကျေနပ်နေတဲ့ စိတ်ကလေးကို သတိပဋ္ဌာန်နည်းကျ ရှုမှတ်ပွားများပြီး ပယ်သတ်ကြရပါတယ်။
          နေပူလွန်း၊ မိုးရွာလွန်း၊ ဆောင်းအေးလွန်းလို့ မကျေမနပ် ဖြစ်သွားရင်တောင် ..ဒေါသကိလေသာဟဲ့၊ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေဟဲ့.. လို့ နှလုံးသွင်းပြီး အဲဒီ မကျေမနပ်ဖြစ်နေတဲ့ စိတ်ကလေးကို သတိပဋ္ဌာန်နည်းကျ ရှုမှတ်ပွားများပြီး ပယ်သတ်ကြရပါတယ်။ ဒါက ၀ိပဿနာနယ်ပယ်၊ လောကုတ္တရာနယ်ပယ်မှာပါ။
          လောကီနယ်ပယ်၊ လက်တွေ့ဘ၀နယ်ပယ်မှာတော့ ပုထုဇဉ်သဘာဝ၊ ပုံမှန်ဖြစ်နေကျ လောဘ၊ ပုံမှန်ဖြစ်နေကျ ဒေါသ၊ ပုံမှန်ဖြစ်နေကျ မာနလေးတွေကို စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေလို့ လူ့အသိုင်းအ၀ိုင်းက မသတ်မှတ်ကြပါဘူး။
          ပုံမှန်ထက် လွန်ကဲလာတဲ့ လောဘ၊ ပုံမှန်ထက် လွန်ကဲလာတဲ့ ဒေါသ၊ ပုံမှန်ထက် လွန်ကဲလာတဲ့ မာနတွေကိုတော့ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေလို့ လူ့အသိုင်းအ၀ိုင်းက သတ်မှတ်ကြပါတယ်။
          ဥပမာ၊ သူတစ်ပါးပစ္စည်းကို မတော်မတရားလိုချင်တဲ့ လောဘ၊ အကြောင်းမလုံလောက်ဘဲ ပေါက်ကွဲပြင်းထန်တဲ့ ဒေါသ၊ မပြောပလောက်တဲ့ ပြည့်စုံမှုလေးအပေါ်မှာ ၀င့်ဝါထောင်လွှားပြီး ..ငါသာ တကယ့်အကောင်၊ ကျန်တဲ့လူတွေ အလကားအကောင်.. လို့ ထင်မြင်ယူဆတဲ့ မာန၊ ဒါတွေကတော့ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေပါ။
          တစ်နည်းပြောရရင်တော့ သူတစ်ပါးအကျိုး ပျက်စီးရာ၊ ပျက်စီးကြောင်းနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဆက်စပ် ပတ်သက်နေတဲ့ ကိလေသာမျိုးကို စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေလို့ ခေါ်ဆိုနိုင်ပါတယ်။
          အဆိုးဆုံးကတော့ က္ကုဿာ၊ မစ္ဆရိယ လို့ ခေါ်တဲ့ ကိလေသာပါပဲ။ က္ကုဿာ၊ မစ္ဆရိယဆိုတဲ့ ကိလေသာကတော့ ပုံမှန်ပဲဖြစ်ဖြစ်၊ ပုံမှန်ထက် လွန်လွန်ကဲကဲပဲဖြစ်ဖြစ် စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေလို့ပဲ ခေါ်ဆိုရပါတယ်။ ဘယ်အတိုင်းအတာ၊ ဘယ်ပမာဏမှာမဆို က္ကုဿာ၊ မစ္ဆရိယဆိုတဲ့ ကိလေသာဟာ ဆိုး၊ ယုတ်၊ ပုပ်၊ ညံ့ နေပါတယ်။
          လောကအသိုင်းအ၀ိုင်းကရော၊ ဓမ္မအသိုင်းအ၀ိုင်းကပါ ရွံရှာစက်ဆုပ်လွန်းလှတဲ့အတွက် က္ကုဿာ၊ မစ္ဆရိယ နည်းနည်းရှိသူကိုပဲဖြစ်ဖြစ်၊ များများရှိသူကိုပဲဖြစ်ဖြစ်၊ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့သူလို့ တစ်လောကလုံးက တစ်ခဲနက် ရှုတ်ချကြပါတယ်။
          က္ကုဿာဆိုတာ သူတစ်ပါးရဲ့ ပြည့်စုံမှုကို မကျေနပ်တဲ့ သဘောပါ။ သူတစ်ပါးရဲ့ ကြီးပွားတိုးတက်မှု၊ အဆင်ပြေမှု၊ စိတ်ချမ်းသာပျောရွှင်မှုကို ကြည့်ပြီး မခံမရပ်နိုင် ဖြစ်နေတဲ့သဘော၊ မနာလိုမရှုဆိတ် ဖြစ်နေတဲ့သဘောကို က္ကုဿာလို့ ခေါ်ပါတယ်။ မစားရ၊ မသောက်ရဘဲ အခြောက်တိုက်လောင်တဲ့ ကိလေသာမီးပါ။
          မစ္ဆရိယဆိုတာ ကိုယ့်ရဲ့ ပြည့်စုံမှုမျိုး သူတစ်ပါး ရသွားမှာ စိုးရိမ်တဲ့သဘောပါ။ ကိုယ်လို သူတစ်ပါး ကြီးပွားတိုးတက်သွားမှာ၊ ကိုယ်လို သူတစ်ပါး စိတ်ချမ်းသာပျော်ရွှင်သွားမှာကို မလိုလား၊ မနှစ်မြို့တဲ့သဘော၊ ၀န်တိုကုတ်ကတ်တဲ့သဘောကို မစ္ဆရိယလို့ ခေါ်ပါတယ်။ မစားရ၊ မသောက်ရဘဲ အခြောက်တိုက်လောင်တဲ့ ကိလေသာမီးပါ။
          က္ကုဿာနဲ့ မစ္ဆရိယ ကိလေသာနှစ်ပါးဟာ ကိုယ့်မှာလည်း ကောင်းကျိုးဖြစ်မလာ၊ သူ့မှာလည်း ဆိုးကျိုးဖြစ်မသွားဘဲ အလကား အခြောက်တိုက် စိတ်ကို လောင်ကျွမ်းတဲ့ အပေါစားမီးတွေ ဖြစ်ပါတယ်။ လူယုတ်မာတွေကို လောင်တဲ့မီး၊ လူနုံလူချာတွေကို စွဲတဲ့မီးလို့ဆိုရင် မမှားပါဘူး။  အချိန်တိုင်းလိုလို ခံနေကြရပါတယ်။
          က္ကုဿာ၊ မစ္ဆရိယ အစရှိတဲ့ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေ ဖြစ်ခွင့်ရနေတာဟာ သေခြင်းတရားကို မေ့နေလို့ပါပဲ။
          ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်တော့မှ မသေတော့မယ့်ပုံ၊ သူတစ်ပါးတွေကိုလည်း ဘယ်တော့မှ မသေတော့မယ့်ပုံ၊ စိတ်အာရုံမှာ ထင်မြင်ယူဆနေလို့သာ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေကို ကိုယ့်သန္တာန်မှာ လက်ခံထားနေမိတာ ဖြစ်ပါတယ်။
          ကိုယ်လည်း အချိန်မရွေး သေသွားနိုင်တယ်၊ သူတစ်ပါးတွေလည်း အချိန်မရွေး သေသွားနိုင်တယ် ဆိုတဲ့ အသိတရားလေးသာ ထင်ထင်ရှားရှား နိုးကြားနေမယ်ဆိုရင် စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့တွေကို ကိုယ့်သန္တာန်မှာ လက်ခံမွေးမြူထားမှာ မဟုတ်တော့ပါဘူး။
          သတိလစ်သွားလို့ ၀င်လာခဲ့ရင်တောင်မှ ..အချိန်မရွေး သေသွားနိုင်တယ်.. ဆိုတဲ့ အသိလေး ပေးလိုက်တာနဲ့ ချက်ချင်း ပျက်ပြယ်သွားနိုင်ပါတယ်။
          ကိုယ်မုန်းတီးနေတဲ့သူက နောက်တစ်မိနစ်အကြာမှာ အသက်ထွက်တော့မယ်ဆိုတာ သေချာနေခဲ့ရင် အဲဒီလူအပေါ် မုန်းတီးစိတ် ဖြစ်နိုင်ပါဦးမလား။
          နောက်တစ်မိနစ်အကြာမှာ ကိုယ်အသက်ထွက်တော့မယ်ဆိုတာ သေချာပေါက်သိနေခဲ့ရင် ကိုယ်မုန်းတီးနေတဲ့လူကို မုန်းတီးစိတ်နဲ့ သတိရနိုင်ပါဦးမလား။ အသိဥာဏ်ရှိသူ ဖြစ်ခဲ့ရင်ပေါ့။
          သေခြင်းတရားကို မကြာခဏ သတိရဆင်ခြင်တဲ့အလုပ်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ကြည့်ပါ။ အံ့သြဖွယ်ကောင်းတဲ့ စိတ်စွမ်းရည်၊ စိတ်တန်ခိုးတွေ ကိန်းဝပ်လာပါလိမ့်မယ်။
          ကိန်းဝပ်လာတဲ့ စိတ်စွမ်းရည်၊ စိတ်တန်ခိုးတွေက စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ်၊ စိတ်ညံ့မှန်သမျှကို ကျေနပ်အားရဖွယ်ကောင်းလောက်အောင် မောင်းနှင်တိုက်ထုတ်ပေးပါလိမ့်မယ်။
          အချိန်မရွေး သေသွားနိုင်တယ်ဆိုတဲ့ အသိရှိနေတဲ့ ပုဂ္ဂိုလ်ဟာ မိမိရဲ့သန္တာန်မှာ ၀ိပဿနာစိတ်ကလေး အဆက်မပြတ် ဖြစ်နေအောင်လည်း ကြိုးစားအားထုတ်ဖြစ်ပါတယ်။
          ရှိတယ်လို့ ဆိုတဲ့နေရာမှာလည်း သာမန်ကာလျှံကာလေး ရှိရမှာ မဟုတ်ဘူး။ အင်အားရှိတဲ့ ၀ိပဿနာစိတ်၊ ရင့်ကျက်တဲ့ ၀ိပဿနာစိတ် ရှိနေရမယ်။ အင်အားရှိတဲ့ ၀ိပဿနာစိတ်၊ ရင့်ကျက်တဲ့ ၀ိပဿနာစိတ်ဖြစ်ဖို့ ဆိုတာကလည်း ပေါ့ပေါ့လျော့လျော့လေး အားထုတ်ရုံနဲ့တော့ မဖြစ်နိုင်ဘူး။ ၀ိပဿနာစိတ် တစ်စိတ်တည်း အဆက်မပြတ် ဖြစ်နေမှသာ အားရှိတဲ့ ၀ိပဿနာစိတ်၊ ရင့်ကျက်တဲ့ ၀ိပဿနာစိတ် ဖြစ်နိုင်တယ်။
          အဲဒီလို ၀ိပဿနာစိတ် တစ်စိတ်တည်း အဆက်မပြတ် ထပ်ကာထပ်ကာ ဖြစ်ပါများတော့မှ ၀ိပဿနာစိတ်က အားရှိလာ၊ ရင့်ကျက်လာပြီးတော့ အားရှိတဲ့၊ ရင့်ကျက်တဲ့ ၀ိပဿနာစိတ်ရဲ့ အခြားမဲ့မှာ မဂ်စိတ်ဖြစ်ပြီး မိမိတို့လိုလားတောင့်တတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်။
          ဒီတော့ ၀ိပဿနာအလုပ်အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်များရဲ့ အရေးကြီးဆုံးတာဝန်ဟာ မိမိရဲ့သန္တာန်မှာ ၀ိပဿနာစိတ်ကလေး အဆက်မပြတ်ဖြစ်နေအောင် ကြိုးစားအားထုတ်ဖို့ပါပဲ။
          အချိန်မရွေး သေသွားနိုင်တယ်ဆိုတဲ့ အသိရှိနေတဲ့ပုဂ္ဂိုလ်ဟာ အချိန်တိုင်း၊ အချိန်တိုင်း ၀ိပဿနာစိတ်ကလေး ဖြစ်နေအောင် ကြိုးစားအားထုတ်ဖြစ်ပါတယ်။
          သွားရင်း လာရင်း၊ လုပ်ရင်း ကိုင်ရင်းနဲ့ လက်ရှိထင်ရှားရာ အာရုံတစ်ခုခုမှာ အမှတ်သတိ မကပ်မိတဲ့သူဟာ ..အချိန်မရွေး သေသွားနိုင်တယ်..၊ သို့မဟုတ် ..ခဏနေ သေရင် သေသွားနိုင်တယ်.. လို့ ဆင်ခြင်လိုက်တာနဲ့ တစ်ပြိုင်နက် လက်ရှိထင်ရှားရာ အာရုံတစ်ခုခု၊ ရုပ်အာရုံထင်ရှားရင် ရုပ်အာရုံ၊ နာမ်အာရုံထင်ရှားရင် နာမ်အာရုံမှာ ချက်ချင်း အမှတ်သတိ ကပ်သွားပါတယ်။
          အနည်းဆုံး ၀င်လေထွက်လေထိရာအရပ် နှာသီးဝမှာတော့ သတိကပ်ဖြစ်သွားမှာ သေချာပါတယ်။ ၀င်လေထွက်လေမှာ သတိကပ်ဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာ ဆိုရင်လည်း လက်ရှိပြုမူလှုပ်ရှားနေတဲ့ အမူအရာ၊ သို့မဟုတ် လက်ရှိအပြုအမူ ပြုနေစဉ်မှာ ဖြစ်နေတဲ့စိတ်ရဲ့ အနေအထားမှာ သတိကပ်ဖြစ်သွားမှာပါပဲ။
          နောက်တစ်မိနစ်ကျရင် သေရတော့မယ်လို့ သေချာပေါက် သိထားတဲ့သူဟာ အသိဥာဏ်ရှိသူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့စိတ်သူ ဘယ်လိုစိတ်မျိုးဖြစ်အောင် ဖန်တီးတည်ဆောက်မလဲ၊ ဘယ်လိုစိတ်မျိုးနဲ့ သူနေမလဲ။ ကာမဂုဏ်အာရုံတွေ အာရုံပြုပြီး ကာမဂုဏ်စိတ်နဲ့ နေမလား၊ ဒုစရိုက်အာရုံတွေ အာရုံပြုပြီး ဒုစရိုက်စိတ်နဲ့ နေမလား၊ ၀ိပဿနာအာရုံတွေ (ရုပ်နာမ်သဘောတွေ) အာရုံပြုပြီး ၀ိပဿနာစိတ်နဲ့ နေမလား။ အဖြေက ရှင်းရှင်းလေးပါ။
          အချိန်ပိုင်းအတွင်း သေရတော့မယ်လို့ သေချာပေါက် သိနေတဲ့သူဟာ အသိဥာဏ်ရှိသူ၊ အသိဥာဏ်ရင့်ကျက်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့စိတ်သူ ၀ိပဿနာစိတ်ဖြစ်အောင် ဖန်တီးတည်ဆောက်မှာ သေချာပါတယ်။
          လောကီစိတ်တွေထဲမှာ အဆင့်အမြင့်ဆုံးစိတ်ဖြစ်တဲ့ ၀ိပဿနာစိတ်နဲ့ ကိုယ့်ဘ၀အရည်အသွေးကို အချိန်တိုင်း မြှင့်တင်ချင်တယ်ဆိုရင်တော့ သေခြင်းတရားကို မကြာခဏ သတိရဖို့ လိုအပ်ပါလိမ့်မယ်။
          လေကဓံခံနိုင်ရည်ရှိဖို့နဲ့ ဘ၀မှာ လိုအင်ဆန္ဒတွေ မများဖို့အတွက် ..တစ်နေ့ကျရင် သေရမှာပဲ.. လို့ သေခြင်းတရားနဲ့ ပတ်သက်ပြီး ဆင်ခြင်ကြရပါမယ်။
          စိတ်ကောင်းနှလုံးကောင်းရှိဖို့နဲ့ ၀ိပဿနာစိတ်ကလေး အဆက်မပြတ် ဖြစ်ဖို့အတွက် ..အချိန်မရွေး သေသွားနိုင်တယ်၊ သို့မဟုတ် ခဏနေ သေရင် သေသွားနိုင်တယ်.. လို့ သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ ဆင်ခြင်ကြရပါမယ်။
          သေခြင်းတရားကို အမြဲသတိရနေတဲ့သူဟာ ကိုယ်အမှန်တကယ် လုပ်ရမယ့် အလုပ်ကိုလည်း မမေ့ဘူး။ ကိုယ်အမှန်တကယ် ပြောရမယ့် စကားကိုလည်း မမေ့ဘူး။ ကိုယ်အမှန်တကယ် စိတ်ကူးရမယ့် အတွေးကိုလည်း မမေ့ဘူး။ မမေ့တာကို အပ္ပမာဒလို့ ခေါ်တယ်။
          အပ္ပမာဒတရားနဲ့ ပြည့်စုံတဲ့သူဟာ လောကဓံကိုလည်း ခံနိုင်ရည်ရှိတယ်။ ဘ၀ရဲ့ အဆုံးသတ်မဲ့လိုအင်ဆန္ဒတွေကိုလည်း ထိန်းချုပ်နိုင်တယ်။ စိတ်ဆိုး၊ စိတ်ယုတ်တွေ ပယ်ရှားပြီး စိတ်ကောင်း၊ စိတ်မြတ်တွေလည်း မွေးမြူနိုင်တယ်။ ၀ိပဿနာစိတ် အဆက်မပြတ် ဖြစ်နေအောင်လည်း စွမ်းဆောင်နိုင်တယ်။
          သေခြင်းတရားကို အမြဲသတိရှိတော့ နေခြင်းတရားမှာလည်း အမြဲ သတိလွှမ်းမိုးနေတော့တာပေါ့။ အသေမမေ့ရင် အနေမမေ့တာ သဘာဝပါပဲ။
          မရဏဿတိ အနုယုတ္တော ဘိက္ခု
          သတတံ အပ္ပမတ္တော ဟောတိ။
          သေခြင်းတရားကို မပြတ်ပွားများနေတဲ့သူဟာ အမြဲတမ်း သတိရှိနေပါတယ်။ ဘယ်တော့မှ မမေ့ပါဘူး။
          သေခြင်းတရားကို အမှတ်ရနေတာကို ..မရဏဿတိ.. လို့ခေါ်ပါတယ်။ မမေ့တာ၊ မမေ့တဲ့ သတိနဲ့ ပဓာနအလုပ် အားထုတ်တာကို ..အပ္ပမာဒ.. လို့ ခေါ်ပါတယ်။ နိဗ္ဗာန်ကို မသေရာအရပ်ဖြစ်လို့ ..အမတ.. လို့ ခေါ်ပါတယ်။
          မရဏဿတိပွားတဲ့သူဟာ အပ္ပမာဒတရားနဲ့ ပြည့်စုံပါတယ်။ အပ္ပမာဒတရားနဲ့ ပြည့်စုံတဲ့သူဟာ အမတကို မျက်မှောက်ပြုနိုင်ပါတယ်။ အပ္ပမာဒဟာ အမတကိုရခြင်းရဲ့ တစ်ခုတည်းသောအကြောင်း ဖြစ်ပါတယ်။ အမတကို ဆိုက်ရောက်လိုသူတို့ရဲ့ တစ်ခုတည်းသော သွားရာလမ်းဟာ အပ္ပမာဒပါပဲ။
          အပ္ပမာဒနဲ့ ပြည့်စုံဖို့အတွက် မရဏဿတိကို ထပ်ကာထပ်ကာ ပွားများကြရပါမယ်။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ရဲ့ ..မသေခင် ဘာလုပ်ကြမလဲ.. ဆိုတဲ့ စာအုပ်မှ ရေးသားမျှဝေပါတယ်။
No comments:
Post a Comment