မသေခင်မှာ စိတ်ချမ်းသာစွာ နေသွားချင်တာဟာ လူသားတိုင်းရဲ့ ဆန္ဒပါ။ တစ်နေ့ထက်တစ်နေ့၊ တစ်ချိန်ထက်တစ်ချိန် ပိုပိုပြီး စိတ်ချမ်းသာလာတဲ့ ဘ၀မျိုးကို လူသားတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။
စိတ်ဆင်းရဲစရာမှန်သမျှ၊ စိတ်ပူလောင်စရာမှန်သမျှ လုံးဝကင်းရှင်းပြီး စိတ်ချမ်းသာမှု၊ စိတ်ငြိမ်းအေးမှု အတိပြီးတဲ့ဘ၀မျိုးကို ဖန်တီးတည်ဆောက်ပေးနိုင်တဲ့ နည်းလမ်း ရှိပါတယ်။ အဲဒါကတော့ သတိပဋ္ဌာန်တရားနဲ့ ဘ၀နေနည်းပါပဲ။
သတိပဋ္ဌာန်တရားနဲ့ နေရတာလောက် စိတ်ချမ်းသာစရာကောင်းတာ လောကမှာ မရှိတော့ပါဘူး။ တခြားနည်းနဲ့ စိတ်ချမ်းသာရတာက အပြည့်အ၀စိတ်ချမ်းသာမှု မရပါဘူး။ သတိပဋ္ဌာန်နည်းနဲ့ စိတ်ချမ်းသာရတာက အပြည့်အ၀ စိတ်ချမ်းသာမှု ရပါတယ်။ ဘာလို့လဲဆိုတော့ သတိပဋ္ဌာန်တရားကြောင့်ရတဲ့ စိတ်ချမ်းသာမှုက ပူလောင်တင်းကျပ်တဲ့ ငါအစွဲနဲ့ ငါ့ဥစ္စာအစွဲတွေ ကင်းရှင်းလွတ်မြောက်နေလို့ပါပဲ။
မြတ်စွာဘုရားရှင်ရဲ့ ၀ိပဿနာလမ်းစဉ်ဟာ သတိပြဋ္ဌာန်းပြီး၊ သတိဦးဆောင်ပြီး လုပ်ရတဲ့ အလုပ်ဖြစ်လို့ သတိပဋ္ဌာန်ကျင့်စဉ်လို့လည်း ခေါ်ပါတယ်။ သတိပဋ္ဌာန်တရားဟာ အလုပ်မရွေး၊ နေရာမရွေး၊ က္ကုရိယာပုထ်မရွေး၊ အချိန်မရွေး ကျင့်ကြံအားထုတ်လို့ ရပါတယ်။
ဝိပဿနာ ရှုရမယ့်တရား၊ ရှုပုံရှုနည်းနဲ့ ရှုရမယ့်အချိန်၊ နေရာတွေကို အတိုဆုံးနဲ့ အပြည့်စုံဆုံး ဖော်ပြနိုင်အောင် ခုလို ဆောင်ပုဒ်နှစ်ခု စီထားပါတယ်။
ဖြစ်ခိုက်ရုပ်နာမ်၊ ဖြစ်တိုင်းဟန်၊ ဧကန်မှတ်သိမှု။
အလုပ်နေရာ၊ က္ကုရိယာ၊ ချိန်ခါမရွေးရှု။
..ဖြစ်ခိုက်ရုပ်နာမ်..ဆိုတဲ့ စကားနဲ့ ၀ိပဿနာရှုရမယ့် တရားကို ဖော်ပြပါတယ်။ ရုပ်တရား၊ နာမ်တရား (ကိုယ်အမူအရာနဲ့ စိတ်အမူအရာ)ကို ၀ိပဿနာရှုကြရပါမယ်။ ရုပ်ထင်ရှားရင် ရုပ်၊ နာမ်ထင်ရှားရင် နာမ်၊ အထင်ရှားဆုံးတစ်ခုကို ရှုကြရပါမယ်။
ရုပ်သက်သက်ပဲ ရှုမယ်လို့ နှလုံးသွင်းပြီး ရုပ်ကိုချည်း မရှုရပါဘူး။ နာမ်သက်သက်ပဲ ရှုမယ်လို့ နှလုံးသွင်းပြီး နာမ်ကိုချည်း မရှုရပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်သက်သက်ရှုရုံ၊ နာမ်သက်သက်ရှုရုံနဲ့ တရားမရနိုင်၊ မဂ်မကျနိုင်လို့ပါပဲ။
ဒါပေမယ့် ရုပ်နာမ်နှစ်ခုသုံးခု၊ နာမ်နှစ်ခုသုံးခု စသည်တို့ကို တစ်ပြိုင်နက်၊ တစ်ပေါင်းတည်း ရှုဖို့တော့ မလိုပါဘူး။ ထင်ရှားတဲ့ ရုပ်နာမ်တစ်ခုခုကို ရှုမှတ်ပြီးသိရင် တစ်ပြိုင်နက်ဖြစ်တဲ့ ရုပ်နာမ်တွေကို ရှုခြင်းကိစ္စ၊ သိခြင်းကိစ္စလည်း အလိုလို ပြီးစီးသွားပါတယ်။
ရှုတဲ့ရုပ်နာမ်ကလည်း ဖြစ်ပြီးတဲ့ အတိတ်ရုပ်နာမ်၊ မဖြစ်သေးတဲ့ အနာဂတ်ရုပ်နာမ် မဟုတ်ရပါဘူး။ ..ဖြစ်ခိုက်ရုပ်နာမ်..ဆိုတဲ့အတိုင်း လောလောဆယ်ဖြစ်နေဆဲ ပစ္စုပ္ပန်ရုပ်နာမ်ကိုသာ ရှုရပါမယ်။
အတိတ်ရုပ်နာမ်ကလည်း ဖြစ်ပြီးသွားလို့ မရှိတော့ပါဘူး။ အနာဂတ်ရုပ်နာမ်ကလည်း မဖြစ်သေးလို့ မရှိသေးပါဘူး။ မရှိတဲ့ ရုပ်နာမ်ကို ရှုနေလို့ ၀ိပဿနာဥာဏ်အစစ် မဖြစ်နိုင်ပါဘူး။
..ဘူတံ ဘူတတော ပဿတိ..ဆိုတဲ့အတိုင်း လောလောဆယ် ထင်ရှားရှိနေဆဲ ဖြစ်ခိုက်ရုပ်နာမ်၊ ပစ္စုပ္ပန်ရုပ်နာမ်ကို ရှုမှသာ ၀ိပဿနာ ဥာဏ်အစစ် ဖြစ်နိုင်ပါတယ်။
..ဖြစ်တိုင်းဟန်..ဆိုတဲ့စကားနဲ့ ၀ိပဿနာရှုပုံရှုနည်းကို ဖော်ပြပါတယ်။
ဝိပဿနာ ရှုတယ်ဆိုတာ ပါဠိစကားလုံးတွေ၊ အဘိဓမ္မာစကားလုံးတွေ၊ စိတ်စေတသိတ်သရုပ်တွေကို အထူးအထွေ ကျက်မှတ်ပြီး အဲဒီအတိုင်း လိုက်ရှုနေရမှာ မဟုတ်ပါဘူး။ အဲဒီလို ကျက်မှတ်ပြီး ရှုနေရင် သုတမယဥာဏ် (တစ်ဆင့်ကြားအသိ)၊ စိန္တာမယဥာဏ် (ကြံတွေးအသိ) ပဲ ဖြစ်နိုင်ပါတယ်။ ဘာဝနာမယဥာဏ် (ကိုယ်တွေ့အသိ၊ မျက်မှောက်အသိ) မဖြစ်နိုင်ပါဘူး။
လောလောဆယ် ဖြစ်နေတဲ့ ကိုယအမူအရာ(ရုပ်)၊ စိတ်အမူအရာ(နာမ်)ကို ဖြစ်နေတဲ့အတိုင်းလေး ရိုးရိုးရှင်းရှင်း ရှုမှတ်ရပါမယ်။
ဥပမာ၊ ကိုယ်အမူအရာ(ရုပ်)အနေနဲ့ သွားရင် ..သွားတယ်..၊ ရပ်ရင် ..ရပ်တယ်..၊ ထိုင်ရင် ..ထိုင်တယ်..၊ လျောင်းရင် ..လျောင်းတယ်..၊ ကွေးရင် ..ကွေးတယ်..၊ ဆန့်ရင် ..ဆန့်တယ်..လို့ ရှုမှတ်ရပါမယ်။ ..ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ မဇာနာတိ.. စသည်အားဖြင့် မြတ်စွာဘုရား တိုက်ရိုက်ဟောကြားထားတဲ့ ရှုမှတ်နည်းပါပဲ။
စိတ်အမူအရာ(နာမ်)အနေနဲ့ လိုချင်ရင် ..လိုချင်တယ်..၊ တပ်မက်ရင် ..တပ်မက်တယ်..၊ စိတ်ဆိုးရင် ..စိတ်ဆိုးတယ်..၊ တွေးရင် ..တွေးတယ်..၊ ပျင်းရင် ..ပျင်းတယ်..လို့ ရှုမှတ်ရပါမယ်။ ..သရာဂံ ၀ါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ..စသည်အားဖြင့် မြတ်စွာဘုရား တိုက်ရိုက်ဟောကြားထားတဲ့ ရှုမှတ်နည်းပါပဲ။
နေ့စဉ်သုံးစွဲနေကျ၊ အမြဲခေါ်ဝေါ်နေကျ စကားလုံးအတိုင်း ရှုမှတ်ရပါမယ်။
ဆောင်ပုဒ်ထဲမှာပါတဲ့ ..အလုပ်..ဆိုတာ အလုပ်မရွေး ရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန် ၀ိပဿနာတရားဟာ အလုပ်မရွေး ရှုမှတ်လို့ရတဲ့ တရားပါ။ ဘယ်အလုပ်လုပ်နေရလို့ ၀ိပဿနာ မရှုနိုင်ဘူးဆိုတာ မရှိစေရပါဘူး။
ချက်ပြုတ်တဲ့ စားသောက်တဲ့အလုပ်၊ ဖွပ်လျှော်တဲ့ ၀တ်ဆင်တဲ့အလုပ်၊ ပြောဆိုတဲ့ နားထောင်တဲ့အလုပ်၊ ဈေးရောင်းတဲ့ ကားမောင်းတဲ့အလုပ်၊ ကိုင်တွယ်တဲ့ ထုနှက်တဲ့အလုပ်၊ ဘာအလုပ်ပဲ လုပ်လုပ် သတိထည့်ပြီးလုပ်ရင် ၀ိပဿနာဖြစ်ပါတယ်။
သတိထည့်ပုံကလည်း မခက်ပါဘူး။ ..ဖြစ်တိုင်းဟန်..ဆိုတဲ့အတိုင်း ကိုယ်လုပ်နေတဲ့ အလုပ်ကို လုပ်နေတဲ့အတိုင်းလေး မှတ်လိုက်၊ သိလိုက်ဖို့ပါပဲ။ ဥပမာ - ထမင်းလုတ်ဝါးရင်း ..၀ါးတယ်..၊ ရေသောက်ရင် ..သောက်တယ်..၊ လုံချည်ပြင်ဝတ်ရင် ..၀တ်တယ်.. စသည်ဖြင့်ပေါ့။
..နေရာ..ဆိုတာက နေရာမရွေး ရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန်ဝိပဿနာတရားဟာ နေရာမရွေး ရှုမှတ်လို့ရတဲ့ တရားပါ။ ဘယ်နေရာရောက်နေလို့ ၀ိပဿနာ မရှုနိုင်သေးဘူးဆိုတာ မရှိစေရပါဘူး။
ဘတ်စ်ကားပေါ်မှာ၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ၊ ရုံးခန်းထဲမှာ၊ ဈေးထဲမှာ၊ ဧည့်ခံပွဲပရိသတ်ထဲမှာ၊ ရေချိုးခန်းထဲမှာ၊ နောက်ဆုံး အိမ်သာထဲမှာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သတိထည့်ပြီးနေရင် ၀ိပဿနာဖြစ်ပါတယ်။
ဝိပဿနာတရားဆိုတာ ဘုရားခန်းလို တင့်တယ်တဲ့နေရာမျိုးမှာမှ ရှုမှတ်လို့ ရတာ မဟုတ်ပါဘူး။ အိမ်သာလို မတင့်တယ်တဲ့၊ ညစ်ပတ်နံစော်တဲ့ နေရာမျိုးမှာလည်း ရှုမှတ်လို့ ရပါတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် ..ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ = ကျင်ကြီးကျင်ငယ်စွန့်ရင်းလည်း သတိ၊ ပညာနဲ့ စွန့်ပါ..လို့ တိုက်ရိုက်ဟောတော်မူထားပြီးသားပါ။
အိမ်သာတက်တတ်ရင် အိမ်သာတက်ရင်း ကုသိုလ်ရပါတယ်။ စွန့်ချင်ရင် ..စွန့်ချင်တယ်..၊ စွန့်ရင် ..စွန့်တယ်..၊ နံရင် ..နံတယ်..၊ ဗိုက်နာရင် ..နာတယ်..လို့ မှတ်နေ၊ သိနေရုံပါပဲ။
လွယ်သလောက် ခရီးရောက်တာ သတိပဋ္ဌာန်ပါ။ ယူတတ်ရင် ကုသိုလ်က နေရာတိုင်းမှာ ရနိုင်ပါတယ်။ အိမ်သာတက်ရင်းနဲ့တောင် ၀ိပဿနာကုသိုလ်ယူနိုင်တယ် ဆိုမှတော့ တခြားနေရာဆို မပြောနဲ့တော့။
..က္ကုရိယာ..ဆိုတာက က္ကုရိယာပုထ်မရွေး ရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန် ၀ိပဿနာတရားဟာ က္ကုရိယာပုထ်မရွေး ရှုမှတ်လို့ရတဲ့ တရားပါ။ ဘယ်က္ကုရိယာပုထ်ဖြစ်နေလို့ ၀ိပဿနာ မရှုနိုင်ဘူးဆိုတာ မရှိစေရပါဘူး။
သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းလို့ က္ကုရိယာပုထ်လေးပါး ရှိတယ်ဆိုတော့ သွားရင် ..သွားတယ်..၊ ရပ်ရင် ..ရပ်တယ်..၊ ထိုင်ရင် ..ထိုင်တယ်..၊ လျောင်းရင် ..လျောင်းတယ်.. လို့ ရှုမှတ်နေရုံပါပဲ။ လွယ်လိုက်တာ မပြောပါနဲ့တော့။ ခွံ့ပေးတဲ့ ထမင်းလုတ် ၀ါးရတာလောက်တောင် မခက်ပါဘူး။
..ချိန်ခါမရွေးရှု..ဆိုတာကတော့ ရှင်းပါတယ်။ အချိန်မရွေး ရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန် ၀ိပဿနာတရားဟာ အချိန်မရွေး ရှုမှတ်လို့ ရတဲ့တရားပါ။ ဘယ်အချိန်ဖြစ်နေလို့ ၀ိပဿနာ မရှုနိုင်ဘူးဆိုတာ မရှိစေရပါဘူး။ မနက်အိပ်ရာနိုးတဲ့ အချိန်ကစပြီး ညအိပ်ရာဝင် အိပ်ပျော်သွားတဲ့အထိ အချိန်တိုင်းမှာ သတိကပ်ထားရင် ၀ိပဿနာဖြစ်ပါတယ်။
အိပ်ရာနိုးတဲ့အချိန်မှာ ..နိုးတယ်..လို့ ရှုမှတ်ပြီး တစ်နေ့တာအချိန်ကို စတင်လိုက်ပါ။
အဲဒီနောက်… တစ်နေ့တာလုံး မြင်တဲ့အချိန်မှာ ..မြင်တယ်..၊ ကြားတဲ့အချိန်မှာ ..ကြားတယ်..၊ နံတဲ့အချိန်မှာ ..နံတယ်..၊ မွှေးတဲ့အချိန်မှာ ..မွှေးတယ်..၊ စားတဲ့အချိန်မှာ ..စားတယ်..၊ ထိတဲ့အချိန်မှာ ..ထိတယ်..၊ သိတဲ့အချိန်မှာ ..သိတယ်..လို့ ရှုမှတ်ပြီး တစ်နေ့တာအချိန်တွေကို ဖြတ်သန်းလွန်မြောက်ပါ။
ညအိပ်ရာဝင်တဲ့ အချိန်ကျတော့ ..အိပ်တယ်..လို့ ရှုမှတ်ရင်း တစ်နေ့တာအချိန်ကို အဆုံးသတ်လိုက်ပါ။
ဘ၀တစ်နေ့တာ အချိန်လေးတွေမှာ ဘာအလုပ်ပဲလုပ်လုပ်၊ အမှတ်ကလေးနဲ့ လုပ်နေရတာ အင်မတန် စိတ်ချမ်းသာပါတယ်။
..အမှတ်..ဆိုတဲ့နေရာမှာ ကိုယ်အမူအရာတွေကို မှတ်တာရော၊ စိတ်အခြေအနေတွေကို မှတ်တာရော ပါဝင်ပါတယ်။
အမှတ်မပါဘဲ လုပ်နေရင် လူက အလုပ်ကို လုပ်နေပေမယ့် စိတ်က အတိတ်၊ အနာဂတ်ကို ပျံ့လွင့်ပြေးလွှားနေတတ်ပါတယ်။ အတိတ်အကြောင်း၊ အနာဂတ်အကြောင်းတွေ တွေးတောရင်း အလုပ်လုပ်နေရတာ အင်မတန် စိတ်ပင်ပန်းပါတယ်။ အလုပ်လဲ မသေသပ်၊ မတွင်ကျယ်ပါဘူး။
နောက်ပြီးတော့ အမှတ်မပါဘဲ အလုပ်လုပ်နေရင် လုပ်နေသူ ကိုယ့်ကိုယ်ကိုလည်း ..ငါ..လို့ စွဲနေတတ်ပါတယ်။ လုပ်နေတဲ့အလုပ်၊ အလုပ်နဲ့ပတ်တက်တဲ့ အာရုံ၊ အလုပ်လုပ်နေရင်း ကြုံတွေ့တဲ့ အာရုံတွေကိုလဲ ..ငါ့ဥစ္စာ..လို့ စွဲနေတတ်ပါတယ်။
ငါအစွဲနဲ့၊ ငါ့ဥစ္စာအစွဲဟာ လူ့စိတ်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။ ပူလောင်ဆင်းရဲစေပါတယ်။ ငြိမ်းအေးချမ်းသာမှုနဲ့ ဝေးသထက်ဝေးစေပါတယ်။
ဘာပဲလုပ်လုပ် အမှတ်ကလေးနဲ့ လုပ်နေရင်တော့ စိတ်ဟာ ပစ္စုပ္ပန်တည့်သွားပြီး ငါဆိုတဲ့ အစွဲလည်း ကင်း၊ ငါ့ဥစ္စာဆိုတဲ့ အစွဲလည်း ကင်းသွားပါတယ်။ သဘောသက်သက်မျှသာ ရှိပါလား၊ လုပ်ချင်တဲ့ စိတ်နဲ့ လုပ်နေတဲ့အမူအရာမျှသာ ရှိပါလား…ဆိုတဲ့ အသိနဲ့ အင်မတန် စိတ်ချမ်းသာရပါတယ်။ အင်မတန် စိတ်အေးချမ်းရပါတယ်။ ပင်ပန်းနွမ်းနယ်မှု၊ ပူလောင်ဆင်းရဲမှု ဆိုတာလည်း မရှိတော့ပါဘူး။
တချို့က မှတ်နေစရာ မလိုဘူး၊ သိနေရင် ပြီးတာပဲလို့ ပြောကြပါတယ်။ အဲဒီစကားဟာ မလုပ်ချင်လို့ပြောတဲ့စကား၊ လူပျင်းတွေရဲ့ ဆင်ခြေစကားမျှသာ ဖြစ်ပါတယ်။
မမှတ်ဘဲ သိနေတဲ့အသိဟာ သာမန်လူတွေရဲ့အသိ၊ တိရိစ္ဆာန်အပါအ၀င် သတ္တ၀ါအားလုံးရဲ့ အသိပါ။ တရားအားထုတ်နေသူရဲ့အသိ၊ ၀ိပဿနာယောဂီရဲ့အသိ မဟုတ်ပါဘူး။
အားထုတ်မှု ရင့်ကျက်သွားရင်တော့ အမှတ်ကိုလွှတ်ထားပြီး သိနေရုံနဲ့ ပြီးနိုင်ပါတယ်။ ဒါတောင် တစ်ချက်တစ်ချက် ကြိုးကြားကြိုးကြား အမှတ်လိုက်ပေးရပါသေးတယ်။ အမှတ်နဲ့ ထိန်းပေးထားမှ အသိက ခိုင်မြဲပါတယ်။
ဘာပဲဖြစ်ဖြစ် လိုရင်းပြောချင်တာကတော့ အချိန်တိုင်း စိတ်ချမ်းသာချင်ရင် အချိန်တိုင်း အမှတ်နဲ့နေပါ။ အလုပ်တိုင်း စိတ်ချမ်းသာချင်ရင် အလုပ်တိုင်း အမှတ်နဲ့လုပ်ပါ။
အမှတ်နဲ့နေရခြင်း၊ အမှတ်နဲ့လုပ်ရခြင်းရဲ့ အရသာကို ကိုယ်တွေ့မျက်မှောက် သိသွားပြီဆိုရင် မမှတ်ဘဲ နေနိုင်မှာ မဟုတ်တော့ပါဘူး။ မမှတ်ဘဲ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ..မမှတ်ရင် မနေနိုင်တာလွဲလို့.. ဖြစ်သွားပါလိမ့်မယ်။
လူတစ်ယောက်ဟာ ..မမှတ်ရင် မနေနိုင်တာကလွဲလို့..လို့ အချိန်မရွေး ပြောနိုင်တဲ့အဆင့်အထိ အမှတ်သတိရဲ့အရသာကို ခံစားရပြီဆိုရင် အဲဒီလူရဲ့ဘ၀ကို လူဖြစ်ကျိုးနပ်တဲ့ဘ၀လို့ ကျိန်းသေ ပြောနိုင်ပါပြီ။ မမှတ်ရင်မနေနိုင်သူတွေ ဖြစ်ကြပါစေ။ အမှတ်သတိနဲ့ အမြဲ နေနိုင်ကြပါစေ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ရဲ့ ..မသေခင် ဘာလုပ်ကြမလဲ.. ဆိုတဲ့ စာအုပ်မှ ရေးသားမျှဝေပါတယ်။
No comments:
Post a Comment