သေရွာပြန်တို့၏ ဖြစ်ပျက်ခြင်းရာ အဖြာဖြာတို့ကို လေ့လာတွေ့ရှိ စိတ်ဝင်စားဖွယ် အဆင့်မြင့် ပြည့်ဆုံသောကြောင့်
ဆင်ခြင်သုံးသပ်မိသောအခါ သူသူကိုယ်ကိုယ် မိမိရောက်ရာဘ၀တွင် ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာ
ကောင်းမှုတို့၌ အချိန်ရှိခိုက် လုံ့လစိုက်ရမည်ဟူသော အနှစ်သာရကို တွေ့ရှိရ၏။
သက်ရှိသတ္တ၀ါမှန်သမျှ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သေကြရမည့်ခရီးလမ်းတို့ကို လျှောက်ကြရမည်ဖြစ်ကြောင်း
သဘာဝကျကျ သိမြင်ထားသော ဘုရားရှင်က အဘိဏှသုတ်တော်၌ " အို၊ နာ၊ သေ၊ ကွဲ၊ ကံကနည်း အမြဲဆင်ခြင်ကြ "
ဟူသော တရားငါးပါးကို ဆင်ခြင်ပွားများ သတိထားကြရန် လိုအပ်ပေသတည်း။
မအိုမီရှာထား ဒါနတရား။
မနာမီရှာထား သီလတရား။
မသေမီရှာထား ဘာဝနာတရား။ စသည့် အနှစ်ချုပ်သဘောတရားများ လက်ကိုင်ပြုသင့်သည်။
" မအိုမီမှာ ကုသိုလ်ရှာ သေခါသက်သာမည် " ဟူသည့်အတိုင်း ဒါန၊ သီလ၊ ဘာဝနာ တရားတို့ကို အလေ့အကျင့်ပြုအပ်
နှလုံးသွင်းအပ် လှပေသည်။
ဆင်ခြင်ရမည်ကား . . .
ငါသည် အိုခြင်းသဘောရှိသည် တစ်နေ့ အိုရမည်။
ငါသည် နာခြင်းသဘောရှိသည် တစ်နေ့ နာရမည်။
ငါသည် သေခြင်းသဘောရှိသည် တစ်နေ့ သေရမည်။
ငါသည် ချစ်ခင်အပ်သောသူတို့နှင့် တစ်နေ့နေ့တွင် ရှင်ကွဲသော်လည်းကောင်း၊ သေကွဲသော်လည်းကောင်း ကွဲရမည်။
ငါတွင် ကံသာလျှင်ဥစ္စာအမွေအနှစ် ရှိ၏။
ကံသာလျှင် အကြောင်းရင်း ရှိ၏။
ကံသာလျှင် အဆွေအမျိုးကိုးကွယ်ရာ ရှိ၏။
ကောင်းရာ၊ မကောင်းရာကို ငါပြုသည်ရှိသော် ထိုကံ၏အကျိုးကိုသာ ငါခံစားရမည်။
ဘုရားရှင် ဟောကြားထားသော အဘိဏှသုတ်တော်ကို ဆင်ခြင်ပွားများ သတိမြဲမြဲထားခါမှ သင့်တော်ပေမည်။
လူအပေါင်းတို့သည် -
ဒါနကိုမှ မရှာလျှင် အိုကာ ဒုက္ခရောက်ရမည်ဟု။
သီလကိုမှ မရှာလျှင် နာသော် ဒုက္ခရောက်ရမည်ဟု။
ဘာဝနာကိုမှ မရှာလျှင် သေသော် ဒုက္ခရောက်ရမည်ဟု။
ဒါန၊ သီလ၊ ဘာဝနာ ရိက္ခာထုပ်ပါအောင်၊ ပြည့်ဝအောင်၊ ကုသိုလ်လမ်းနှင့် နီးအောင်ပြုလုပ်သင့်ကြသည်။ ခရောင်းလမ်း၊
အကုသိုလ်လမ်းမှ ပန်းခင်းလမ်းသို့ ဦးတည်သင့်ကြပေတော့သည်။ သေရွာပြန်သူတို့၏ ဖြစ်စဉ် ဇာတ်ကြောင်းများကို
ဖတ်ရှုရင်း သတိရဖွယ်ကား ပြုရန်ကိစ္စ ပြုသင့်ကြကြောင်းပေတည်း။
လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း၊ ၂၀၀၉ မတ်လ
အားလုံးကျန်းမာ၍ ချမ်းသာကြပါစေ ။ ။
Ko Lin
No comments:
Post a Comment