Tuesday, August 9, 2011

" သင်္ခါရ ဘာဇနီ " ကျမ်း ဘ၀နာအကြောင်း (၁) (ဖူးဇွဲကပင်မြေ )

ဗုဒ္ဓဘာသာ-အမျိုးကောင်းသား အမျိုးကောင်းသ္မီးတို့ ဖတ်ရှုလေ့လာ လိုက်နာ
ကျင့်ကြံကြစေရန် သင်္ခါရအကြောင်း ဒါန သီလ ဘာဝနာ အကြောင်း ကောင်းသောသူတို့ 
လားရာ မကောင်းသူတို့  လားရာ ဘုံဋ္ဌာနအကြောင်း တို့ ကို စုံလင်စွာဖော်ပြရာဖြစ်သော
" သင်္ခါရ ဘာဇနီ "ကျမ်းကို ရေးသားပြီး ဗဟုသုတတိုးပွားစေရန် သင်္ခါရဘာဇနီကျမ်းစာအုပ်ကို
မူရင်းမပျက် ကုသိုလ်ပြု ပြန်လည်မျှဝေပါတယ်ရှင် ။
ဤသို့  သီလကိုပြပြီး၍ ၊ ယခုအခါ၌ ဘာဝနာကို ပြဆိုပေအံ့ ၊ ဘာဝနာသည် ၊
သမထဘာဝနာ ၊ ၀ိပဿနာဘာဝနာ ဟူ၍ ၊နှစ်ပါးအပြားရှိ၏ ၊ ထိုနှစ်ပါးတို့ တွင် ၊
ကသိုဏ်း ဆယ်ပါး ၊အသုဘဆယ်ပါး ၊အနုဿတိဆယ်ပါး ၊ ဗြဟ္မစိုရ်တရားလေးပါး ၊
သညာ လေးပါး ၊ ဓါတုဝ ၀တ္ထာန်တပါး ၊ အာရုပ္ပလေးပါး ၊ ဤလေးဆယ်တို့ သည် ၊
သမထ မည်ကုန်၏ ၊ အဘယ်ကြောင့် သမထမည်သနည်း ။
နီဝရဏံ--သမေတီတိသမထော " ဟူ၍ဆိုသောကြောင့် သမထမည်၏ ၊ ယံဓမ္မဇာတံ ၊
အကြင် သဘော တရားသည် ၊ နီဝရဏံ ၊နီဝရဏ ကို ၊သမေတိ ၊ ငြိမ်းစေတတ်၏ ၊
ဣတိတသ္မာ ၊ ထိုသို့ ငြိမ်းစေတတ်သော သတ္တိကြောင့် ၊ တံဓမ္မဇာတံ ထိုသဘော
တရားသည် ၊ သမထော၊ သမထ မည်၏ ၊ အနိစ္စလက္ခဏာ ၊ဒုက္ခလက္ခဏာ ၊အနတ္တ
လက္ခဏာ ၊ ဤသုံးပါးကား--၀ိပဿနာ မည်၏ ၊ အဘယ်ကြောင့် ၀ိပဿနာ မည်သနည်း ၊
" ၀ိသုဒ္ဓေန ပဿတီတိ ၀ိပဿနာ ဟူ၍ဆိုသောကြောင့် ၀ိပဿနာမည်၏၊၀ိသုဒ္ဓေန၊
စင်ကြယ်သဖြင့် ၊ ပဿတိ ၊မြင်တတ်၏ ၊ ဣတိတသ္မာ ထိုကြောင့် ၊၀ိပဿနာ ၊
ဝိပဿနာမည်၏ ။ ။
တနည်းကား ။ ။ဝိ၀ိဓာဏရေဟိ၊ အထူးထူး အပြားပြား ၊ တို့ ဖြင့် ပဿတိ ၊ မြင်တတ်၏ ၊
ဣတိတသ္မာ ၊ ထို့ ကြောင့်၊ ၀ိပဿနာ ၊ ၀ိပဿနာမည်၏ ၊ထိုနှစ်ပါးကို အဖန်တလဲလဲ
စီးဖြန်းခြင်းသည် ဘာဝနာမည်၏ ၊ ထိုသမထ ကမ္မဋ္ဌာန်းလေးဆယ်တို့ တွင် ၊ ဗုဒ္ဓါနုဿတိ
ကိုရှေ့ ဦးစွာ စီးဖြန်းရာ၏ ၊ အဘယ်ကြောင့်နည်း ။ သမ္မာပဋိပတ်--ကျင့်ဝတ်မြတ်ကို ပြညွှန်
ပေသော ဆရာဖြစ်၍ ၊ ကျေးဇူးတော်ကို ရှေးဦးစွာ ပွားစေရာ၏ ၊ ထိုသို့  ဗုဒ္ဓါနုဿတိကို
မပြတ် စီးဖြန်းရခြင်း အောက်မေ့ရခြင်း အကျိုးကား --ပစ္စုပ္ပန် သံသရာ ချမ်းသာ စီးပွားနှင့်
ပြည့်စုံ၏ ၊ ဘေးဒဏ် ရန်မာန် အန္တရာယ်တို့ ကိုလည်း ကာဆီးတားမြစ်နိုင်၏ ၊ ထိုအကြောင်းကို
ဤသို့  သိရာ၏ ။ ။
ငါတို့ မြတ်စွာဘုရားသည် ၊ ဗာရာဏသီပြည်၏ ၊ အနီးဖြစ်သော မိဂဒါဝုန်တော၌ သီတင်း
သုံးနေတော်မူသောအခါ ၊နန္ဒီဝါနိဇ္ဇ မည်သော ကုန်သည်တဦးသည် ၊ ဘုရားသခင်ထံ၌ ၊
ဆည်းကပ်၍ ၊" ဗုဒ္ဓါနုဿတိ"ကို စီးဖြန်းလေ့လာ ဆောင်ရွက်၏ ၊ တရံရောအခါ ၊ကာလိင်္ကရာဇ် ၊
ပြည်သို့  သင်္ဘောလွှင့်၍ ကုန်ရောင်းသွားလေသော် ၊ တယောက်ယော အမတ်သည် မြို့ သို့ 
လှည့်ပတ်ရာ နန္ဒီဝါနိဇ္ဇ ကုန်သည်မယားကို မြင်၍ မဆောက်တည်နိုင်ဘဲ ၊ အလွန်တပ်မက်မော
သည်ဖြစ်၍ ၊ လင်ရှိသည် မရှိသည်ကို ၊စုံစမ်းမေးမြန်းသော် လင်ရှိကြောင်းကိုသိ၍ ၊ ငါ့စကားကို
လိုက်နာပါ ၊ လင်၏ အမူကို ငါ့တာဝန်ရှိပါစေဟု ဆိုလေရာတွင် ၊ လင်ရှိလျက်ကို ၊ အဘယ်သို့ 
နားထောင်ရပါအံ့နည်းဟု ၊ ဆိုလိုက်လေ၏ ၊လင်ကိုသေအောင် ကြံအံ့ဟုအောက်မေ့၍ ၊ အသက်
သွင်းတတ်သော ဇီဝက ဆေးသမားကို ခေါ်ပြီးလျှင် ၊သင်--လူသေကို ဖုတ်သွင်း၍ နန္ဒီဝါနိဇ္ဖကို
သတ်နိုင်ပါမည် ဖြစ်လျှင် အသပြာတထောင် ငါပေးမည်ဟုဆိုလျှင် ကောင်းပါပြီဟု--၀န်ခံ၍
သုသာန်သို့  အမတ်နှင့် ဆေးသမားသွား၍ ၊ တခုသော သူသေကို တွေ့ လျှင် ဖုတ်သွင်းသော်-
ထ၍လာ၏ ၊ အမတ်လည်း ၀စွာ မြိန်စွာ အစာစားစေ၍ ၊ သန်လျက်ကိုပေးပြီးလျှင် ၊ ဤအရပ်၌
နန္ဒီဝါနိဇ္ဇကို သတ်ချေဟု စေလိုက်လျှင် ၊ထိုဖုတ်ကောင်လည်း သွားလေ၏ ၊နန္ဒီဝါနိဇ္ဇလည်း
လှေပဲ့စပ်၌ထိုင်၍ ၊ဗုဒ္ဓါနုဿတိကို စီးဖြန်းနေခိုက်နှင့် ကြုံ၍ပြန်ခဲ့၏ ၊ ဆေးသမားလည်း သေပြီး
လောဟု မေး၏ ၊ ဖုန်ကောင်လည်း သံတံတိုင်းကာ၍ မ၀င်နိုင်ဟုဆို၏ ၊ တဖန် အသစ်လွှတ်ပြန်၏ ၊
ထိုဖုတ်ကောင်လည်း သွား၍ ၊ ရှေးနည်းအတူပြန်ခဲ့၏ ၊ သေပြီလောဟုမေးသော်--
ကျောက်တံတိုင်းကာ၍ မ၀င်နိုင်ဟုဆို၏ ၊ နောက်အသစ်တကောင်ဖုတ်သွင်း၍ လွှတ်လိုက်ပြန်၏ ၊
ရှေးနည်းအတူပြန်ခဲ့၏ ၊ ဆေးသမားလည်း သေပြီလောဟုမေး၏ ၊ ဖုတ်ကောင်လည်းစကားမဆို
ဆေးသမားနှင့် အမတ်၏ လည်ကို သန်လျက်နှင့် ဖြတ်လေ၏ ၊ ထိုအကြောင်းကို ၊ ပါသောသူ
မြင်သောသူတို့ သည် ပြောကြ၍ ဗာရာဏသီပြည်အလုံး အုတ်အုတ် ကျက်ကျက် ရှိကြလေ၏ ၊
ဤသို့ သော ကျေးဇူးနှင့် ပြည့်စုံသော " ဗုဒ္ဓါနုဿတိ "ကိုရှေးဦးစွာ စီးဖြန်းရာ၏ ။ ။
တနည်းလည်း ။ ။ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်
မူသောအခါ ၊ထိုရာဇဂြိုဟ်ပြည်၌ နေသော ခုနစ်နှစ်သားရှိသော သူငယ်တယောက်သည် ၊
မိဘတို့ သင်၍ "ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ ၊သံဃော မေ
သရဏံ အညံ နတ္ထိ " ဟူ၍ သွားတိုင်း လာတိုင်း နေရင်း ထိုင်ရင်း အိပ်ရာနိုးတိုင်း စီးဖြန်း၏ ။ ။
တရံရောအခါ အဘနှင့်သားထင်းတောသို့  သွား၍ ၊ လှည်းနှင့်ပြန်ခဲ့သော် မြို့ တံခါး
ပိတ်၍မ၀င်ရသောကြောင့် ၊မြို့ ပြင်၌ သားအဘအိပ်ကြသော် ၊ ညဥ့်အခါ မိစ္ဆာဒိဋ္ဌိ
နတ်ဘီလူးတယောက် သမ္မာဒိဋ္ဌိ နတ်ဘီလူးတယောက် မြို့ နားသို့  လှည့်လည်
သွားကြသည်တွင် ၊ လှည်းအောက်၌အိပ်နေကြသော ၊ သားအဘနှစ်ယောက်ကိုမြင်၍ ၊
မိစ္ဆာဒိဋ္ဌိနတ်ဘီလူးသည် သူငယ်၏ခြေကိုကိုင်ဆွဲ၏ ၊သူငယ်လည်း အဘနှိုးသည်မှတ်၍
နိုးလျှင် "ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ ၊သံဃော မေ
သရဏံ အညံ နတ္ထိ" ၊ ဟုဆိုသောအသံကိုကြားလျှင် ၊သမ္မာဒိဋ္ဌိ နတ်ဘီလူးက မိစ္ဆာဒိဋ္ဌိ
နတ်ဘီလူးကို ဟယ်--နတ်မိုက် အဘယ်ကြောင့် ဘုရားတပြည့် သူတော်ကောင်းကို
ဆွဲဘိသနည်း ၊ နင့်ကို ငါ့သန်လျက်နှင့် ခုတ်ရမည်လောဟု ဆိုလျှင် ၊ မိစ္ဆာဒိဋ္ဌိ
နတ်ဘီလူးက အရှင်နတ်မင်း မသိ၍ ဆွဲမိပါသည် ၊ အကျွန်ုပ်ကန်တော့ပါမည်ဆို၏ ၊
အဘယ်သို့  နင်ကန်တော့ပါမည်နည်းဟု မေးလျှင် ၊အဘယ်သို့ ကန်တော့ရပါအံ့နည်းဟု
မေးပြန်၏ ၊သမ္မာဒိဋ္ဌိနတ်ဘီလူးကလည်း ရွှေခွက်နှင့် ဘောဇဉ်ထည့်၍ ကန်တော့မှသာ
ချမ်းသာအံ့ဟု ဆိုလျှင် ၊ မိစ္ဆာဒိဋ္ဌိ နတ်ဘီလူးသည် ၊ ဗိမ္ဗိသာရမင်းကြီးနန်းတော်သို့ 
ဝင်လေ၍ စားတော်ရွှေခွက်နှင့်တကွ ဘောဇဉ်ကို ယူခဲ့ပြီးလျှင် ၊ သူငယ် သားအဘကို
နှိုး၍ အသင်တို့ ကို ငါသည် ဘုရားသခင်၏ တပည့်မှန်း မသိ၍ မှားဆွဲမိသော အပြစ်ကို
ချမ်းသာပါစေ ၊ ငါကန်တော့ပါ၏ ဟုဆို၍ ရွှေခွက်နှင့် ဘောဇဉ်ကို ပူဇော်ခဲ့၏ ၊ ထိုသို့ 
ပူဇော်ခဲ့၍ နတ်ဘီလူးတို့ သည် ကွယ်လေသော် မိုးသောက်သောအခါ ၊စားတော်ရွှေခွက်
ကို မတွေ့ ၍ နန်းတွင်း၌ရှာသော်လည်း မရသောကြောင့်၊ မြို့ ပြင် မြို့ တွင်းလွှတ်၍ ၊
ရှာသည် ရှိသော် ထိုသားအဘနှစ်ယောက်ကို လှည်းနှင့်တကွတွေ့ ၍ ကြိုးဖြင့်ချည်နှောင်
ယူကြလေကုန်၏ ၊ မင်းထံသို့  ရောက်လေသော် အဘယ်နည်းဟု မေးတော်မူလျှင် ၊
စားတော် ခွက်ကို ခိုးသော သူခိုးသားအဘကို မြို့ ပြင်၌ လှည်းနှင့်တကွ တွေ့ ခဲ့ကြောင်းကို
လျှောက်လေသော် ၊မင်းလည်း--လုလင် သားအဘ အဘယ်ကြောင့် ရွှေခွက်ကိုခိုးယူသနည်း
ဟု မေးတော်မူက ၊ ထိုသားအဘလည်း ဤသို့ လျှောက်၏ ၊အရှင်မင်းကြီး၏ ရွှေခွက်ကိုလည်
ကျွန်ုပ်တို့ မခိုးမယူပါ ၊ အရှင်မင်းကြီး နန်းတော်ကိုလည်း ညဥ့်အခါ၌ မဆိုထားဘိဦး ၊
နေ့ ကိုမျှ မရောက်ဘူး မ၀င်ဘူးပါ ၊ အကျွန်ုပ်တို့  သားအဘသည် ၊ ဘုရားသခင်၏
ဂုဏ်ကျေးဇူးကိုသာ ဆည်းကပ်ကိုးကွယ်လျက် ၊နေညမပြတ်စီးဖြန်းနေပါသည် ၊ ယနေ့ 
နတ်ဘီလူး တယောက်လာ၍ ၊အသင်တို့ ကို ဘုရားသခင်၏ တပည့်မှန်းမသိ၍ ၊ ငါစားမည်
ဆွဲမိသည် ၊ ဘုရားသခင် ဂုဏ်ကျေးဇူးကို အသင်တို့  သားအဘစီးဖြန်းမှ ဘုရားတပည့်မှန်း
သိ၍ ၊ ငါဆွဲမိသည့် အပြစ်ကို သည်းခံတော်မူပါ ၊ ငါကန်တော့ပါ၏ ဟုဆို၍ ပေးလာပါသည် ၊
အကျွန်ုပ်တို့  မခိုးမယူပါဟု ၊ လျှောက်လေသော် ၊ မင်းကြီးလည်း ဤသူ့ စကားသည် ၊
ဟုတ်မည် မဟုတ်မည်ကို ၊ ဘုရားသခင်သာ သိနိုင်တော့မည်ဟု နံနက်စာ ပွဲတော်
တည်ပြီးလျှင် ၊ ကျောင်းတော်သို့  သွား၍ မြတ်စွာဘုရားထံ ၊ ထိုအကြောင်းကိုလျှောက်ထား
လေသော် ၊ ဘုရားသခင်လည်း ၊" မင်းကြီး ဟုတ်၏ ၊ ဤသူတို့  ဆိုတိုင်း မလွဲပေ မြင်တော်မူ၏ ၊
သိတော်မူ၏ " ၊ဟုမိန့် တော်မူလျှင် ၊အံ့ဘွယ်ရှိပေစွ တကား--ဘုရားကိုယ်တော်တို့ ၏ ၊
ကျေးဇူးတော် ဂုဏ်တော်တို့ သည် ၊ ပြုနိုင်ခဲသော ၊ အမှုကိုပင် ကြားရ၏ ၊ ဟု ချီးမွမ်းလျှင်
မင်းကြီးရတနာသုံးပါးတို့ ၏ ၊ဂုဏ်ကျေးဇူးကို ကောင်းစွာ အောက်မေ့ရခြင်းကို ရှေးပညာရှိတို့ 
သည် ၊ဤမျှမကသေး " ဟုမိန့် တော်မူလျှင် ၊ ရှေးအကြောင်းကို ဟော်တော်မူပါဟု တောင်းပန်
သောကြောင့် သုဘတ္တာ အကြောင်းကို ဟော်တော်မူ၏ ။ ။
" သင်္ခါရ ဘာဇနီ " ကျမ်းစာအုပ်အတိုင်း ရေးသားထားပါသည် .။
နောက်ဆက်တွဲများကို အဆင့်ဆင့် တင်ပြသွားမည် ။
မိုးငယ်အောင်

No comments:

Post a Comment