Tuesday, August 2, 2011

ခရစ်တော် (သို့မဟုတ်) ဦးဇီဝကိရိဋ

          ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး ၅၄၃ ခုနစ်က ဖြစ်သည်။ ခရစ်တော်သည် အရွယ်နှင့်မလိုက်အောင် ထူးခြားထက်မြက်၏။ ၁၂ နှစ်သားကပင် ရဟူဒီ ဘုန်းတော်ကြီးများအား ထာဝရ (ယေဟိုးဝါ) ၏ ဖန်ဆင်းပုံ၊ လူလူချင်း မတူညီကြပုံကိုမေးရာ ဘုန်းတော်ကြီးများက ..အိုသူငယ်… ဤအချက်ကား ယေဟိုးဝါသာလျှင် သိနိုင်သည်..ဟုသာ ဖြေကြသဖြင့် မကျေနပ်။ အရွယ်နှင့်မလိုက်အောင် စူးစမ်းတွေးခေါ်နိုင်သဖြင့် သူ့အား ဂိုဏ်းချုပ်ပင် မြှောက်ခဲ့ကြရသည်။ ၁၂ နှစ်မျှသာ ရှိသေး၏။
          သူသည် ထာဝရ၏ ဟောပြောချက်များကို စဉ်းစားတိုင်း သဘောမတွေ့သဖြင့် ဂိုဏ်းချုပ်ဆရာမှ ထွက်ကာ အမှန်တရားရှာရန် ခရီးထွက်ခဲ့လေသည်။ အသက် ၃၀ ပြန်လည်ကြွ၍ တရားဟောသည်။
          ထိုအခါ ရဟူဒီလူမျိုးတို့က ..ဒါ ယေဟိုးဝါ၏ တရားမဟုတ်၊ ဂေါတမဗုဒ္ဓ၏ တရားမျှသာ ဖြစ်သည်..ဟု ဆိုကာ ကန့်ကွက်ကြ၏။ ခရစ်တော်ကလည်း ..ဒါယေဟိုးဝါ၏ တရားဖြစ်သည်။ ကျွန်ုပ်လည်း ယေဟိုးဝါ၏ သားတော်ပင် ဖြစ်သည်..ဟု ဆက်လက် လှည့်စားကာ ဟောကြားနေခဲ့သည်။ နောက်ဆုံး ရောမနှင့် ရဟူဒီ ဓမ္မဟောင်းသမားတို့ မခံမရပ်နိုင်ဖြစ်ကာ ခရစ်တော်အား လက်ဝါးကပ်တိုင်တင်၍ သတ်ဖြတ်လိုက်ကြသည်။ တန်ခိုးကြီးသော်လည်း တန်ခိုးကိုမသုံးဘဲ ဘ၀ကိုသာ အဆုံးရှုံးခံလိုက်သည်။
          ဤခရစ်တော်၏ အတ္ထုပ္ပတ္တိ ၌ ၁၂ နှစ်သားမှ အသက် ၃၀ အတွင်း ၁၈ နှစ်ကာလ ဇာတ်မြှုပ်နေခဲ့သည်။ တရားရှာ ထွက်သည်ဟု ဆိုသည်။ အဘယ်သို့ ထွက်သနည်း။ ပါမောက္ခ ဂိုးရစ်(ခ်)က ဤမြှုပ်ကွက်ကို ထုတ်ဖော်ရန် နယ်လှည့် ခရီးထွက်ရာမှ အဖြေရရှိခဲ့ခြင်း ဖြစ်၏။ ယင်းအဖြေကား အောက်ပါအတိုင်း ဖြစ်သည်။
          ခရစ်တော်လောင်းသူငယ်သည် အမှန်တရားကို ရှာဖွေရန် ခရီးထွက်ရာ ဂျေရုဆလင်မြို့အနီး ၌ပင် တိဘက် ကုန်သည်ကြီးများနှင့် တွေ့၍ သူငယ်က လူတန်းစား ကွဲပြားစွာ ဖန်ဆင်းပုံကို မကျေနပ်၍ တရားမှန် အရှာထွက်လာခဲ့ကြောင်း ပြောသောအခါ ကုန်သည်ကြီးတစ်ဦးက အတိတ်.. ပစ္စုပ္ပန်.. ကံတရားများကြောင့် လူတန်းစား ကွဲပြားရပုံကို အကျယ်ရှင်းပြသောအခါ သူငယ်သည် အလွန်ဝမ်းမြောက် နှစ်သက်သွားသည်။
          တိဘက် ကုန်သည်များနှင့်အတူ ထိုတရားကို သင်ယူရန် လိုက်ပါသွားခဲ့၏။ တိဘက်ပြည် မွန်ကျောင်းတိုက် ဘုန်းတော်ကြီး ရှင်အရိယပုတ္တထံ ကျောင်းသားအဖြစ်ဖြင့် ၆ လ ပညာသင်၏။ နောက် သံဃာ ၃၀ တို့ဖြင့် သူငယ်အား သာမဏေ ၀တ်ပေးသည်။ ဘွဲ့ ..သာမဏေရ ဇီဝကိရိဋ.. ဖြစ်သည်။ (ဟေဗရူးဘာသာဖြင့် ယေရှုခရစ်တော်ဟု ခေါ်၏။) အသက် ၂၀ ပြည့်လျှင် ရဟန်းခံပေးသည်။ တရားအားထုတ်ရာ ဈာန်အဘိညာဉ်ရ၏။
          ဇီဝကိရိဋ ရဟန်း ၁၀ ၀ါရလျှင် မိမိတိုင်းပြည်ရှိ ဆွေမျိုးများအား မိမိကဲ့သို့ ချမ်းသာကြစေရန် ဗုဒ္ဓ၏ တရားတော်များ ဟောကြား ဝေငှလိုသဖြင့် ဆရာအား ခွင့်တောင်းရာ ဆရာ အရှင်အရိယပုတ္တ မထေရ်ကြီးက သူ၏ အနာဂတ်ကို အဘိညာဉ်ဖြင့် ကြည့်တော်မူလျှင် ဇီဝကိရိဋသည် ဆိုးရွားသော အန္တရာယ်ဖြင့် ကွယ်လွန်ရရှာမည်ကို မြင်တော်မူ၍ ခွင့်မပြု။ အရှင် အရိယပုတ္တ မထေရ်သည် အဘိညာဉ်ရ ရဟန္တာကြီးပေတည်း။
          အကြိမ်ကြိမ် တားမြစ်၍ မရသည့်အဆုံး ကတိခုနစ်ချက်ကို ၀န်ခံပြီး ခွင့်ပြုလိုက်ရ၏။ ကတိ ခုနစ်ချက်မှာ ရန်သူအပေါ် မေတ္တာမပျက်ရ။ သည်းခံရမည်။ အမြဲဈာန်ဝင်စား (ကမ္မဋ္ဌာန်း မှတ်နေရမည်။) ဤသို့ နေလျှင် သေသော် ဗြဟ္မာ့ပြည် ရောက်မည်။ တရားဟောသောအခါ နည်းပရိယာယ်ကို သုံးရမည် စသည်တို့ဖြစ်၏။
          ရှေ့က ပြုခဲ့သည့်အတိုင်း ရဟူဒီလူမျိုး ဆွေမျိုးတို့အား ဟောပြောရာ ဆန့်ကျင်ဘက် ပြုလာကြသောအခါ အကျိုးရှိစေလိုသဖြင့် သည်းခံခြင်း အပြည့်ဖြင့် တန်ခိုးက္ကုဒ္ဓိကိုပင် အသုံးမပြုဘဲ ပြောကြားခဲ့ရာ နောက်ဆုံးတွင် အသက်ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့ရရှာလေသည်။ ဆရာ၏စကားကိုလည်း  မြေ၀ယ်မကျ နာယူသွားနိုင်ခဲ့၏။ (ရဟူဒီလူမျိုးတို့လည်း ထိုမကောင်းမှုကြောင့်) တိုင်းမဲ့ပြည်မဲ့ ဖြစ်ကြကာ ယနေ့အထိ ၀ဋ်မကုန်ကြရှာသေး။
          ပါမောက္ခ ဂိုးရစ်(ခ်)က ပြောသည်မှာ ခရစ်တော် က္ကုသရေလ၌ ၁၈ နှစ်လုံးလုံး ပျောက်နေသည်မှာ တိဘက်တွင် ဗုဒ္ဓစာပေများကို သင်ယူနေခြင်း ဖြစ်ကြောင်း၊ ခရစ်ယာန်ကျမ်းများ၌ တိကျစွာ မဖော်ပြထားကြောင်း၊ ခရစ်တော်ကိုယ်တိုင် ရေးသားခဲ့သော စာမျက်နှာ ၁၀၀ ရှိ စာပင် တိဘက်၌ ရှိနေကြောင်း၊ အရှင်အရိယပုတ္တ ရဟန္တာ အရှင်မြတ်ကြီးက…
          ..သင် ဟောသော်လည်း ရဟူဒီ လူမျိုးတို့သည် လက်ခံကြမည် မဟုတ်။ သင်မရှိသည့် နောက်ကာလတွင်ကား သင်ဟောသော တရားများထဲမှ အချက်ခုနစ်ချက်ကို မူတည်၍ ဘာသာဝါဒသစ် (ဓမ္မသစ်) ထူထောင်ကြလိမ့်မည်..ဟု မှာကြားလိုက်ကြောင်း စသည်တို့ကို ကမ္ဘာသို့ အတိအလင်း ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်ပေ၏။
          ခရစ်တော်သည် ဗုဒ္ဓ၏တပည့်ဖြစ်၍ ထာဝရ၏ တပည့်မဟုတ်ကြောင်း ထင်ရှားသွားပေတော့သည်။
          ခရစ်တော်အရှင် နှိုးဆော်နေသော ယခု ယေဟိုးဝါနိုင်ငံသစ် ကမ္ဘာသစ် ဆိုသည်မှာလည်း ခရစ်တော်နှင့်အတူ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ကျွန်ုပ်တို့နှင့် မည်သို့သော အဆက်အသွယ် ရှိလာမည်ကို အချိန်ကသာ ဆုံးဖြတ်နိုင်ပေလိမ့်မည်။ ပြန်လည် ကြွလာသော ခရစ်တော်၏ တရားတော်များကို ရှေးယခင်ကကဲ့သို့ မဆန့်ကျင်ကြကုန်မူ၍ ကြည်ဖြူနှစ်သက် လက်ခံနိုင်ကြပါစေဟုသာ ဆုတောင်းရပေတော့မည်။

(The Unknown Life of Jesus Christ)

ကမ္ဘာကို ချုပ်ကိုင်မည့်သူ…  (ရေးသူ == ဌေးလှိုင်) စာအုပ်မှ ထုတ်နှုတ်ပြီး မျှဝေပါသည်။

1 comment:

  1. တိဘက်တိုင်းပြည်ကိုဘုရင်ဆရိုကျန်းက အေဒီ(၇၀ဝ) ကျော်မှတည်ထောင်ခဲ့ပြီး တိဘက်သို့ ဗုဒ္ဓသာသနာသည် အေဒီ ၆၅၀ ခန့်မှရောက်ရှိခဲ့ကြောင်း သမိုင်း ပညာရှင် များက မှတ်တမ်းတင်ခဲ့ပါသည်။ ယေရှုသည် အေဒီ (၃၀) ခန့်တွင် မိမိကြွမြန်းလာရာ ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီဖြစ်ပါသည်။

    စာရွက်ကို အေဒီ (၂၀ဝ) ခန့်မှ တရုတ်ပြည်တွင်စတင်တီထွင်ကာ အသုံးပြုခဲ့ကြ ပါသည်။ ထိုခေတ်အခါက စာပေကို သားရေလိပ်၊ ပေလိပ်၊ ကျောက်ပြား၊ ရွှံ့ပြား၊ နံရံတို့ကို အသုံးပြုကာ ရေးသားခဲ့ခြင်းကြောင့် အရေအတွက် (၁၀ဝ)မှာ အလွန်များလွန်း လှပါသည်။ လုံးဝမဖြစ်နိုင်ပါ။

    တရားသဘောကို ပြန်ကြည့်သောအခါတွင်လည်း တိဘက်တွင် ဘုန်းကြီး သင်ပေးမှာက ဖန်ဆင်းခြင်းမရှိ၊ ကိုယ်ကျင့်တရားနှင့် ချုပ်ငြိမ်းခြင်းတရားဖြစ်ပြီး။ ယေရှုက ဖန်ဆင်းခြင်း၊ ယုံကြည်ခြင်းတရားနှင့် ထာဝရအသက်တို့ဖြစ်ပါသည်။ တရားသဘော နှစ်ခုကလည်း လုံးဝဆန့်ကျင်နေပါသည်။ ၄င်းအပြင် ထိုစာအုပ်ပါ နှစ်နိုင်ငံ၏ ပထဝီအနေအထား၊ စာပေယဉ်ကျေးမှု ရှုဒေါင့်နှင့် သမိုင်းကြောင်းများ အားလုံး တို့ကို ချင့်ချိန်ကြည့်ပါကလည်း ကွဲလွဲနေပါသည်။ ထို့ကြောင့် ယေရှုသည် တိဘက်သို့ သွာရောက်ခဲ့ခြင်းသည် အခြေအမြစ် မရှိသော အကြောင်းအရာပင်ဖြစ် ပါသည်။

    ReplyDelete