Sunday, August 7, 2011

ပါရမီဖြည့်ဖက် ဆိုသူ ဖျက်လို့ ပျက်ခဲ့ကြသည် များပါရမီ

ပါရမီဆိုတဲ့ စကားကြီးသုံးတော့ အလွန်ကြီးများ ကြီးကျယ်နေလား မသိဘူး။ ဒီပို့စ်မှာ ကျွန်တော်ပြောချင်တဲ့ ပါရမီဆိုတာ နားလည်ရခက်တဲ့ လေးနက်လှတဲ့ အဓိပ္ပာယ်ကြီးတွေကို မရည်ရွယ်ပါဘူး။ အပေါ်ယံသဘော လူတိုင်းနားလည်တဲ့ အလုပ်လေးတွေ လောက်ကိုပဲပြောချင်တာပါ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာအရ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” လို့ဆိုတာကိုး။ အဲဒီပြောခဲ့တဲ့ အချက်လေးတွေကို စိတ်ကောင်းရှိသူမှန်ရင် ဘာသာတူရော၊ ဘာသာခြားကပါ ကန့်ကွက်မယ် မထင်ပါဘူး။ လူတစ်ဦးရဲ့ ပါရမီကူညီဖြည့်ဆည်းတယ်ဆိုမှတော့ ကျွန်တော့်အမြင်ပြောရရင် မကောင်းမှုတွေ မလုပ်မိအောင်၊ ကောင်းတာလေးတွေလုပ်မိအောင်၊ အတတ်နိုင်ဆုံးစိတ်ကို ဖြူစင်စေအောင် အထောက်အပံ့ပေးရမှာပေါ့။
ပါရမီဖြည့်ဖက် အမည်ခံပြီး မသိမသာ ပါရမီဖျက်တဲ့သူတွေလည်း လက်တွေ့မှာက တော်တော်လေးကို များပါတယ်။ အိမ်ထောင်ကျသွားလို့၊ ချစ်သူရသွားလို့ စသဖြင့် အောင်မြင်နေတဲ့ အနုပညာရှင်တွေ အနုပညာလောက ကနေ အနားယူသွားတာတွေ ရှိပါတယ်။ ဘလော့ဂ်ဂါတွေမှာလည်း ဒါမျိုးတွေရှိနိုင်တာပါပဲ။ လုံးဝနားသွားတာ မဟုတ်ရင်တောင် နဲနဲပါးပါးကောက်နေတာနဲ့ ရေးချင်တိုင်း မရေးရ၊ ဖတ်ချင်တိုင်း မဖတ်အားတဲ့သူတွေကတော့ အများကြီးရှိပါလိမ္မယ်။ ဒါလည်းသေချာစဉ်းစားကြည့်ရင် သဘောထားချင်းမတိုက်ဆိုင်လို့ ကိုယ်လုပ်တဲ့ အလုပ်ကို သူက ကောင်းကောင်းနားလည်ခံစား မပေးနိုင်လို့ ဖြစ်ရတဲ့ အဖြစ်တွေပါ။ ဒါနအမှု၊ သီလအမှုတွေမှာ ဒီလိုအဖြစ်မျိုးတွေ ကြုံရရင်တော့ ဝါသနာ စရိုက်မတူတာပေါ် အခြေခံလို့ တစ်ဦးပါရမီကို တစ်ဦးက ဖျက်မိနေပြီလို့ ဆိုရပါလိမ္မယ်။ လောကီလောကုတ် ၂ ရပ်လုံးအတွက် ကောင်းတဲ့အလုပ်လေးတွေ ကိုယ်ဝါသနာပါတာ သူမတားရအောင်၊ သူဝါသနာပါတာကိုလည်း ကိုယ်က ကူညီနိုင်အောင် နားလည်မှုတွေ လက်မထပ်ခင်ကတည်းက ရယူထားသင့်ပါတယ်။
ငွေလေးရှိလာပြီဆိုရင်လည်း ဘာလုပ်ကြမလဲဆိုတာ စိတ်ကူးတတ်ကြပါတယ်၊ တွေးတတ်ကြပါတယ်။ ဒီနေရာမှာ တစ်ဦးနဲ့တစ်ဦး အတွေးအမြင်လေးတွေက မတူကြပါဘူး။ အချို့က ပျော်အပါးလိုက် စားချင်တယ်။ အချို့က အလှူအတန်းလေးတွေ လုပ်ချင်တယ်။ ကိုယ့်အိမ်သူအိမ်သားက လှူချင်တန်းချင်နေတဲ့ စိတ်ကူးလေးဟာ ကိုယ့်ရဲ့ အစားမက်မှု၊ အဝတ်မက်မှု၊ အပျော်မက်မှု ကြောင့် ပျက်ရတယ်ဆိုရင် ကိုယ်ဟာသူ့အတွက် ပါရမီဖျက်ဖက် ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။
အထက်ကလို တယောက်နဲ့ တစ်ယောက်အတွေးအခေါ် မတူဘူးဆိုတာ ပင်ကိုယ်စိတ်ထား မတူတာကြောင့်လည်း ဖြစ်နိုင်သလို အကြားအမြင်၊ ဗဟုသုတကွာလို့လည်း ဖြစ်နိုင်ပါတယ်။ တစ်ယောက်က ဘယ်ဒေသမှာ ဘာတွေဖြစ်နေတယ်၊ ဘယ်သူတွေတော့ သဘာဝဒုက္ခတွေ ဖြစ်လို့ အကူအညီလိုအပ်နေတယ်၊ ဘယ်သူတွေတော့ ပညာရေးကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဆည်းပူးနေရတယ် စတဲ့သတင်းတွေကို လေ့လာနေစဉ်မှာ ကျန်တစ်ယောက်က ဘယ်သူတော့ ဘယ်ရောက်တယ်၊ ဘာစားတယ်၊ ဘာတွေဝယ်ဝတ်တယ် ဆိုတာတွေကို လေ့လာမိနေရင် စိတ်ကူးပုံ တွေးပုံခေါ်ပုံတွေက တူမှာမဟုတ်ပါဘူး။ ကိုယ်ကကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် ပါရမီဖျက် မဖြစ်အောင် သတိထားသင့်သလို ကိုယ့်ပါရမီကိုလည်း သူတစ်ပါး မဖျက်အောင် ကိုယ်ကပဲ တတ်နိုင်သမျှ ကြိုးစားရပါမယ်။ ကိုယ်ဝါသနာပါတဲ့ ဒါနအစရှိတဲ့ ကောင်းမှုတွေမှာ သက်ဆိုင်သူကို ဝါသနာပါလာအောင်၊ စိတ်ဝင်စားလာအောင်၊ လှူတဲ့တန်းတဲ့ အခါမှာ သူတို့ကိုယ်တိုင်က ဝမ်းသာအားရ စိတ်ပါလက်ပါ ဖြစ်လာအောင် သူတို့အတွက်လိုအပ်တဲ့ ဗဟုသုတတွေ၊ အတွေးခေါ်တွေ၊ သတင်းအချက်အလက်တွေကို မသိမသာရော သိသိသာသာပါ ကိုယ်က သူတို့အာရုံထဲကို ထည့်ပေးရပါမယ်။
အခြားကိစ္စလေးတွေမှာလည်း အထက်ကပြောခဲ့တဲ့ အတိုင်းပါပဲ။ အမိ၊ အဖ၊ ညီအကို၊ မောင်နှမ ပဲဖြစ်ဖြစ် ဇနီးခင်ပွန်း ပဲဖြစ်ဖြစ် ကောင်းတဲ့ကိစ္စလေးတွေဆိုရင် လုပ်မိအောင်ကူညီရမယ်၊ မကောင်းတာလေးတွေဆိုရင် မလုပ်မိအောင် ကိုယ်က သတိပေးတားမြစ်ရပါမယ်။ ဒါမှလည်း ကိုယ်က ကိုယ်ချစ်ရတဲ့ သူတွေအတွက် ပါရမီဖြည့်ဖက် ဖြစ်တော့မှာပေါ့။ “အမေရယ် ဘုရားမသွားပါနဲ့ဦး၊ ကျောင်းမသွားပါနဲ့ဦး၊ ဥပုသ်မစောင့်ပါနဲ့ဦး၊ စခန်းမဝင်ပါနဲ့ဦး” တွေများလာရင် မိဘနဲ့ သားသမီးလည်း ပါရမီ ဖြည့်နေတာမဟုတ် ဖျက်နေတာသာ ဖြစ်ပါတယ်။ သတိထားကြစေလိုပါတယ်။ တကယ်တော့ သားသမီးတို့ရဲ့ ဆောင်ရွက်စီမံ ဆိုတဲ့ ဝတ္တရားအတိုင်း မိဘမှာ လူမှုရေး၊ စီးပွားရေး ကိစ္စတွေ ပိနေရင်တောင် ကုသိုလ်အလုပ် အားထုတ်နိုင်အောင် ကိုယ်က သူတို့ တာဝန်တွေကို ကူညီထမ်းဆောင်ပေးဖို့ လိုအပ်ပါတယ်။
ဇနီးခင်ပွန်းတွေမှာ နောက်ထပ်ဖြစ်တတ်တာတစ်ခုက ကိုယ်ရင်ထဲက လောဘ၊ ဒေါသ ကိလေသာတွေ၊ မနာလို သဝန်တိုတဲ့ ကိလေသာတွေကို အလိုလိုက်ပြီး ကိုယ့်လင်/ ကိုယ့်မယားကို ဆွေမျိုး အသိုင်းအဝိုင်းနဲ့ ရန်တိုက်ပေးတတ်ပါတယ်။ အပျိုလူပျိုဘဝက သိပ်ပြီး ချစ်ကြပြီး သူ့ငွေကိုယ့်ငွေ၊ သူပိုင်ကိုယ်ပိုင် ဘာမှခွဲခြားမှုမရှိပဲ ညိအစ်ကိုမောင်နှမ ချစ်ခြင်းမေတ္တာနဲ့ အစစအရာရာ အပြန်အလှန် အလိုလိုက် အနစ်နာခံခဲ့သူတွေလည်း အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ ပြဿနာများတဲ့ မိသားစုတွေ ဖြစ်လာတတ်ကြတယ်။ ဒီလိုဖြစ်စဉ်တွေက ဘယ်လောက်များပေမယ့် ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမကို သို့မဟုတ် ယောက်ျားကို ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ အထီးကျန်ဖြစ်အောင် သူ့မိသားစု အကွဲကွဲ အပြဲပြဲဖြစ်အောင် လုပ်ဦးမယ်ဆိုတဲ့ စေတနာဆိုးနဲ့ လုပ်သူကတော့ ရှားလောက်ပါတယ်။ ဒါပေမယ့် မိမိကိုယ်တိုင်က ရာဂမီးလောင်နေတယ်၊ အချစ်စိတ်သက်သက်နဲ့ မပြောသင့်တာတွေ ပြောမိတယ်။ အဲလိုနဲ့ပဲ သူ့မိသားစုထဲမှာ ကိုယ်က သတိမထားလိုက်မိပဲ ပြဿနာရှာတဲ့ သူဖြစ်လာတယ်။ “မ,ဘက်လိုက်တော့ မိုက်ဘက်ပါ” ဆိုတဲ့ စကားက တကယ်တော့ ယောက်ျားတွေမှာသာ ဖြစ်တတ်တာမဟုတ်ပါဘူး။ စကားလုံးရဲ့ သဘောကို တကယ်တန်းတွေးကြည့်ရင် ရာဂမီးကြောင့် ဖြစ်တဲ့ အမိုက်မို့လို့ အမျိုးသမီးရော အမျိုးသားပါ သတိထားသင့်ပါတယ်။
အထက်ပိုဒ်မှာပြောခဲ့ သလို ကိုယ့်ရဲ့ လောဘ၊ ဒေါသ၊ ကြောင့်ပြောလိုက်တဲ့ စကားဟာ ကိုယ့်မိန်းမ သို့မဟုတ် ယောက်ျားတွက် မွေးချင်းတွေအပေါ်မှာ စိတ်ဆိုးဒေါ်သကို ဖြစ်စေတယ်ဆိုရင် ပါရမီနဲ့ ပြောတဲ့အခါမှာ သူ့အတွက် ခန္တီပါရမီကို ထိခိုက်စေပါလိမ္မယ်။ ကိုယ်ကလည်း သူ့ရဲ့ ပါရမီဖြည့်ဖက် အမည်ခံ ပါရမီဖျက်ဖက်ဖြစ် နေပါလိမ္မယ်။
ကိုယ့်ပါရမီလည်း ဖျက်ဆီးမခံရအောင် ကိုယ်ချစ်ခင်သူတွေကို ကုသိုလ်မှုတွေ မပြုခင်ကတည်းက စည်းရုံးထားပါ။ ကိုယ်ကိုယ်တိုင်လည်း ချစ်ခင်လေးစားရတဲ့ ပတ်ဝင်းကျင်အတွက် တကယ့် ပါရမီဖြည့်ဖက်ဖြစ်ရအောင် ဒါနအမှုအတွက်၊ သီလအမှုအတွက်၊ ဘာဝနာအမှုအတွက် တတ်နိုင်တဲ့ ဘက်က ပံ့ပိုးကူညီပေးပါ။ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်လေးစားရသူတွေကို ဒေါ်သ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေ မစွန်းထင်းရအောင် စကားပြောရာမှာ သတိထားပြောဆိုကြပါ လို့ ကျွန်တော်တွေးမိသမျှ အကြံပြုပါရစေ။
(ရွက်ဝါ)

No comments:

Post a Comment