Sunday, July 17, 2011

ဘ၀ထွေထွေ ဘ၀နိဂုံး (၃)

လွန်ခဲ့တဲ့သုံးပတ်လောက်က
ဥပစ္ဆေဒကသေနည်းမျိုးနဲ့ သေဆုံးသွားတယ်လို့ပဲ ပြောရမလား၊
အရက်သောက်လို့ သေဆုံးသွားတယ်လို့ပဲ ပြောရမလား။
မြန်မာဒကာတစ်ယောက် သေဆုံးသွားတယ်။
အရက်သောက်တော့ အရက်မူး၊ မူးပြီး မတော်မတရားတွေလုပ်လို့
ဘေးက သည်းမခံနိုင်လို့ အသတ်ခံလိုက်ရတာ။
အရင်းအထိ စစ်လိုက်ရင်တော့ အရက်က တရားခံလို့ ပြောမယ်ဆို ပြောလို့ရတယ်။

ဗုဒ္ဓဘာသာစာပေမှာ အရက်ရဲ့ ဆိုးပြစ်တွေကို
(အရက်ကို လုံးဝမသောက်ဖြစ်အောင်) 
ပုံပြင်သာဓက မြောက်များစွာနဲ့ ဖော်ပြထားတာတွေရှိပါတယ်။
အခြားဘာသာမှာလည်း အရက်ရဲ့ ဆိုးပြစ်ကို
ပုံဖော်ထားတဲ့ ထိမိတဲ့ ပုံပြင်လေးကို ဖတ်ဖူးပါတယ်။

ဒါပေမဲ့ ဒီလိုမျိုး စာပေထဲကအရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့
ဆိုးပြစ်တွေကို ဒီနေရာမှာ ဖော်ပြဖွယ်မလိုတော့ပါဘူး။
သူ့ရှေ့ ကိုယ့်ရှေ့ ၊ သူ့ဝန်းကျင် ကိုယ့်ဝန်းကျင်မှာ ဘ၀ပျက်ပြီး
အရက်ကြောင့် (ဆေးကြောင့်) အကြွေစောသွားကြတာ ဒုနဲ့ဒေးပဲ။
အနုပညာအသိုင်းအ၀ိုင်းကို ကြည့်မလား၊
စီးပွါးရေး အသိုင်းအ၀ိုင်းကို ကြည့်မလား။

ဘယ်သူတော့ ဘယ်ဝါတော့ (အရက်သောက်၊ ဆေးသုံးလို့) ဆုံးသွားပြီလို့
နေ့စဉ်နှင့်အမျှ တွေ့နေ မြင်နေ ကြားနေရတယ်။

အထက်တစ်နေရာက ပြောခဲ့တဲ့ အရက်မူးပြီး မတော်မတရားတွေလုပ်လို့
ဘေးက သည်းမခံနိုင်လို့ အသတ်ခံလိုက်ရလို့ ကျန်ရစ်တဲ့ ညီနဲ့ သူငယ်ချင်းတတွေက
ဗုဒ္ဓဘာသာဝင်ဖြစ်နေတော့ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနဲ့အညီ
ဘုန်းကြီးကျောင်းလာပြီး သေဆုံးသူကို ရည်စူးပြီး ရက်လည်ဆွမ်းလာကပ်ပါတယ်။

ညီဖြစ်သူက မေးလျှောက်ပါတယ်။
သူ့အစ်ကို သေသွားတာ အခုဆိုရင် တစ်ပတ်တင်းတင်းပြည့်ပြီ၊
ဘာအရိပ်အယောင်မှ မပြဘူးတဲ့။ ဘယ်သူ့ကိုမှ မခြောက်လှန့်ဘူးတဲ့။
အဲ့ဒါ ဘယ်လိုသဘောပါလဲ တဲ့။

၃၁ ဘုံဆိုတာကို ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်လက်ခံထားပါတယ်။
၃၁ ဘုံထဲမှာမှ သူလို ကိုယ်လိုသာမာန်လူတွေသေဆုံးသွားရင်
လားရောက်နိုင်တဲ့ (ပြန်ဖြစ်နိုင်တဲ့၊ ပြန်လည်မွေးဖွါးနိုင်တဲ့) နေရာက ငါးနေရာရှိတယ်တဲ့။

(၁) နိရယဂတိ (ငရဲပြည်ကိုလည်း ရောက်သွားနိုင်တယ်)
လူတစ်ဦးတစ်ယောက်သေဆုံးပြီဆိုရင် ငရဲဘုံ ငရဲဘ၀ကို ရောက်သွားနိုင်ပါတယ်။
လူ့ဘ၀တုန်းက သူဘယ်လောက်မကောင်းတာတွေလုပ်ခဲ့သလဲ။
အဲ့ဒီမကောင်းတာတွေလုပ်ခဲ့တာနဲ့ အချိုးအစားညီစွာ ငရဲပြည်မှာ ခံရမှာပါ။
ငရဲပြည်မှာ တစ်နှစ်ကြာကြာနေရမဲ့ မကောင်းမှုကို လူ့ဘုံတုန်းက ပြုလုပ်ခဲ့မယ်ဆိုရင်
ငရဲပြည်မှာ တစ်နှစ်နေပေရော့ပေါ့။
တစ်နှစ်ပြည့်မှ အခြားသင့်တော်မည့်ဘုံကို သူ သွားရောက်ခွင့်ရှိပါတယ်။
လူသေပြီးလို့ ငရဲဘုံကျရောက်ရမည့်သူဟာ သေပြီးတာနဲ့တပြိုင်နက်
ငရဲပြည် ချက်ချင်းရောက်သွားတာပါ။
သေ (စုတိ) ပြီး ငရဲပြည်ချက်ချင်းရောက်သွားတာပါ။
ကြားထဲမှာ ကြားကာလ နားကာလဆိုတာ မရှိပါဘူး။

ဆိုတော့ လူ့ဘ၀တုန်းက ဆိုးပေ မိုက်မဲနေတဲ့သူဟာ သေဆုံးသွားလို့
ငရဲပြည်ကို ကျရောက်ရမယ်ဆိုရင် (ငရဲပြည်ရောက်သွားပြီဆိုရင်)
လူ့ဘ၀လူ့ပြည်ကိုပြန်လာပြီး ဘာအရိပ်အယောက်မျှ ပြလို့မရတော့ပါဘူး။
မပြနိုင်တော့ပါဘူး။ ပြခွင့်မရှိတော့ပါဘူး။

(၂) တိရစ္ဆာနဂတိ (တိရစ္ဆာန်လည်း ဖြစ်သွားနိုင်တယ်)
လူတစ်ဦးတစ်ယောက်သေဆုံးပြီဆိုရင် တိရစ္ဆာန်လည်း ဖြစ်သွားနိုင်ပါတယ်။
လူသေပြီးတာနဲ့ တိရ တိရစ္ဆာန်ဘ၀ ချက်ချင်းရောက်သွားတာပါ။
တိရစ္ဆာန်မိခင်ရဲ့ အမိဝမ်းတွင်း၊ ဒါမှမဟုတ် ဥခွံထဲကို သေသေပြီးချင်း
ချက်ချင်းရောက်သွားတာဆိုတော့ အဲ့လိုရောက်သွားတဲ့သူကလည်း
လူ့ဘ၀လူ့ပြည်ကိုပြန်လာပြီး ဘာအရိပ်အယောက်မျှ ပြလို့မရတော့ပါဘူး။
မပြနိုင်တော့ပါဘူး။ ပြခွင့်မရှိတော့ပါဘူး။

(၃) မနုဿဂတိ (လူပြန်ဖြစ်လာနိုင်တယ်)
လူတစ်ဦးတစ်ယောက်သေဆုံးပြီဆိုရင် လူလည်း ပြန်ဖြစ်နိုင်ပါတယ်။
ဒါလည်း လူပြန်ဖြစ်မဲ့သူဟာ သေသေချင်း အမိဝမ်းတွင်းထဲမှာ
ပဋိသန္ဓေစိတ်နဲ့ရုပ်လေး ချက်ချင်းသွားဖြစ်တာဆိုတော့
ဘာအရိပ်အယောက်မျှ ပြလို့မရတော့ပါဘူး။
မပြနိုင်တော့ပါဘူး။ ပြခွင့်မရှိတော့ပါဘူး။

(၄) ဒေ၀ဂတိ (နတ်ပြည်မှာ နတ်လည်းသွားဖြစ်နိုင်ပါတယ်)
လူတစ်ဦးတစ်ယောက်သေဆုံးပြီဆိုရင် နတ်လည်း ဖြစ်သွားနိုင်ပါတယ်။
နတ်ပြည်မှာ နတ်သွားဖြစ်တဲ့သူကလည်း များသောအားဖြင့်
လူ့ပြည်လာပြီး ခြောက်လန့်တာတော့ ဘာတို့ မလုပ်တော့ပါဘူး။

(၅) ပေတဂတိ (ပြိတ္တာဘုံမှာ ပြိတ္တာဖြစ်နိုင်ပါတယ်)
လူတစ်ဦးတစ်ယောက်က သူသက်ရှိထင်ရှားရှိနေစဉ်အခါတုန်းက
ကုသိုလ်ကောင်းမှုတွေ တော်တော်များများကိုလုပ်ခဲ့ပါတယ်။
သေဆုံးခါနီးအချိန်အခါမှာမှ
သားဇော သမီးဇော စည်းစိမ်ဥစ္စာဇောတွေနဲ့
တနည်းအားဖြင့် စွဲလန်းတဲ့စိတ်နဲ့ သေဆုံးသွားရင်
ပြိတ္တာဘုံ ပြိတ္တာဘ၀ ရောက်သွားနိုင်ပါတယ်။
အဲ့လိုမျိုး ပြိတ္တာဖြစ်သွားခဲ့ရင် ကျန်ရစ်တဲ့ ဆွေမျိုးသားသမီးများက သေဆုံးသူ၏ကိုယ်စား
သေသူအတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုလပ်ပေးရပါတယ်။
အမျှအတန်းဝေပေးရပါတယ်။
ကုသိုလ်ကို စောင့်မျှော်နေတဲ့ အမျှအတန်းပေးဝေမှာကိုစောင့်မျှော်နေတဲ့
 ပြိတ္တာဟာ
ကုသိုလ်ကောင်းမှုပြုလုပ်ပြီး အမျှအတမ်းဝေပေးလိုက်တာနဲ့ တပြိုက်နက်
အင်မတန်ဝမ်းသာစိတ်လေးဖြစ်သွားပါတယ်။
အဲ့ဒီဝမ်းသာစိတ်လေးက သူ့ကို ကောင်းတဲ့ဘုံဘ၀ကို ရောက်အောင် တွန်းပို့ပေးတာပါ။

ဒီဝမ်းသာစိတ်လေးဖြစ်အောင် ကျန်ရစ်သူမိသားစု ဆွေမျိုးဥာတကာ သူငယ်ချင်းတို့တတွေက
သေသူကို ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကာ အမျှအတန်းဝေပေးနေရတာပါ။
ဝမ်းသာတဲ့စိတ်ဖြစ်ပြီး သာဓုခေါ်တယ်ပေါ့။

သာဓုခေါ်တယ်ဆိုတာကတော့ မြန်မာလူမျိုးသေလို့ ပြိတ္တာဖြစ်ရင် သာဓုလို့ ဆိုတာပါ။
အင်္ဂလိပ်လူမျိုးသေလို့ ပြိတ္တာဖြစ်တယ်ဆိုရင် “Well done” လို့ပြောမှာပါ။
အဓိကက ပြိတ္တာသန္တာန်မှာ ၀မ်းမြောက်တဲ့စိတ်ဖြစ်သွားအောင် သူ့အတွက်
ကုသိုလ်ကောင်းမှုလုပ်ပေးတာပါ။

ဒါကလည်း အင်မတန်သဘာဝကျပါတယ်။
လူ့ဘ၀တုန်းက ကုသိုလ်ကောင်းမှုအများကြီးပြုလုပ်ခဲ့တယ်။
သေခါနီးမှ စွဲလန်းမှုလေးဖြစ်သွားလို့ ပြိတ္တာဖြစ်သွားတာဆိုတော့
အဲ့ဒီပြိတ္တာကို ကျွတ်အောင် လွတ်အောင် (၀မ်းမြောက်စိတ်ဖြစ်အောင်)
လုပ်ပေးရမှာပါ။ အရင်ကုသိုလ်အရှိန်အဟုန်ကြောင့် ကောင်းတဲ့ဘုံကို (ကူး)ရောက်သွားနိုင်ပါတယ်။

ဒီလိုမျိုးပြိတ္တာဘ၀ရောက်သွားတဲ့သူတွေကတော့
လူတွေကို ဆွေမျိုးတွေကို သူငယ်ချင်းတွေကို အရိပ်အယောင်ပြနိုင်ပါတယ်။

အဲ့လို ပြိတ္တာတွေကို ကျန်ရစ်သူမိသားစု ဆွေးမျိုး သူငယ်ချင်းတွေက
ကုသိုလ်ကောင်းမှုပြုလုပ်ပြီး အမျှအတန်းပေးဝေရင် အဲ့ဒီပြိတ္တာဘုံမှ ကျွတ်လွတ်သွားနိုင်ပါတယ်။
အလှူအတန်းပြုလုပ်ပြီး အမျှအတန်းပေးဝေချိန် ထိုပြိတ္တာ ခရီးလွန်နေရင်
ပြိတ္တာဘ၀မှ မကျွတ်နိုင် မလွတ်နိုင်ဘူးလို့ ဆိုပါတယ်။

သေဆုံးသွားလို့ ငရဲပြည်ရောက်သွားသူ၊ တိရိစ္ဆာန်ဖြစ်သွားသူ၊
လူပြန်ဖြစ်သူ၊ နတ်ပြည်ရောက်သွားသူတွေအတွက်တော့
ကျန်ရစ်သူတွေရဲ့ ကုသိုလ်ကောင်းမှု အမျှပေးဝေမှုဟာ
အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။
ကုသိုလ်လုပ်သူတွေအတွက်တော့ ကုသိုလ်ဖြစ်တာပေါ့လေ။
NOT TO DO ANY EVIL, TO DO GOOD, TO PURIFY THE MIND.
Posted by Dhamma Garden

No comments:

Post a Comment