Saturday, July 30, 2011

ကမ္ဘာကို ဖျက်ဆီးခဲ့သူများ


          ဤနေရာ လူသားတို့၏ စိတ်ဓာတ်အပူလှိုင်းတို့ကြောင့် ကမ္ဘာကြီး ပျက်စီးခဲ့ရပုံနှင့် အပူလှိုင်းတို့၏စွမ်းအား ရှေ့သွားဖြစ်ရပ် မှတ်တမ်းဟောင်း ကမ္ဘာဦး သမိုင်းကို ပြန်လည်သုံးသပ်ကြဦးစို့။
          ထိုအကြောင်းကို (စက္က၀တ္တိသုတ်၌) မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း အကျဉ်းချုပ်၍ ပြခြင်းဖြစ်ပါသည်။
          တစ်ရံရောကာလက လူသားတို့၏ သက်တမ်းသည် အနှစ်ရှစ်သောင်း ရှည်ခဲ့သည်။ ထိုခေတ်ကလူများ ရုပ်ရည်လှပ ချမ်းသာကြကုန်၏။ မင်းလည်း တရားသဖြင့် ကာကွယ်စောင့်ရှောက်သည်။ သို့ရာတွင် လူဆင်းရဲတို့အား ထောက်ပံ့ကြေး (အမတော်ငွေ) ပေးရိုးအစဉ်ကိုမူ မပြုကျင့်မိ။ ဆင်းရဲသားဦးရေ များလာခဲ့သည်။ မစားလောက်၍ဟု ဆိုကာ ခိုးလာကြသည်။ ..ခိုးတာကိုပင် တရားသည်..ဟု ထင်မြင်လာကြ၏။
          မင်းက ခိုးသူအား ဖမ်းဆီးသည်။ ..မစားလောက်၍ ခိုးပါသည်..ဆိုသဖြင့် ပထမသော် ကရုဏာကြေးနှင့် ပညာပေး၍ လွှတ်ပစ်ခဲ့၏။ ရမှန်းသိ.. ခွင့်လွတ်မှန်းသိ၍ ခိုးလာကြပြန်ရာ မတတ်သာသည့်အဆုံး နှိပ်ကွပ်သတ်ဖြတ်၍ နှိမ်နင်းယူရ၏။ ပညာပေး ဆုပေးစနစ်ဖြင့် မရတော့၍ ဒဏ်ပေးစနစ်ကို ကျင့်သုံးလာရ၏။
          ..ဒေါသလှိုင်း..တို့ ပြန့်ပွားလာသောအခါ ..အာဏာ..ကို ကျောပေးလာကြပြန်သည်။ ..လက်နက်ဆန်း..များ ထွင်ကာ အုပ်စုဖွဲ့၍ မိုက်လာကြ၏။ သူခိုးမှ ဓားပြ၊ ဓားပြမှ သူပုန် ဖြစ်လာကြသည်။ ပစ္စည်းရှင်ကိုလည်း ခြေရာပျောက် လက်စတုံး အဆုံးစီရင်လိုက်ကြသည်။
          မစားလောက်၍ ခိုးလုတိုက်၊ လွယ်လွယ်နှင့် ခိုးလုတိုက်၍ မရသော် သတ်၊ ..အဒိန္နာဒါန..နှင့် ..ပါဏာတိပါတ ကာယကံ.. ဒုစရိုက် အပူလှိုင်းတို့ တစ်ကမ္ဘာလုံး ဂယက်ထလာ၏။ ထမင်းတစ်လုတ်အတွက် ထိုသို့ပင် လုပ်ရသည်ဟု ထင်မြင်၍ ထိုဟာသည်ပင် တရားသည်ဟု ယူဆကာ လက်ယဉ်လာကြ၏။ နေရာများစွာ.. အုပ်စုများစွာ ပြန့်ပွားလာသဖြင့် ထိုခေတ် လူသားတို့၏ အသက်အဆင်းများ သိသိသာသာကြီး ကျဆင်းသွားသည်။
          ခိုးလောက်.. သတ်လောက်သည်အထိ အားထုတ် စုဆောင်းရသော စိတ်ပူ.. နှုတ်ပူ.. အလုပ်ပူတို့သည် အဘယ်မှာလျှင် အရုပ်မဆိုးဘဲ.. အသက်မတိုဘဲ ရှိပါချိမ့်မည်နည်း။    
          ကာယကံမြောက် မပြုလုပ်ရဲသူတို့မှာလည်း များစွာကြောက်ရွံ့ထိတ်လန့်ကာ ထိုသူတို့၏ ..သောကအပူလှိုင်း.. များ လုသူသတ်သူတို့ထံ လွှမ်းမိုးလာကုန်၏။ အလုခံရ.. အသတ်ခံရသူတို့၏ ပူပန်စိတ်၊ နာကြည်းစိတ်၊ လုသူ သတ်သူတို့၏ ကြမ်းကြုတ်စိတ်၊ ထိုစိတ်ညံ့ စိတ်ရိုင်း အပူလှိုင်းတို့သည် တစ်ကမ္ဘာလုံး အပြန်အလှန် ရိုက်ခတ်ကာ အသက်ရှစ်သောင်းတမ်း ရှိသူတို့၏ သားသမီးများ လက်ထက်တွင် အသက်တမ်းခေါက်ရိုးကျကာ လေးသောင်းမျှသာ ရှည်ကြလေတော့သည်။ ရုပ်အဆင်းလည်း ခေါက်ချိုးအိုစာ၍ လာကြကုန်၏။
          အသက် လေးသောင်းတမ်းတွင် ဒဏ်ပေးစနစ်ကို ကြောက်၍ခိုးလျက် ..မခိုးပါ..ဟု လိမ်လည်သော ၀ါဒကြီး ခေတ်စားလာ၏။ လက်နှီးစုတ်၌ တစ်စုံတစ်ခု ပေကျံလျှင် မသိသာလှသော်လည်း စင်ကြယ်ဖြူလွသော ပိတ်ဖျင်စ၌ကား မကြည့်ချင်လောက်အောင် စက်ဆုပ်တင်ကျံ၏။ ထို့အတူ မုသားစကားသည် ကြီးပွားလိုသူအတွက် ရှောင်ကြဉ်နိုင်ရန် အလွန်အရေးကြီးလှသည်။
          ယနေ့ကမ္ဘာပေါ်၌ တစ်ပြည်နှင့်တစ်ပြည် အယုံအကြည်မရှိရာမှ (၀ါ) သိပ္ပံနည်းကျ လိမ်လည်ခဲ့ကြရာမှ စာပင်ချုပ်သော်လည်း ကတိမတည်၊ ယုံကြည်မှုမရ။ သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံဖြစ်ကာ ..ကမ္ဘာစစ်..သို့ပင် ဦးတည်နေကြပေပြီ။
          မြတ်စွာဘုရားက သားချစ်ရာဟုလာအား…
          ..မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင် မပြောနဲ့။ လိမ်ဝံ့တဲ့လူ မလုပ်ရဲသော အကုသိုလ်ဟူ၍ မရှိတော့နိုင်။ မှောက်ထားသော ရေခွက်မှာ ရေတစ်စက်မျှမကျန် ဘာမျှမရှိတော့သကဲ့သို့ ထိုလိမ်ဝံ့သူ၌ အရည်အချင်းကောင်းဟူသမျှ ဘာမျှ မရှိနိုင်တော့..ဟု ဟောတော်မူခဲ့ဖူး၏။
          လိမ်လည်မှု၊ အရိယာအား ပြစ်မှားစွပ်စွဲမှု၊ မိတ်ဆွေအား ပြစ်မှားဖျက်ဆီးမှုနှင့် ကျေးဇူးကန်းမှုတို့သည် ဤကမ္ဘာပေါ်၌ အကြီးလေးဆုံးသော အပြစ်ကြီးများ ဖြစ်ကြောင်း အသုရိန်နှင့် သိကြားမင်းတို့၏ ..၀ါဒပြိုင်ပွဲ.. ၌ အတည်ပြုခဲ့ကြဖူး၏။ ထို့ကြောင့် လေးသောင်းသက်တမ်းရှိ လူများ၏ သားသမီးများ လက်ထက်တွင် ..မုသာဝါဒအပူလှိုင်း.. ကြီးက သက်တမ်းကို ထက်ပိုင်း ချိုးချလိုက်သည်။ နှစ်သောင်းမျှသာ အသက်ရှည်တော့၍ ရုပ်ရည်လည်း အိုစာလာကြရသည်။
          ဆက်၍ စဉ်းစားကြဦးစို့။ အလောင်းတော်ကြီးများသည် ကံငါးပါးတွင် အခြားကံများကို သံသရာတစ်လျှောက်လုံး၌ ကျူးလွန်မိသောအခါ ရှိခဲ့ဖူး၏။ မုသားဆိုခြင်းကိုကား မည်သည့်ဘ၀တွင်မှ မကျူးလွန်ခဲ့စဖူး။ ထို့ကြောင့်လည်း မုသားရှောင်ခြင်း၊ ကတိတည်ခြင်းသည် ပါရမီ (အထွတ်အထိပ် ရောက်ကြောင်းတရား) ဆယ်ပါးတွင် သစ္စာပါရမီအဖြစ် တစ်ခုပါဝင်လေသည်။ ထို့ကြောင့်လည်း ဖြစ်လေရာဘ၀တိုင်း၌ သူ့ပတ်ဝန်းကျင်သည် သူ့ကို မလွန်ဆန်ရဲ။ သူ့အား သစ္စာတုံ့ ကတိတုံ့ပေးသောအားဖြင့် သူပြောသမျှ သြဇာကိုက်၍ လိုက်နာ ကြရသည်ချည်းပင် မဟုတ်ပါလော။
          အာဏာတည်၍ ဖြစ်လိုသော အရာမှန်သမျှ သက်ရှိသက်မဲ့မရွေး အတိအကျ ဖြစ်ပေးကြရလေသည်။ ကတိတည်ခြင်း၊ မုသား ရှောင်ကြဉ်ခြင်းသည် ဤမျှ တန်ဖိုးကြီးလေသည်။ ..မှန်ကန်ခြင်းသည် ကမ္ဘာ၏အသက်၊ ကမ္ဘာ၏တန်ဖိုး.. ဖြစ်ရာ သစ္စာဆိုလျှင် လောင်နေသောမီး၊ စီးနေသောရေ များပင်လျှင် ငြိမ်းစဲရပ်တန့် ပေးကြရလေသည်။ ပညတ်တော်မဟုတ်၊ သဘာဝဓမ္မပင်တည်း။
          ယခုမူ ကျွန်ုပ်တို့သည် ..အထက်လူနှင့် အောက်လူ.. လည်သလို လှည့်နေကြ၏။ သို့သော် အမှန်တရားကိုကား လှည့်စား၍မရ။ လုပ်ငန်းခွင်၌လည်း ကတိကို အလေးမမူကြတော့။ ဆယ်နာရီမှ ရုံးတက်၍ လည်သလို အချိန်မစေ့မီ လစ်ထွက်ခြင်းများ ကျင့်သားရကာ အရေးမကြီးလှဟု ထင်လာကြသည်။ အပြစ်မရှိဟု မြင်လာကြသည်။ ..သဗ္ဗညုတဥာဏ်..တော်ဖြင့် အမှန်အတိုင်း ထွင်ဖောက်သိမြင်၍ တားမြစ်သည်ကိုပင် လေးနက်သည်မထင်။
          ..မုသာဝါဒါ မ၀ရမဏိ..သည် လူတိုင်း နားမဆံ့အောင် ကြားသိပြီးဖြစ်၍ အလွန်ရိုးတာလှသော တရားကြီး ဖြစ်၏။ ရိုးတာလွန်း၍ မလေးမခန့် ပြုမူခဲ့ကြရာ ယခုမူ မုသားက ကျွန်ုပ်တို့အား တရားစီရင်ပါလေပြီ။ စားရမဲ့ ၀တ်ရမဲ့၊ ငတ်များ ငတ်လေတော့မလား။ ကိုယ့်ကို သူက မယုံ။ ကိုယ်က ယုံကြည် အားကိုးရမည့်သူလည်း မရှိတော့ပြီ။
          မုသားကပင် ဆင့်ပွား၍ ယနေ့ တစ်ကမ္ဘာလုံး ..ထမင်းလုံးတစ္ဆေ.. ခြောက်ခံနေရပြီ။ သောကလှိုင်းတို့လည်း အိမ်တိုင်းတွင် ရိုက်ခတ်နေ၏။ သို့သော် ကျွန်ုပ်တို့ကား လိမ်နေကြတုန်း။ အထက်လူအား အပြစ်မှန်သမျှဖိ၍ ပြစ်ဖို့တင်နေကြတုန်း။ ကံဆိုးသူတို့သည် မင်းဖြစ်၍ ထိုခေတ်ကို ကိုယ်စားပြုကြရရှာ၏။ ဒါရ၀မ်.. မင်းစေကလေးကမှအစ လူများစု၏ အလိမ်ခံရဆုံးမှာလည်း သူပင်တည်း။ လိမ်သမျှကို ယုံမိသည့် အခါမျိုးတွင် ကောင်းမည်ထင်ကာ လိုက်လျောလုပ်ပေးမိ၍ ဒုက္ခရောက်ကြရာ အလိမ်သမားတို့ပင် ခံကြရသည်။ အလိမ်သမားတို့က ပိသုဏ၀ါစာ (ကုန်းတိုက်)၊ ဖရုသ၀ါစာ (ဆဲရေး) စသည်တို့ဖြင့် ပြန်လည်ကန်တော့ခြင်းကို ခံယူရသူမှာလည်း သူပါပင်။
          မုသားကြောင့် အနှစ်.. နှစ်သောင်းခေတ်တွင် မတရားကုန်းချောမှုကြောင့် အနှစ်တစ်သောင်း။ တစ်သောင်းတမ်း၌ အရုပ်ဆိုးသူများ ပေါများလာရာ လှသူတို့ထင်ပေါ်၍ သူတစ်ပါးမယား၌ ကျူးလွန်မှု ဒုစရိုက် ပေါ်ခဲ့ပြန်သည်။ အနှစ်ငါးထောင်မျှသာ ကျန်တော့၏။ ရုန့်ရင်းကြမ်းတမ်းသော အပြောအဆို၊ အကျိုးမဲ့ အဖျင်းစကားများပြောမှု နှစ်မျိုးကြောင့် နှစ်ထောင့်ငါးရာမျှ ကျန်ရှိရာတွင် သူတစ်ပါးဥစ္စာကို လိုချင်တပ်မက်မှု (အဘိဇ္ဈာ)၊ သူတစ်ပါး ပျက်စီးစေလိုမှု (ဗျာပါဒ) နှစ်မျိုးကြောင့်တစ်ဖန် တစ်ထောင့်ငါးရာ ယုတ်လျော့သွားခဲ့သည်။ ထိုသူတို့၏ သားသမီး လက်ထက်၌ အနှစ်တစ်ထောင်သာ ကျန်ရှိတော့သည်။
         
သဘောတရား လက်သစ်များ
          ထို့နောက် ဤကမ္ဘာပေါ်၌ ..ဘာမျှမရှိ..ဟူသော ..ဒုန်းတိုက်ဝါဒ.. သစ်ကြီးတစ်ခု ခေတ်စားလာပြန်သည်။ ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် ဘာမျှမထူး။ မိဘ၀တ္တရား လှူမှုတန်းမှုအပို။ သေလျှင်ပြီးပြီ။ လောကကြီး တစ်ခုလုံးကို ထွင်းဖောက်သိမြင်သူ၊ အကျင့်မှန်ရှိသူ ဟူ၍ မရှိနိုင်။ ဘာပဲလုပ်လုပ် ဘာမျှမထူး။ မသေခင် စားရ၊ ၀တ်ရ၊ ဇိမ်ခံရပြီးရော ၀ါဒကြီးဖြစ်၏။ ..ရုပ်ကြမ်းဝါဒ..ကြီးပင်တည်း။ ထိုရုပ်ကြမ်းဝါဒ.. ဘာမျှမရှိ ၀ါဒကြီး လက်ခံကျင့်သုံးလိုက်ကြသောအခါ သက်တမ်းငါးရာမျှသာ ကျန်တော့သည်။ ရုပ်ကြမ်းဝါဒကြီးက သက်တမ်းငါးရာနှင့် ရုပ်အဆင်းလှပခြင်းများကိုပါ မျိုဝါးပစ်လိုက်သည်။
          ထို ..မထူးဝါဒ.. ဘာမျှမရှိဝါဒကြီး၏ နောက်ကွယ်တွင် ...ကာမဂုဏ် နှေင်ကြိုးမဲ့ဝါဒ..ကြီး ..နွားသိုးကြိုးပြတ်ဝါဒ..ကြီး ဆက်၍ လိုက်ပါလေတော့သည်။ ထိုဝါဒကား ဘာမျှမရှိဝါဒက ပေါက်ဖွားပေးလိုက်သော ၀ါဒဖြစ်သည့်အတိုင်း ..တိရိစ္ဆာန်ဝါဒ..ကြီးပင် ဖြစ်သည်။
          အမိ.. အဒေါ် စသည် ကတ္တားမခြားခြင်း (အဓမ္မရာဂ)၊ ပိုင်ဆိုင်သူ အပေါ်၌ပင် အလွန်အကျူး ဆက်သွယ်ခြင်း (၀ိသမလောဘ)၊ လိင်တူချင်း ဖောက်ပြန်မှု (မိစ္ဆာဓမ္မ) သုံးမျိုးပင် ဖြစ်သည်။
          ထိုဝါဒကြီး ပေါ်ပေါက်လာသောအခါ ထိုသူတို့သည်လည်း အသက်အဆင်း ဆုတ်ယုတ်ကုန်၏။ ထိုသူတို့၏ သားသမီးများလည်း ဆုတ်ယုတ်ကုန်၏။ ၂၅၀-၂၀၀ မျှသာ အသက်ရှည်ကြတော့သည်။
          ..တိရိစ္ဆာန်ဝါဒ..ကြီးကို သိမီလိုက်သူတို့က ထိုအတိုင်းလည်း ကျင့်သုံးကာ ဘိုးဘွားတို့၏ ဘာမျှမရှိဟူသော ၀ါဒကြီးတွင် ပြန်လည်ဖြည့်စွက် ပြင်ဆင်သောအားဖြင့် ..လူချင်းအတူတူဝါဒ..ကြီးကို အမည်သစ်တပ်၍ ၀ါဒတစ်ရပ် ချခဲ့ကြပြန်၏။ ထိုအခြေခံဝါဒအရ မိဘ.. သက်ကြီး.. ရွယ်ကြီးတို့၌ အလေးအမြတ်လုပ်ရန်မလို။ ရဟန်းသူမြတ်တို့အား အရိုအသေပေးလျှင် အပိုဟူသော ခံယူချက်ပင်တည်း။ ထိုအတိုင်းကျင့်သုံး၍ လက်တွေ့အကောင်အထည် ဖော်လာကြရာ သားသမီးများလက်သို့ သက်တမ်းတစ်ရာမျှသာ အမွေပေးခဲ့နိုင်ကြတော့၏။
          သက်တမ်းတစ်ရာခေတ်သို့ ရောက်သောအခါ ထိုသူတို့၏ သားသမီးများသည် ပို၍ ခေတ်မီတိုးတက်ကာ ဘိုးဘွားမိဘတို့၏ အယူအဆဟောင်း မှန်သမျှ အိတ်သွန်ဖာမှောက် စွန့်ပစ်ကာ မိဘဘိုးဘွားတို့ မတွေ့ခဲ့သော ..တကယ့် လူ့တိရိစ္ဆာန်ဝါဒကြီး..ကို ထူထောင်လိုက်ကြတော့သည်။ ထိုခေတ်တွင် ကောင်းတာမှန်သမျှ ဘာမျှ လက်ကျန် မရှိတော့ပေ။ သားအမိချင်း ဖြစ်စေကာမူ တကယ့်တိရိစ္ဆာန်ကဲ့သို့ပင် ပြုမူကာ အချင်းချင်း သတ်ဖြတ်လာကြသည်။ သားသမင် အမှတ်ဖြင့် အချင်းချင်း ရိုက်သတ်ကြသော ဆယ်နှစ်တမ်း ခေတ်ကြီးပင်တည်း။
          ဤကား မြတ်စွာဘုရား ဟောကြားတော်မူသော အကုသိုလ် စိတ်ဓာတ်အကြောင်းခံ၍ ..စိတ်ပူ.. နှုတ်ပူ.. အလုပ်ပူ.. တို့ကြောင့် အသက်အဆင်းများ ယုတ်လျော့ခဲ့ရပုံ ဖြစ်၏။
          ထို့ကြောင့် (၀ါ) ဒုစရိုက်အပူလှိုင်းတို့သည် ထိုမျှလောက် အစွမ်းထက်လှသောကြောင့် လူသားတို့၏ဘ၀ကို မြင့်တက်စေနိုင်သော သုစရိုက်တရားတို့ကိုသာလျှင် ကိုင်းကျွန်းသဖွယ် မှီတွယ်အားထားရာ ပြု၍နေကြရန် အမှန်ကို မြင်တော်မူသည့်အတိုင်း ထုတ်ဖော်တော်မူခဲ့လေသည်။ ကမ္ဘာကို ဖျက်ဆီးပစ်နိုင်သည်မှာ ထိုအပူလှိုင်း ဒုစရိုက်များသာ ဖြစ်ကြောင်း သိစေတော်မူလိုရင်း ဖြစ်သည်။ ကမ္ဘာကို ဖျက်ရာ၌ လူသားတို့၏ ကိုယ်.. နှုတ်.. စိတ်.. လက်နက်သည်သာလျှင် အထက်မြက်ဆုံးဖြစ်ကြောင်း သိသာလှပေသည်။
          ယနေ့ ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်ကာ ကမ္ဘာ့အိမ်ပေါက်စေ့ ဒုက္ခတွေ့လျက် အပျက်၊ ထို့ထက်အပျက်သို့ ရှေးရှုနေသည်မှာ အဘယ်သူပြုလုပ်၍ ဖြစ်နေရပါသနည်း။
          သင်နှင့် ကျွန်ုပ်တို့၏ နေ့ရှိသမျှ နေ၀င်မှနေထွက်၊ နေထွက်မှနေ၀င် တွင်တွင်ကြီး ထုတ်လွှတ်နေသော လောဘ.. ဒေါသ.. မောဟ အပူရှိန်များကြောင့် ဒုစရိုက်ခွေးသွားစိတ်များ လည်ပတ်နေ၍ပင် မဟုတ်ပါလော။
          ထို့ကြောင့် ယနေ့ ကမ္ဘာကြီးကို ပြုနိုင်၊ ဖျက်နိုင်၊ မှောက်လှန်နိုင်သူမှာ အခြားမဟုတ် …သင်နှင့် ကျွန်ုပ်…။

စတုတ္ထ ကမ္ဘာစစ်
          တတိယကမ္ဘာစစ် မည်သည့်အချိန်တွင်ဖြစ်မည်ကို ကျွန်ုပ်တို့မသိပါ။ သို့ရာတွင် စတုတ္ထကမ္ဘာစစ်တွင်ကား လူတို့သည် တစ်ဦးနှင့်တစ်ဦး ကျောက်လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်ကြရလိမ့်မည်။
                             (အဏုမြူဖခင် အိုင်းစတိုင်း)

ကမ္ဘာကို ချုပ်ကိုင်မည့်သူ…  (ရေးသူ == ဌေးလှိုင်) စာအုပ်မှ ထုတ်နှုတ်ပြီး မျှဝေပါသည်။ 

No comments:

Post a Comment