Thursday, July 7, 2011

သူတော်ကောင်းတို့ရဲ့ နှလုံးသား (၂)

အမရာ ကန္နရီ မဒီသမ္ဗူ ဤလေးဆူတွင် တော်ဝင်မယားလွန်ပင်ရှားခဲ့
                                                             (မဃဒေဝ)

သူတော်ကောင်းတို့ နှလုံးသား(၁)ကိုရေးပြီးတော့ (၂)ကိုရေးဖို့ စာတွေဖတ်နေတာ ဘာကို စရေးရမှန်းမသိဖြစ်နေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်တော်တွေ နိပါတ် တော်တွေထဲက သူတော်ကောင်းကြီးတွေအကြောင်းက ရေးစရာတွေပြောစရာတွေပေါ နေလို့ပါ၊ ခုတော့ လူသိများတဲ့အကြောင်းလေးဖြစ်တဲ့ သမ္ဗူလာမိဖုရားသူတော်ကောင်းမ ကြီးအကြောင်းကိုပြောပြချင်ပါတယ်၊
    
ဟိုရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုအုပ်ချုပ်ပါတယ်၊ သားတော်ဖြစ်တဲ့ သောတ္ထိသေနမင်းသားက အိပ်ရှေ့မင်းသားလုပ်ပါတယ်၊ သူရဲ့ မိဖု ရားက သမ္ဗူလာမင်းသမီးပေါ့၊ သမ္ဗူလာမင်းသမီးက အရမ်းလှချောအရမ်းလှပါတယ်၊ ဘယ်လောက်ထိအောင်လှသလဲဆိုရင် လေငြိမ်ရာမှာထွန်းထားတဲ့ မီးတောက်လိုပဲ အသားအရေဟာ ဝါဝင်းနေပါသတဲ့၊

တစ်နေ့ကံဆိုးချင်တော့ သောတ္ထိသေနမင်းသားဟာ ယားယံတာကနေ တဖြည်းဖြည်း ကုတ်ရင်း အသားအရေတွေဟာ နူနာဖြစ်လာပါတယ်၊ သမားတော်ကြီးတွေ အမျိုးမျိုးနဲ့ ကုပေမဲ့မပျောက်ဘူး တစ်နေ့တခြားပိုဆိုးလာပါတယ်၊ သောတ္ထိသေနမင်းသားကိုယ်တိုင် ကလည်း သူရောဂါတွေတစ်နေ့တခြားတိုးပွားလာ နေတာကို စိတ်ကုန်လာပါတယ်၊

ဒါကြောင့် ခမည်းတော်ဗြဟ္မဒတ်မင်းကြီးကို သားတော်ဒီရောဂါကြီးနဲ့ တိုင်ပြည်အုပ်ချုပ် မင်းလည်းမလုပ်လိုပါဘူး၊ လူမနီးတဲ့တောကြီးထဲသွားကာ တစ်ယောက်တည်းနေပါ တော့မယ်”လို့ လျှောက်ထားပြီး တောကြီးထဲထွက်သွားဖို့ ပြင်ပါတယ်၊

အဲဒီလိုတောကြီးထဲထွက်သွားတော့မဲ့ လင်တော်မောင်သောတ္ထိသေနနောက်ကို အရမ်း လှတဲ့ သမ္ဗူလာမင်းသမီးက သူပါလိုက်မယ်ပြောပြီး နောက်ကနေလိုက်လာပါတယ်၊
သောတ္ထိသေနမင်းသားက အမျိုးမျိုးပြောပြီးတားပါသေးတယ်၊ ဒါပေမဲ့ 
မယားကောင်းတို့ ရဲ့သတ္တိနဲ့ ဘယ်လိုပဲတားတား ဘယ်လိုပဲဖြောင်းဖျပြောဆိုပြောဆို လင်တောင်မောင် သောတ္ထိသေနနဲ့အတူ တောကြီးထဲကို တစ်ယောက်တည်းလိုက်လာပါတယ်၊

တောထဲရောက်တော့လဲ သောတ္ထိသေနမင်းသားကို  မယားဝတ္တရားတွေနဲ့အညီပြုစု လုပ်ကျွေးပါတယ်၊ တော်ထဲသစ်သီးရှာရင်လဲ သမ္ဗူလာမင်းသမီးကိုယ်တိုင်သွားရှာပါ တယ်၊ လင်တော်မောင်သောတ္ထိသေနကို  တဲအတွင်းမှာပဲထားခဲ့ပါတယ်၊

တစ်နေ့မှာ သမ္ဗူလာမင်းသမီးဟာ တော်ထဲမှာသစ်သီးရှာဖွေရင်းမောပန်းတာနဲ့ တောထဲ က စမ်းချောင်းလေးတစ်ခုမှာရေချိုးပါတယ်၊ ရေချိုးပြီးလို့ ချောင်းဘေးနားမှာ ထမီရေရှား လေးနဲရပ်နေတဲ့ သမ္ဗူလာမင်းသမီးကို တောထဲအစာရှာထွက်လာတဲ့ တာနောယက္ခဘီ လူးက မြင်မြင်ချင်း ချစ်မိသွားပါရော

ဒါနဲ့ မင်းသမီးနားအသာကပ်သွားပြီး “အို အရမ်းလှတဲ့မင်းသမီးရယ် သင်ကဘယ်ကလဲ ဘယ်သူသမီးလဲ ငါကိုပြောစမ်းပါကွယ်”လို့ ဘီလူးကမေးတော့မင်းသမီးက “ကျမက သောတ္ထိသေနမင်းရဲ့ မိဖုရားဖြစ်ပါတယ်၊ ကျမယောက်ျားသောတ္ထိ သေနမင်းသားဟာ နူနာဖြစ်လို့ တောထဲမှာလာနေရပါတယ်တယ်၊ ရောဂါဖြစ်နေတဲ့ကျမ ယောက်ျားကို အခုလို သစ်သီးသစ်ဥများရှာဖွေကာလုပ် ကျွေးနေရပါတယ်၊ ကျမသွားပါ ရစေ”လို့ ပြောပါတယ်၊

အချစ်ကြမ်းတဲ့ဘီးလူးဟာ အဲဒီမှာအကြမ်းချစ်ဖို့ကြံပြီး၊”ဒီမှာမင်းသမီး ကျွန်ုပ်အချစ်ကို လက်ခံပြီး ကျွန်ုပ်နဲ့ပျော်ပါးပါ၊ မပျော်ပါးဘူးဆိုရင် သင်ဟာကျွန်ုရဲ့ မနက်ဖြန်မနက်စာ ဖြစ်သွားလိမ့်မယ်နော်”လို့ ခြိမ်းခြောက်ပါတော့တယ်၊ 

မင်းသမီးမှာ တစ်ယောက်လည်းတစ်ယောက်တည်း မိုးကလည်းချုပ်လာတော့ နောက် ဆုံးကြံရာမရတော့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကို ”အို သမ္မာဒေဝနတ်ကောင်း နတ်အပေါင်းတို့ ကျွန်တော်မျိုးမသည် တာနောယက္ခဘီလူရဲ့  အစားခံရမှာကို စိုးရိမ် ခြင်းထက် ကျွန်တော်မျိုးမရဲ့ ယောက်ျားက အထင်လွဲမှားမှာကို ပိုစိုးရိမ်ပါတယ်”

“အို နတ်ပေါင်းတို့ သင်တို့ မကြားကြဘူးလား၊ ဘယ်သွားနေကြပါလဲ ကျွန်တော်မျိုးမကို စောင့်ရှောက်ပါလား”လို့တိုင်တည်လိုက်တော့ သီကြားမင်းက ကျောက်ဖြာပူလာတဲ့အ တွက် မနေနို်င်ဖြစ်ပြီး လာရောက်ပြီး အန္တရာယ်နေ ဝင်ကယ်သွားပါတယ်၊

သီကြားကယ်လိုက်လို့ လွတ်လာတဲ့ သမ္ဗူလာမင်းသမီးဟာ တဲကျောင်းပြန်ရောက်တော့ မိုးကအရမ်းချုပ်နေပါတယ် မိုးချုပ်မှပြန်ရောက်လာတဲ့ မင်းသမီးကို သောတ္ထိသေနမင်း သားကအထင်လွဲပြီးအတွေ့မခံပါဘူး၊ 

ဒါနဲ့ မင်းသမီက
“ အရှင်သား အရှင်သားကိုမတွေ့ရသောကျွန်ုပ်သည် ရဟန်းပုဏား သီလနှင့်ပြည့်စုံ သော ရသေ့တို့ကို ရှိခိုးပါ၏၊ အရှင်းမင်းမြတ်တို့အား ကိုးကွယ်ရာဟူ၍ ဆည်းကပါ၏”
“အရှင်သား အရှင်သားကိုမတွေ့ရသောကျွန်ုပ်သည်၊ ခြင်္သေ့ ကျားနှင့် သားရဲအပေါင်း တို့အား ရှိခိုးပါ၏”လို့ အော်ပြောပါတယ်၊

ဒီအသံကြားတော့ မင်းသားက“ ဟယ် မာယာများတဲ့ မိန်းမ သင်ပြောတာတွေ ဘယ်လို ယုံရမှာလဲ ဒီတောဒီတောင်ထဲမှာ မုဆိုးတွေလဲပေါတယ်၊ ဝိဇ္ဇာဓိုရ်တွေလဲပေါတယ် ဒီ လောက်ပေါတဲ့ တောကြီးထဲမှာ သင်ကိုဘယ်လိုယုံရမှာလဲ“လို့ သမ္ဗူလာမင်းသမီးကို မယုံကြည်တဲ့စကားတွေပြော ပါတယ်၊

အဲဒီလိုပြောတော့မင်းသမီးက” ရေအိုးယူပြီး ကျွန်တော်မျိုးမသည် အရှင်မင်းသားမှ တစ်ပါး တခြားသူတစ်ပါးယောက်ျားများနဲ့ မပြစ်မှားခဲ့ပါ၊ ဒီသစ္စာစကားမှန်ကန်ပါက အရှင်သားရဲ့ နူနာများပျောက်စေသား”လို့ သစ္စာစကားဆိုပြီး မင်းသားနူနာတွေပေါ် ရေတွေလောင်းချလိုက်တာ တစ်ခါတည်း နူနာတွေဟာ သစ္စာတန်ခိုးကြောင့် ပျောက် သွားပါတယ်၊

ဇာတ်တော်လေးကတော့ ဒီလောက်ပါပဲ ပြောရရင် သာမာန်မိန်းမတစ်ယောက်သာဆို ရင် ရောဂါဖြစ်နေတဲ့ လင်သားကိုပြစ်သွားမှာပါ၊ တစ်ခါတောထဲမှာတာနောယက္ခ ဘီလူး ကခြိမ်းခြောက်သိမ်းပိုက်မယ်လုပ်တာတောင် ငြင်းဆန်ပြီး သစ္စာတရားနဲ့ လင်တော် မောင်ရဲ့ရောဂါတွေကို ပျောက်ကင်းစေတာ နဲနဲနောနော သူတော်ကောင်းမဟုတ်ပါဘူး။

သာမန်မိန်းမသားတွေဆိုရင် ဒီလိုလူရွံစရာကောင်းတဲ့ရောဂါကြီးမပြောပါနဲ့ စကားမှားတာ၊ စကားများတာလေးတွေနဲ့တင်ပဲ ကွဲကွာသွားကြမယ်ထင်မိပါတယ်၊   တကယ်လို့များ အခန့်မသန့်လို့ ကွဲကြမယ်ကွာကြမယ်ကြံရင် သူတော်ကောင်းမကြီး သမ္ဗူလာမင်းသမီးရဲ့အကြောင်းကို သတိရလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်၊

သမ္ဗူလာမင်းသမီးလို အမျိုးသမီးများ ဒီနေ့ခေတ်မရှိဘူးလားဆိုတော့ ရှိပါတယ်၊ စာရေး သူရန်ကုန်မှာနေစဉ်က မြောက်ဥက္ကလာမှာ ကြီးတုတ်ဆိုတဲ့အမျိုးသမီးကြီး တစ်ယောက်ဟာ လေဖြတ်နေတဲ့ သူအမျိုးသားကြီးကို မငြီးမငြူပဲပြုစုလုပ်ကျွေးနေတာ နှစ်ပေါင်းနှစ်ဆယ်ကြာတာ တွေ့ခဲ့ဖူးပါတယ်။

ဒါကြောင့် စာဖတ်အားလုံးလဲဒီဇာတ်ကြောင်းလေးဖတ်ပြီးချိန်ကစလို့ သမ္ဗူလာမင်း
သမီးလို သူတော်ကောင်းမကြီးများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

ရွှေမန်းသား

No comments:

Post a Comment