Tuesday, July 12, 2011

ရှင်ဥပဂုတ် ရဟန္တာမဟုတ်ဘူးဆိုရင် အရှင်မဟာမောဂ္ဂလာန်လဲ ရဟန္တာမဖြစ်နိုင်ဘူး

(တပည့်တော်နဲ့ ဦးဇင်းတစ်ပါးက ရှင်ဥပဂုတ်အကြောင်းကို ပြောကြတယ်။ ဦးဇင်းကပြောတယ် ရှင်ဥပဂုတ်ဟာ ၀ိကုဗ္ဗနိဒ္ဓိကိုပြလို့ ဘယ်လိုမှ ရဟန္တာမဖြစ်နိုင်ဘူးတဲ့။ ဒါဆိုရင် အရှင်မဟာမောဂ္ဂလာန်လဲ နန္ဒောပနန္ဒနဂါးမင်းကို ချွတ်တုန်းက ၀ိကုဗ္ဗနိဒ္ဓိကို အသုံးပြုတာပဲ။ အဲဒါကို ဦးဇင်းဘယ်လိုရှင်းမလဲ..။ ၀ိကုဗ္ဗနိဒ္ဓိပြလို့ ရှင်ဥပဂုတ်ကို ရဟန္တာမဟုတ်ဘူးလို့ဆိုရင် အရှင်မောဂ္ဂလာန်လဲ ရဟန္တာမဖြစ်နိုင်ဘူး။)

ရဟန္တာမဆိုထားနဲ့ သောတာပန်အဆင့်လောက်ဆိုရင်တောင် မြတ်စွာဘုရားရှင် ပညတ်တော်မူတဲ့ သိက္ခာပုဒ်တွေကို အသက်ဟူသော အကြောင်းကြောင့်တောင်မှ မချိုးဖောက်ကြတော့ပါဘူး။

ရှင်ဥပဂုတ်ကို ရဟန္တာမဟုတ်ဘူးလို့ ပြောလိုက်ခြင်းဟာ ရှင်ဥပဂုတ်ဆိုသူဟာ (ဒဏ္ဍာရီဇာတ်ကောင်ဟာ) ဘုရားရှင်ရဲ့ ပညတ်တော်ကို ချိုးဖောက်တဲ့အတွက် တစ်ဘက်ဦးဇင်းက ရဟန္တာမဟုတ်ဘူးလို့ ဆိုလိုက်ဟန်တူတယ်။ ဘယ်ပညတ်တော်ကို ချိုးဖောက်လဲဆိုတာ ဦးဇင်းတို့ လေ့လာကြည့်ကြ၇အောင်..။

စူဠ၀ဂ္ဂပါဠိတော် ခုဒ္ဒက၀တ္ထုက္ခန္ဓကမှာ အရှင်ပိဏ္ဍောလဘာဇဒွါရမထေရ်ကို အကြောင်းပြုပြီးတော့ “န ဘိက္ခဝေ ဂိဟီနံ ဥတ္တရိမနုဿဓမ္မံ ဣဒ္ဓိပါဋိဟာရိယံ ဒေဿတဗ္ဗံ၊ ယော ဒေဿယျ အာပတ္တိဒုက္ကဋဿ”လို့ ဘုရားရှင်က ပညတ်တော်မူခဲ့တယ်။
(လူတွေကို တန်းခိုးမပြရ၊ ပြလျှင် ဒုက္ကဋ်အာပတ်သင့်၏)

ဒီနေရာမှာ ပိုပြီးနားလည်သပေါက်အောင်လို့ ဣဒ္ဓိသုံးမျိုးရှီတယ်ဆိုတာကို ရှင်းပြချင်သေးတယ်။

အဓိဋ္ဌာနိဒ္ဓိ
ဝိကုဗ္ဗနိဒ္ဓိ
မနောမယိဒ္ဓိဆိုပြီး ဣဒ္ဓိသုံးမျိုးရှိတယ်။

 တစ်ယောက်ကို အများဖြစ်အောင် အများကိုတစ်ယောက်ဖြစ်အောင်လုပ်ခြင်း၊ ကိုယ်ယောင်ဖျောက်ခြင်းစတဲ့ အရာတွေကို အဓိဋ္ဌာနိဒ္ဓိလို့ ခေါ်တယ်။

မိမိရဲ့ ပင်ကိုယ်မူလအသွင်သဏ္ဍာန်ကို ဖျောက်ပြီးတော့ ကျားယောင်ဖန်ဆင်းပြတာ ဘီလူးအဖြစ်ဖန်ဆင်းပြတာ စတဲ့ သူတစ်ပါးရဲ့ အသွင်အမျိုးမျိုး ဖန်ဆင်းပြတာတွေကို ၀ိကုဗ္ဗနိဒ္ဓိလို့ခေါ်တယ်။

ပကတိခန္ဓာကိုယ်အတွင်း၌ အလားတူ ခန္ဓာကိုယ်တစ်ခု ရှိနေအောင် ဖန်ဆင်းပြတာကို မနောမယိဒ္ဓိလို့ခေါ်တယ်။

ဒီဣဒ္ဓိသုံးမျိုးထဲက ၀ိကုဗ္ဗနိဒ္ဓိကို လူတို့အားပြရင်သာ ဒုက္ကဋ်အာပတ်သင့်တယ်လို့ အဋ္ဌကထာဆရာက ဖွင့်ပြပါတယ်။

ရှင်ဥပဂုတ်တန်ခိုးပြခန်းကို ပြန်လည်စဉ်းစားကြည့်လိုက်ပါ။ ကျားအဖြစ်ဖန်ဆင်းတာ ဘီလူးအဖြစ်ဖန်ဆင်းတာ ဂဠုန်အဖြစ်ဖန်ဆင်းတာတွေကို တွေ့ရပါလိမ့်မယ်။

ရဟန္တာဆိုတာ ဘုရားရှင် ဒီသိက္ခာပုဒ်ကို ပညတ်ထားတယ်ဆိုတာ မသိရင်သာ ကျူးလွန်မိချင် ကျူးလွန်မိမယ်။ ပညတ်ထားတယ်လို့ သိရင် ဘယ်တော့မှ မချိုးဖောက်ဘူး။ အသက်သေမယ်ဆိုရင်တောင် မချိုးဖောက်ဘူး။

ရှင်ဥပဂုတ်ဟာ ဒီသိက္ခာပုဒ် ပညတ်ထားတာကို မသိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းမယ်ဆိုရင်တော့ မိုးကြိုးပစ်တာကို ထန်းလက်ခြောက်နဲ့ ကာလိုက်တာနဲ့ အတူတူပဲလို့ ဆိုချင်တယ်။ ရှင်ဥပဂုတ်ရှိတာ မရှိတာ အပထား ဇာတ်လမ်းအရဆိုရင် ဘုရားပရိနိဗ္ဗာန်စံပြီးမှ သူပေါ်ခဲ့တာလေ။ မသိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဒါဆိုရင် အရှင်မဟာမောဂ္ဂလာန်ကြီး ၀ိကုဗ္ဗနိဒ္ဓိပြတာကျတော့ ဘာပြောမလဲ..။ ဒီလိုပြန်မေးတယ်။ ဟုတ်တယ်မို့လား..။

ပညတ်တော်ကို စဉ်းစားကြည့်လိုက်ပါ။ သေချာပြန်ပြီးတော့လေ..။

ပညတ်တော်မှာ “လူပုဂ္ဂိုလ်တို့ကို မပြရ”လို့ ပါတယ်လေ။

ဒါကြောင့် အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြချိန်တုန်းက လူဝတ်ကြောင်တစ်ယောက်မှ အနားမှာ မရှိဘူး။ အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြတာကို ဘယ်လူဝတ်ကြောင်မှလဲ မမြင်တွေ့နိုင်ဘူး။ ဒါကြောင့် အရှင်မဟာမောဂ္ဂလာန်ဟာ ဒီပညတ်တော်ကို ချိုးဖောက်ရာမရောက်ပါဘူး။

နောက်တစ်ခုစဉ်းစားစရာရှိတာက အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြချိန်တုန်းက ဒီပညတ်တော်ကို ဘုရားရှင် မပညတ်ရသေးတာလဲ ဖြစ်နိင်တယ်။

ရှင်ဥပဂုတ် ၀ိကုဗ္ဗနိဒ္ဓိပြချိန်က “မပြရ”လို့ ဘုရားရှင်က ပညတ်ပြီးဖြစ်သလို သူ ၀ိကုဗ္ဗနိဒ္ဓိပြတာလဲ လူတွေ အုံနဲ့ကျင်းနဲ့ကို တွေ့မြင်ကြတာပါ။ (ဇာတ်အလမ်းရပြောတာနော်)

အရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားရှင်က တန်ခိုးပြခိုင်းတော့ ၀ိကုဗ္ဗနိဒ္ဓိမပြပဲ “အဓိဋ္ဌာနိဒ္ဓိ”တွေကိုပဲ ပြသွားခဲ့တယ်လေ။

ဒီလောက်ဆိုရင် နားလည်လောက်ပြီလို့ ထင်ပါတယ်။

တကယ်မရှိတဲ့ မဟာယနဗုဒ္ဓဘာသာရဲ့ “ဒိဗျာဝဒါနကျမ်း”ဖြစ် လုပ်ဇာတ် ဇာတ်ကောင်တစ်ခုအတွက် လယ်ဝဲတော်ရံကြီးကို ပြစ်မှားရဲတယ်လို့ အပြစ်မတင်လိုပေမယ့် ဒကာ့ အတွေးက သိပ်ကြောက်ဖို့ကောင်းတယ်လို့တော့ ပြောချင်တယ်ဒကာ..။

............................................................................................................................မိုးသု(မန္တလေး)

2 comments:

  1. ရဟန္တာ ဂုဏ်တော်များနှင်လည်း ကိုက်ညီ မညီဖေါ်ထုတ်ပေးပါခင်များ။ ကိုပုည

    ReplyDelete
  2. ဗဟုသုတစုံတဲ့ ပညာရှိဆရာတော်တွေကို မေးမြန်းလျှင် ပိုပြီးပြည့်ပြည့်စုံစုံ သိနိုင်မယ်ထင်တယ် ကိုပုည။ သေလေးပါး၊ ရှင်လေးပါးအကြောင်းကိုလည်း သိပ်နားမလည်လို့ စိတ်ဝင်စားပါတယ်။

    ReplyDelete