လောဘ၊ ဒေါသ၊ မောဟ စသား ကိလေသာ ၁၀ ပါးကို အပြီးတိုင်ပယ်သတ် တော်မူပြီးထသော ငြိမ်းအေးရာမှန် မြတ်နိဗ္ဗာန်ကို လှမ်းကြွသွားတော်မူပြီးထသော အရဟံတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား တပည့်တော် ရှိခိုးပါ၏။
ငါ သွားနှင့်မယ် သူငယ်ချင်း ….. မင်းလည်း ခုအချိန်သာ ငါရေးတဲ့စာတွေ ဖတ်နေနိုင် တာပါ။ နောင်တစ်ချိန် ငါ့နောက်လိုက်လာတဲ့အခါကျရင်တော့ မင်းရေးခဲ့တဲ့စာတွေ သူတို့တွေ ဖတ်နေကြလိမ့်မယ်။
လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး။
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
အဲ့ဒိနေ့က ငါ လောကကြီး ထဲကိုစရောက်ခဲ့တယ်။ ညကြီးမိုးချုပ်ပေါ့။ လောကကြီးတစ် ခုလုံးဟာ မှောင်မိုက်နေတာပဲ။ ငါ့ ခန္ဓာကိုယ်တစ်ခုလုံး လွတ်လပ်တဲ့နယ်မြေတစ်ခုကို ခြေချလိုက်ရသလိုပဲ။ အားလုံးပေါ့ ပေါ့ပါးပါးပါပဲ။ အဲ့ဒိအခါတုန်းက ငါ့ဘ၀ နုနယ်လိုက်တဲ့ပုံများ ပြင်ပလေ လေးထိလိုက်တာတောင် နာသလိုလို၊ စပ်သလိုလိုနဲ့ ငါ စိတ်ရှိလက်ရှိအော်ဟစ်ပြီး ငိုချလိုက်တယ်။ သူတို့တွေ မတရားဘူး။ ငါကတော့ ငိုလို့။ သူတို့မျက်နှာတွေမှာ အပြုံးတွေ လှိုင်လှိုင်ပွင့်နေကြမယ်လို့ ငါထင်တယ်။ အံ့သြစရာပဲ။ ဒုက္ခက အဲသည့်ကတည်းက စတယ်ထင်ပ။ ဟုတ်တယ်။ ရောက်ရောက်ချင်း ဗိုက်တွေဆာ လိုက်တာဗျာ။
ဘာကိုမှငါ မသိခဲ့ပါဘူး။ ငါ့မျက်စိတွေ ဖွင့်လို့ကိုမရသေးဘူး။ မေမေ့ကိုမြင် ချင်လိုက်တာ။ အရင်တုန်းက လောကကြီးမှာ ငါတစ်ယောက်တည်းလို့ ထင်ခဲ့တာ။ ခုတော့ ငါ့အနားမှာ လူတွေအများကြီးရှိတယ်ဆိုတာ သိလိုက်ရတယ်။ ငါ့မှာ ပိုင်ဆိုင်တာ ဘာတစ်ခုမှ မရှိပါဘူး။ ဒါပေမယ့် သူတို့ငါ့ကို အတော်ချစ်ကြ တဲ့ပုံပဲ။ ဖေဖေက ငါ့ကို သူနဲ့တူတာပါတဲ့။ မေမေကလည်း ဟင့်အင် သူနဲ့တူတာပါတဲ့။ ငါကတော့ လူဆို တာလူနဲ့ပဲ တူသင့်တာပေါ့လို့ ထင်နေတယ်။ မေမေက ငါ့ပါးလေးကို ဖွဖွလေးနမ်းတယ်။ ချစ်လိုက်တာ သားရယ်တဲ့။ ငါ ငါ ချစ်တယ်ဆိုတာကို နားမလည်ပါဘူး။ ဗိုက်ဆာရင် မေမေလို့ခေါ်တဲ့ ဒီအမျိုးသမီး ကြီးက အဆာပြေအောင် နို့တိုက်ပေးလေ့ရှိတယ်။ ဒါကြောင့် သူနဲ့ပဲနေချင်တယ်။ သူ့လက်ထဲမှာ ငါ ပျော်တယ်။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး။
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
စိတ်ရှုပ်လိုက်တာဗျာ။ ဒီနေရာကြီးမှာ ကျွန်တော်မနေချင်ပါဘူး။ အခန်းလေးကလည်း ကျဉ်းလိုက်တာ လွန်ရော။ ခေါင်းရင်းမှာ ဆေးဘူးတွေ မထားပါနဲ့ဆိုမှ သမီးတွေ ကလည်း ပြောလို့ကို မရဘူး။ ဟိုအရင်က ဟေ့ ဒါမလုပ်နဲ့ကွလို့ပြောရင် အားလုံးမီးသေပဲ။ အခု ငါမှာ ဘာသြဇာအာဏာမှ မရှိတော့ပါလား။ အရင်ကဆို ခုလိုအခန်းလေးထဲမှာ နေဖို့စိတ်ကူးထဲတောင်မရှိခဲ့ဘူး။ ကြွားတာမဟုတ်ဘူးနော်။ ငါ နေတဲ့ အိမ်က ဒုတိယ သမီးလေးမွေးပြီးတုန်းကမှ ၀ယ်လိုက်တာ။ တစ်ထပ်တိုက် လေးပါ။ ခြံကတော့ တော်တော်လေး ကျယ်တယ်။ အိပ်ခန်းဆိုရင် ကျယ်ကျယ် ၀န်းဝန်းမှ ငါကလည်းကြိုက်တာလေ။ ငါနေတဲ့ ရုံးခန်းဆိုရင် အကျယ်ကြီးပဲ။ လေ၀င်လေထွက်လေးကောင်းအောင် ပြူတင်းတံခါးတွေကို အမြဲဖွင့်ထား တယ်။
ဗိုက်ဆာလိုက်တာဗျာ။ ငယ်ငယ်ကဆိုရင်လေ ခုလိုဗိုက်ဆာပုံမျိုးနဲ့ ထမင်းများကြိတ် လိုက်ရရင် ၃ ပန်းကန်လောက်တော့ အသာလေးနေမှာ သေချာတယ်။ ငါးခူ ဆီပြန်လေးများ ချက်လာရင်ဘယ်လောက် ကောင်းလိုက်မလဲ။ မေမေကလေ ငါ့သားလေးက ငါးခူဆို အရမ်းကြိုက်တာဆိုပြီး အမြဲဝယ်ကျွေးတာတွေ မင်းမှတ် မိမှာပေါ့။ သားသတိရလိုက်တာ မေမေရယ်။ သားလေ အခုဗိုက်တွေဆာနေပြီမေမေ။ အတွေးထဲမှာပါဗျာ။ ခုတော့ ဆရာဝန်က အဖတ်မစားပါနဲ့တဲ့။ မေမေသာရှိရင် ဖက်ပြီးငိုပစ်လိုက်ပြီ။ ခုတာ့ သမီးလေးက ဖေဖေ ဗိုက်ဆာနေပြီလားတဲ့။ ဆာတာပေါ့သမီးရယ်။ ဘာတွေများယူလာလည်းလို့ မမေးချင်တော့ပါဘူး။ စိတ်တွေ ညစ်လွန်းလို့။ နေ့တိုင်းဆွတ်ပြုတ်ပဲ သောက်နေရတော့မှာလား။ သူတို့ပြောတဲ့ လူကြီးရောဂါက အရည်ပဲသောက်ရမယ်လို့ ပြောထားလို့လား။ သမီးလေးက မျက်နှာမကောင်းပါ။ သြ ငါသောက်လိုက်မှပါ။ ပါးစပ်ထဲကို သမီးလေးက ခွန့်ပေးတယ်။ အား … ဒီအရသာကြီးကို ငါ မကြိုက်လိုက်တာနော်။
ငါ … ငါ ဘာဖြစ်သွားတာပါလိမ့်။ သူတို့တွေ ရောက်လာကြပြန်ပြီ။ ဘာလာလုပ်တာလဲ။ သွား … သွား ငါ ငါ ဘာမှ မဖြစ်ဘူး။ မဖြစ်ဘူး။ ဟော နှာခေါင်းကို တစ်ခုခုနဲ့ အုပ်လိုက်သလိုပဲ။ လက်တွေမှာလည်း အပ်တွေစိုက်လို့။ ငါ့ကို သူတို့ဘယ် ကိုခေါ်သွားကြမလို့လဲ။ ရင်ထဲကအောင်လိုက်တာဗျာ။ အသက်ရှုရတာ အားမရ လိုက်တာ။ အဲ့ဒါကြီး မအုပ်ပါနဲ့လို့ ငါပြောထားသားနဲ့ကို။ ငါ့မျက်စိတွေ ဘာကိုမှ မမြင်ရတော့ဘူး။ အသံတွေတော့ မသဲမကွဲ ကြားနေရတယ်။ အသက်ရှုရတာ အရမ်းကိုပဲ ကြပ်လာလိုက်တာ။ ကူကြပါဦး။ ငါ… ငါ … သေတော့ မလို့များလား။ မဟုတ်ဘူး။ မဟုတ်ဘူး။ ငါ့ အသက်က ငယ်ပါသေးတယ်။ မြေးတွေ မြစ်တွေနဲ့ နေချင်သေးတယ်။ သေးမင်းရယ် မခေါ်ပါနဲ့နော်။
ပြူတင်းပေါက်ကနေ လေးပြင်းလေးတစ်ချက် ဝေ့ကနဲတိုက်လိုက်တယ်။ အခန်းတံခါး မကြီး နဲနဲလေး အာသွားတယ်။ အင်း အခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်။ တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုပဲ။ သမီးလေး ငိုနေတယ်။ မငိုနဲ့လေ သမီးရဲ့။ မငိုပါနဲ့ကွ။ အဖေ သက်သာနေပြီ။ ဟာ …. ငါသေသွား ပြီ တဲ့။ သူတို့ဘာတွေ ပြောနေတာလဲ။ ငါ မယုံဘူး .. မယုံဘူး။ ငါ့ နားထဲမှာ စူးစူးဝါးဝါး အော်သံနဲ့ အတူ ရယ်သံ လွင်လွင်လေးတွေ ကြားလိုက်သလိုပဲ။ အော် လောကကြီးထဲကို လူတစ်ယောက် ရောက်လာ ပြန်ပြီတဲ့လား။
မအိုပါလို၊ ငါကဆိုလည်း၊ ငါဆိုမရ၊ အိုကြရ အနတ္တခန္ဓာကိုယ်။
မနာပါလို ငါကဆိုလည်း၊ ငါဆိုမရ၊ နာကြရ အနတ္တခန္ဓာကိုယ်။
မသေပါလို ငါကဆိုလည်း၊ ငါဆိုမရ၊ သေကြရ အနတ္တခန္ဓာကိုယ်။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
(တွေးမိသမျှ ရေးချလိုက်ရပါသည်။ အမှားနှင့် အမှန်၊ အကောင်းနှင့် အဆိုး၊ အကြောင်းနှင့် အကျိုး ကိုချိန်ထိုးဝေဖန်ပေးခဲ့ပါ။ အမှားများစွာ ပါခဲ့ပါမူ ကျွန်တော်၏ ညံ့ဖျင်းမှုသာ ဖြစ်ပါသည်။ ဘေးရန်ကင်း၍ ချမ်းသာခြင်းနှင့် ပြည့်ကြပါစေ။)
စာရေးသူ - သုခရိပ်
No comments:
Post a Comment