Tuesday, July 12, 2011

အရွဲ့တိုက်ပြီး လှေမစီးလိုက်ပါနဲ့

စာရေးသူမှာ ညီမလေးတစ်ယောက်ရှိပါတယ်၊ သူက သူကိုမဟုတ်တာလုပ်ရင် ကြောတယ် ထင်ရင် သူများကိုပြန်ပြီး အရွဲ့တိုက်တတ်ပါတယ်၊ အဲဒီလိုအရွဲ့တိုက်တဲ့အခါ သူပဲစိတ်ညစ်ရတာများပါ တယ်၊ ဒါကြောင့်သူ့ကိုပုံပြင်လေးတစ်ပုဒ်ကိုပြောပြဖြစ်ခဲ့ပါတယ်
          ပုံပြင်လေးကဒီလိုပါ တစ်ခါက လူနှစ်ယောက်ရှိပါတယ်၊ သူတို့က တစ်ယောက်ကလှေပိုင်ဆိုင် ပြီး တစ်ယောက်ကမြင်းပိုင်ဆိုင်ပါတယ်၊ တစ်နေ့ လှေပိုင်တဲ့သူက မြင်းပိုင်ရှင်ဆီမှာ မြင်းကိုငှားပြီး စီးပါ တယ်၊ စီးတာလည်းတော်တော်လေးကြာသွားတဲ့အတွက် မြင်းလည်းတော်တော်လေးကိုမောနေပါ တယ်၊ ဒါကိုမြင်တဲ့ မြင်းပိုင်ရှင်ဟာ အရမ်းကိုစိတ်ဆိုးပါတယ်၊ ဒါကြောင့်သူလည်း ကလဲ့စားပြန်ချေမယ် ဆိုပြီး လှေပိုင်ရှင်ရဲ့လှေကိုငှားပါတယ်၊ ငှားပြီးနာရီတော်တော်ကြာအောင် ချောင်းထဲမှာစိတ်ပေါက် ပေါက်နဲ့ အရွဲ့တိုက်ပြီး ကိုယ်တိုင်လှော်ပြီး စီးပါတယ်၊ ဒါပေမဲ့ လှေဆိုတာ မြင်းလိုသက်ရှိမှမဟုတ်တာ ဘယ်မှာမောမလဲ မောရင်းမော လှေလှော်ခတ်တဲ့ မြင်းပိုင်ရှင်ပဲမောမှာမို့လား၊
          ဒီပုံပြင်လေးဖတ်ပြီးဖတ်ပြီး စာဖတ်သူများလည်း သူများကိုအရွဲ့တိုက်မယ်ကြံရင် ငါကလှေပိုင် ရှင်လား မြင်ပိုင်ရှင်လားဆိုတာ အရင်စဉ်းစားစေခြင်ပါတယ်၊ အကယ်၍ ကိုယ်ကိုကလှေပိုင်ရှင်ဖြစ်နေရင် ခံသာပါသေးတယ်၊ မြင်းပိုင်ရှင်ဖြစ်နေရင်တော့ ဘယ်လောက်ပဲအရွဲ့တိုက်ယှဉ်ပြိုင်ယှဉ်ပြိုင် မောဖို့သာ ပြင်ဖြစ်နေမှာပါ၊ ဒါကြောင့် အရွဲ့မတိုက်တာဟာ အကောင်းဆုံးပဲလို့ထင်ပါတယ်၊ အရွဲ့တိုက်တော့မယ် ဆိုကတည်းက ရင်ထဲမှာ ဒေါသတွေကပါလာပြီးသားပါ၊ နောက် ဒေါသသက်သက်ဆိုအကြောင်း မ ဟုတ်ပါဘူး၊ မကျေမနပ်ဖြစ်နေတဲ့ အာဃာတတရားတွေနဲ့ဆို မပြီးနိုင်မစီးနိုင်သံသရာရှည်နေဦးမှာလေ၊ ဒီနေရာမှာကြုံတုန်း ပြောပြပါဦးမယ် ဒေါသဆိုတာ မီးနဲ့တူပါသတဲ့၊ ဒေါသထွက်တဲ့သူရော အထွက်ခံ တဲ့သူပါ နှစ်ဦးနှစ်ဖက်မှာ ဒေါသရဲ့အပူမီးကို ကူးစက်အပူလောင်ခံရတာပါ၊ နောက် ဒေါသဆိုတာ မစင် တွေပေပွနေတဲ့ အထုတ်ကြီးကို လှမ်းပစ်တာနဲ့တူပါသတဲ့ အဲဒီလိုပစ်လိုက်တော့ တစ်ဖက်လူမှာ မစင် တွေပေပွသွားတာပေါ့၊ တစ်ခါ အဲဒီအပစ်ခံရတဲ့သူက မကျေနပ်လို့ ပြန်ပစ်ပြန်ရင် ပြန်ပစ်ဖို့ မစင်ထုတ် ကြိးကို ကောက်ရသေးတာပါ၊ ကောက်နေတဲ့အချိန်မှာ မစင်တွေက လက်တွေ အ၀တ်စားတွေကို ပေ ကုန်သေးတာလေ၊ ဒေါသဆိုတာလည်း အဲဒီမစင်ထုတ်ကြီးလိုပါပဲ၊ သူကပစ်လိုက်ကိုယ်ကပစ်လိုက်နဲ့ ဆိုရင် နှစ်ဦးနှစ်ဖက်မစင်တွေပေးပွဖို့သာ ရှိပါတယ်၊
စကားစပ်မိလို့ ဓမ္မပဒမှာလာတဲ့ အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါသေးတယ်၊ တစ်ခါက လင်မယားနှစ်ယောက်ရှိပါတယ်၊ ဒါပေမဲ့ မယားဖြစ်တဲ့သူက ကလေးမရပဲမြုံနေပါတယ်၊ အဲဒီခေတ်က အိန္ဒိယနိုင်ငံရဲ့ လူမှုရေးပေါ်လစီမှာ သားသမီးမရှိရင် အဆင်မပြေပါဘူး၊ ဒါကြောင့် သားသမီးမရတဲ့ အမျိုးသမီးအပြင် နောက်ထပ်အမျိုးသမီးတစ်ယောက်ကို အိမ်ထောင်ရှင်လင်ယောက်ျားက လက်ထပ် ယူပါတယ်၊ နောက်လက်ထပ်လိုက်တဲ့အမျိုးလေးကို မယားကြီးဖြစ်တဲ့သူက မကြည်ဖြူပါဘူး၊ဒါကတော့ ထုံးစံလေ နောက်ပေါက်တဲ့ရွှေကြာပင်က အရင်ကြီးသွားမှာစိုးလို့ပါ၊ ဒါပေမဲ့ အချစ်သော်လည်းအောင့်ခါ နမ်းဆိုသလို ချစ်ဟန်ဆောင်နေလိုက်ပါတယ်၊ “ညီမလေးရေ ညီမမှာ ကိုယ်ဝန်ရှိလာရင် အမကိုပြောနော်၊ အမကလေ ကလေးမရနိုင်တော့ ညီမလေးကိုဂရုစိုက်မယ်သိလား” စတဲ့လောကွတ် စကားတွေနဲ့ ချစ်ဟန်ဆောင်ခဲ့ပါတယ်၊ တိုတိုပြောပြရင် တစ်နေ့တော့ မယားငယ်လေးမှာကိုယ်ဝန်စရှိ လာပါတယ်၊ ဒါနဲ့ မယားကြီးမမကို ”အမရေ ညီမတော့ကိုယ်ဝန်ရှိနေပြီ သိလား”ဆိုပြီး သူမမှာကိုယ် ၀န်ရှိတဲ့အကြောင်းပြောပြဖြစ်ပါတယ်၊ မယားကြီးမမလည်း အစမှာ ဂရုစိုက်ချင်ယောင်ဟန်ဆောင်ပြီး နောက်ပိုင်းကြ အစားစာထဲမှာ ကိုယ်ဝန်ကျဆေးထည့်ကျွေးလိုက်ပါတယ်၊ အဲဒိလိုလုပ်လာတာဟာ ကိုယ်ဝန်ရှိလာတယ်ပြောလိုက် အစားစာထဲ ကိုယ်ဝန်ကျဆေးထည့်ကျွေးလိုက်နဲ့ နှစ်ကြိမ်နှစ်ခါရှိလာပါ တယ်၊ သုံးကြိမ်မြောက်မှာ ကိုယ်ဝန်ရှိလာတော့မယားကြီးမမကို သံသယရှိတာနဲ့ မပြောပြတော့ပါဘူး၊ ဒီလိုနဲ့ ကိုယ်ဝန်လည်းအရင့်အမာ ကာလကိုရောက်လာပါတယ်၊ ကိုယ်ဝန်အရင့်အမာကာလရောက် လာလို့ပြီးသွားတယ်မထင်လိုက်ပါနဲ့ အဲဒီကိုယ်ဝန်အရင့်အမာကြီးကို ပျက်ဆီးအောင် ထပ်လုပ်လိုက် ပါတယ်၊ အဲဒိလိုလုပ်လိုက်တဲ့အတွက် ကိုယ်ဝန်ကလည်းရင့်နေလို့ ကလေးပါမကလူကြီးပါအလူးအလဲ ခံရပြီး သေပွဲဝင်သွားခဲ့ရပါတယ်၊ ဒါပေမဲ့ သေပွဲဝင်အံ့ဆဲဆဲ အချိန်လေးမှာ မယားငယ်လေးက ဆုတောင်းသွားပါတယ်၊ ဘယ်လိုဆုတောင်းသလဲဆိုရင်“နောင်ဖြစ်လေရာရာဘ၀တိုင်းမှာ သင်ကို ပြန်လည်အနိုင်ယူနိုင်သောသူဖြစ်လို၏”ဆိုပြီးတော့လေ၊
အဲဒီဆုတောင်းကြောင့်ပဲ နောင်ဘ၀ဘ၀တွေမှာ တစ်ယောက်ကသမင်မဖြစ်လိုက် တစ် ယောက်ကကျားသစ်မဖြစ်လိုက်၊ တစ်ယောက်ကကြက်မဖြစ်လိုက် တစ်ယောက် ကကြောင်မဖြစ်လိုက် နဲ့ တစ်ယောက်နဲ့တစ်ယောက် လက်စားတွေချေလာလိုက်တာ နောက်ဆုံး သာဝတ္ထိပြည်မှာ တစ် ယောက်က သူဋ္ဌေးသမီးလေးဖြစ်ပြီး အိမ်ထောင်ကျတဲ့အခါ ကလေးလေးဖွားပြီးကာလ ခရီးသွားရင်း လမ်းခုလတ်မှာ မိတ်ဟောင်းဆွေဟောင်းမယားကြီးမမက ဘီလူးမကြီးဖြစ်နေတာနဲ့ သွားတိုးပါတယ်၊ တွေ့တယ်ဆိုရင်ပဲ ဘ၀ဘ၀ဟောင်းက ရန်ညှိုးတွေကြောင့် ကလေးကိုအတင်းလိုက်လုပါတယ်၊ နောက်ဆုံး ပြေးရင်းလွှာရင်းနဲ့ မြတ်စွာဘုရားရှိရာ ဇေတ၀န်ကျောင်းတော်ထဲရောက်ကာ မြတ်စွာဘုရား ရဲ့ “နဟိဝေရေန ဝေရာနိ=ရန်ကိုရန်ချင်းမတုန့်နှင်းပါနဲ့” အစဖြာတဲ့ဒေသနာကို နာကြားရမှ နှစ်ယောက်စလုံး အကျွတ်တရားရကာ အမုန်းတွေကို သင်ပုန်းခြေလိုက်ကြပါတယ်၊
          ဒါကြောင့်ပါစာဖတ်သူရယ် မကျေနပ်လို့ အမြင်ကပ်ပုဒ်မနဲ့ အရွဲ့တိုက်ကလဲ့စား တွေချေနေမယ် ဆိုရင် သံသရာကပြီးဆုံးမှာ မဟုတ်တော့ဘူးလေ၊ ဒါကြောင့်မရွဲ့မတိုက် ကလဲ့စားမချေပဲနေနိုင်ဖို့ ကြိုးစားကြည့်ရအောင်ပါ၊ တကယ်လို့အရွဲ့တိုက်မယ်ဆိုရင် မစိုးရိမ်ဆရာတော်ကြီးရဲ့စကားလေးကို လည်း အမှတ်ရလိုက်ပါ၊ ဆရာတော်ကြီးကဘာပြောထားသလဲဆိုရင်“တို့အရွဲ့တိုက်ကြတာဟာ မကောင်းတဲ့ဘက်မှာပဲ အရွဲ့တိုက်နေကြတာ အဲဒီစိတ်ကလေးတွေကို ပြောင်းလဲပြီး ဘုရားမရှိခိုးချင်တဲ့ စိတ်ကို ဘုရားရှိခိုးချင်လာအောင်၊ မလှူချင်မတန်းချင်တဲ့စိတ်ကလေးကို လှူချင်တန်းချင်လာအောင်၊သီလမဆောက်တည်ချင်တဲ့စိတ်ကလေးကို သီလဆောက်တည်ချင်လာအောင်၊ တရားမထိုင်ချင်စိတ် ကလေးကို တရားထိုင်ချင်လာအောင် ကိုယ်ကိုယ်ကိုပြန်ပြီး အရွဲ့တိုက်ကြည့်စမ်းပါ”တဲ့
          ဘယ်လောက်မှတ်သားစရာကောင်းလိုက်ပါသလဲစာဖတ်သူရေ ဒီကနေ့ကစပြီး ကိုယ်အရွဲ့ တိုက်ရမှာက တခြားသူများမဟုတ်ပါရိုးလား ငါကိုယ်တိုင်ဖြစ်နေပါလားလို့ သတိလေးရပြီး မကောင်းတဲ့ ကာယကံ၊၀စီကံ၊မနောကံတွေကို မပြုမိ၊ မပြောမိ၊ မကြံမိအောင် ကိုယ်ကိုယ်ကိုပြန်ပြီး အရွဲ့တိုက် ကြည့်လိုက်ရအောင်နော်။ ။
ရွှေမန်းသား
အရှင်္ကုရ(ကျောက်ဆည်)
သာသနတက္ကသီလာဓမ္မာစရိယB.A(hons), M.A(thesis)
M.A ကေလနိယတက္ကသိုလ်၊ကိုလံဘိုမြို့
ခေတ္တသီရိလင်္ကာ

No comments:

Post a Comment