Wednesday, July 27, 2011

စေတနာသည် လူတိုင်းနှင့် တန်ပါသလား?

နုပ်        မင်းတို့အိမ်တွေမှာ အများဆုံး ကပ်ထားတဲ့ စာတစ်ကြောင်း ရှိသေးတယ်။ ဘာတဲ့၊ စေတနာသည် လူတိုင်းနဲ့ မထိုက်တန်တဲ့ ဟုတ်လား။

သန်း     ဟုတ်တယ် ဘုရားတပည့်တော် တွေ့ဖူးတယ်။ ဒါမမှန်ဘူးလား ဘုရား။

နုပ်        ဘယ်မှန်မလဲ။ ဒီစာတမ်းရဲ့ အဓိပ္ပါယ်ကို အကျယ်ချဲ့လိုက်ရင် ကျေးဇူးသိတတ်သူအပေါ်မှာသာ ပေးကမ်းစွနဲ့ကြဲရမယ်၊ စေတနာထားရမယ်၊ ကျေးဇူးမသိတတ်တဲ့ သူအပေါ်မှာ ပေးကမ်းစွန့်ကြဲခြင်းမပြုရ၊ စေတနာ မထားရလို့ ဆိုလိုတာပဲ။ ဒီစာတမ်းကို ရေးခဲ့တဲ့သူဟာ ခံစားချက် ရှိခဲ့လိမ့်မယ်။

          ဘယ်လိုခံစားချက်လည်းဆိုတော့ သူဟာ တခြားသူကို မျှော်လင့်ချက်ထားပြီး ကူညီခဲ့လိမ့်မယ်။ ကူညီလိုက်တဲ့သူက သူမျှော်လင့်တဲ့အတိုင်း ကျေးဇူးမဆပ်တဲ့အခါ ပေါက်ကွဲပြီး စေတနာသည် လူတိုင်းနဲ့မတန် ဆိုတဲ့စကားကြီး ထွက်လာတာပဲ။ ဘာမှ မကုန်ဘဲ ကောင်းမြတ်တဲ့ စေတနာဟာ ဘာဖြစ်လို့ လူတိုင်းနဲ့မတန်ရမှာလဲ။

          မြင့်မြတ်သူဆိုတာ သူတစ်ပါးကို ကူညီခွင့်ရလို့ ကူညီတဲ့အခါ ဘယ်တော့မှ မျှော်လင့်ချက်မထားရဘူး။ သူတစ်ပါးစေတနာကို ကြည့်စရာမလိုဘူး။ ကိုယ့်စေတနာ ကိုယ်ကြည့်ရမယ်။ ဘုရားအလောင်းမျောက်မင်းကို ကြည့်ပါလား။ ဘာမျှော်လင့်ချက်မှမထားဘဲ ပုဏ္ဏားကို ချောက်ထဲက ကယ်ဆယ်ခဲ့တယ်။

          ဒါကြောင့် ပုဏ္ဏားက ကျေးဇူးကန်းတဲ့အခါမှာလည်း စိတ်မဆိုးဘဲ သွေးစက်ချပြပြီး အိမ်တိုင်ယာရောက် လိုက်ပို့ခဲ့တာပေါ့။ ဒါ မင်းတို့
ငါတို့ အတုယူရမယ့် အချက်ပဲ။

          နဂိုကတည်းက ဘာမျှော်လင့်ချက်မှ မထားဘဲ ကူညီခဲ့ရင် တစ်ဖက်လူက ကျေးဇူးသိလည်း ၀မ်းမသာဘူး။ လောဘမဖြစ်ဘူး။ တစ်ဘက်လူက ကျေးဇူးကန်းလည်း ၀မ်းမနည်းဘူး။ ဒေါသမဖြစ်ဘူး။ ကိုယ့်စေတနာ မပျက်တော့ဘူးပေါ့။ အရင်ကတည်းက ငါ့အပေါ် ကျေးဇူးသိတတ်ပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ ကူညီခဲ့ရင်…

          ကိုယ်မျှော်လင့်တဲ့အတိုင်း တစ်ဖက်လူက ကျေးဇူးသိရင် ကိုယ့်စေတနာမပျက်သေးလို့ တော်သေးတာပေါ့။ အကယ်၍ တစ်ဖက်လူက ကျေးဇူးကန်းရင် ကိုယ်ထားခဲ့တဲ့ စေတနာဟာ ပျက်သွားတော့ အလကားဖြစ်တာပေါ့။ တစ်ခုစဉ်းစားရမှာက ကျေးဇူးကန်းသူ တစ်ယောက်နဲ့ ကြုံလိုက်ရတာနဲ့ နောက်ထပ် ဘယ်သူ့အပေါ်မှ အကူအညီမပေးတော့ဘူး။ မပေးကမ်းတော့ဘူးဆိုရင် ဒါနပါရမီ မဖြစ်တော့တဲ့အတွက် ကိုယ်လည်းနစ်နာတာပဲဆိုတာ သတိထားသင့်တယ်။

          ဒါ့ကြောင့် ဒီစာတမ်းကို ဗုဒ္ဓအလိုကျပြောင်းရင် စေတနာသည် လူတိုင်းနှင့်တန်သည်ပေါ့။

[typed from Ko Aung Aung Oo’s Post]

No comments:

Post a Comment