Tuesday, July 12, 2011

ကံကောင်းအောင် ဘယ်လိုလုပ်မလဲ

 
ဒီမေးခွန်းလေးကတော့ ရန်ကုန်၊ ကမာရွတ်မှာနေတဲ့ ဒကာမလေးတစ်ယောက်က မေးတဲ့မေး ခွန်းပါ၊ အတိုချုံးဖြေရရင်တော့ ကံကောင်းအောင် စေတနာကောင်းနဲ့ အလုပ်ကောင်းကောင်းလုပ်ပါလို့ ဖြေ ရမှာပါ၊
   
ဒါပေမဲ့ ပိုပြီးပေါ်လွင်အောင်ဖြေပြရရင်၊ အလုပ်ကောင်းဆိုတာကလဲ ခုကံကောင်း ချင်မှ ခုထလုပ်လို့ အဆင်ပြေတတ်တဲ့ အရာမဟုတ်ပါဘူး၊ အလုပ်ကောင်းတွေက ဘာနဲ့ အလားတူသလဲဆိုရင် နှစ်ရှည်ပင်နဲ့တူပါတယ်၊ဒါကြောင့်ရေရှည်စီမံကိန်းနဲ့ အလုပ်လုပ်ရတာပါ၊ ဒါမှ အောင်မြင်မှုကြတော့ အကြီးကြီးအကောင်းစားကြီးကို ရရှိခံစားနိုင်တာပါ၊
   
မကောင်းတဲ့အလုပ်တွေကြတော့ ရေတိုစီမံကိန်းတွေပါ၊ ခုစိုက်ခုဆွတ်ယူစားလို့ရ တဲ့ အပင်နဲ့တူပါတယ်။ ဒါကြောင့် သူကသူများကိုဝေပေးလို့တောင်မရပါဘူး၊ အစွမ်း သတ္တိကနည်းနေတော့ ကိုယ်တစ်ယောက်ပဲသုံးစွဲလို့အဆင်ပြေတာပါ၊
   
ဒါဆိုရင် အလုပ်ကောင်းကောင်းကို ဘယ်လိုစလုပ်မလဲပြောကြည့်ရအောင်ပါ၊ တစ်ချို့ကထင်တတ်ကြပါတယ်၊ အကြီးကြီးပေးမှ အများကြီးပြန်ရမယ်လို့  တကယ်တော့ အလုပ်ကောင်းကောင်းလုပ်ဆောင်ရာမှာ ပစ္စည်းဝတ္ထုထက် စေတနာကပိုအရေး ကြီးတာပါ။ စေတနာကောင်းကောင်းနဲ့ အလုပ်ကောင်းကောင်းလုပ်မယ်ဆိုရင် အကျိုး ပေးကကောင်းလာမှာပါ၊
   
ဒီနေရာမှာ ကံကောင်းအောင် လုပ်ဆောင်တဲ့နည်းတွေ အများကြီးရှိတဲ့အထဲက တစ်ခုကိုပြောပြပါမယ်၊ အဲဒါက ဘာလဲဆိုရင် တစိုက်မတ်မတ်လုပ်ရမဲ့ အလုပ်တစ်ခုပါ၊ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုရင် အချဉ်ရေအိုးစိမ်တာနဲ့ တူပါတယ်၊  အချဉ်အိုးဟာ စစိမ်ခါစမှာ မချဉ်သေးပါဘူး၊ ရက်ကလေးရလာမှ အချဉ်ပေါက်ပြီး တဖြေးဖြေးချဉ်ဖတ်တွေဟာ ချဉ်လာတာပါ၊
ဒါကိုပဋ္ဌာန်းနည်းနဲ့ပြောရရင် အာသေဝနပစ္စည်းတပ်ပြီး အလုပ်လုပ်တယ်လို့ ပြောလို့ရပါတယ်၊

စာရေးသူမုံရွာ ဓမ္မပါရဂူမှာ စာသင်နေတော့ ဓမ္မပါရဂူဆရာတော်ကြီးက ကုသိုလ် ကောင်းမှုတွေကို အာသေဝနပစ္စည်းတပ်ပြီး အမြဲတမ်းလုပ်ဆောင်ဖို့ သြဝါဒပေးလေ့ ရှိပါတယ်၊ အကယ်၍ ကိုယ်က ဂုဏ်တော်ရွတ်တယ်ဆိုရင်လည်း အဲဒီဂုဏ်တော် ကိုနေ့စဉ်ရွတ်ဖို့ ၊ ပဋ္ဌာန်းရွတ်ရင်လည်း အဲဒိပဋ္ဌာန်းကို နေ့စဉ်ဝတ်မပျက်ရွတ်ကြဖို့ သတိပေးတော်မူပါတယ်၊ အဲဒီလို ရွတ်ဖတ်ပွားများလာရင် အချိန်ကြရင် အကျိုးပေးပါတယ်လို့လည်း မိန့်တော်မူပါ တယ်။
   
ဒါကြောင့် ကောင်းတဲ့အလုပ်တွေဟာ ဒီလိုအာသေဝနပစ္စည်းလေးတပ်အလုပ် လုပ်မယ်ဆိုရင်၊ ရေရှည်မှာကံကောင်းလာမှာပါ၊
   
တစ်ခါက စာရေးသူရဲ့ ဇာတိရွာမှာ သမီးလေးနှစ်ယောက်နဲ့ စီးပွားရေးအဆင်မ ပြေတဲ့ မအုန်းမြင့်ဆိုတဲ့ ဒကာမတစ်ယောက်ရှိပါတယ်၊ သူကကံကောင်းပြီးစီးပွားရေး အဆင်ပြေချင်တာ ဘယ်လိုလုပ်ရမလဲတဲ့၊
   
ဒါနဲ့ စာရေးသူလဲ မနက်တိုင်းဘုရားကို ရေတော်ကပ်ပါ၊ ဆွမ်းတော်ကပ်ပါ၊ အဲဒီလိုကပ်တာကို မှတ်ထားပါ၊ ငါးရက်ပြည့်ရင်“တပည့်တော်သည် ငါးရက်ပတ်လုံး မြတ်စွာဘုရားအား  ဆွမ်း၊ရေချမ်းတို့အား မပျက်မကွက် ဆက်ကပ်ခဲ့ပါသည်ဘုရား၊ ဤ သစ္စာစကားမှန်ကန်ပါက တပည့်တော်ရဲ့ အခက်အခဲများ ပြောလည်ပါရစေဘုရား”လို့ သစ္စာပြုဆုတောင်းပါ။
   
တစ်ခါ ငါးရက်အောင်မြင်သွားရင် ဆယ်ရက်၊ ဆယ်ရက်အောင်မြင်သွားရင် ၊ ဆယ့်ငါးရက်၊ ဆယ့်ငါးရက်အောင်မြင်သွားရင် တစ်လ၊ တဆင့်ခြင်းတက်ပြီး လုပ်ဆောင်သွားပါ၊ အခက်ခဲတွေပြေလည်သွားမှပါ”လို့ အကြံပေးခဲ့ဖူးပါတယ်၊
   
အကြံပေးပြီးတော့ စာရေးသူလဲ မေ့မေ့ပျောက်ပျောက်ပါပဲ၊ မန္တလေးပြန်ခဲ့ပြီး စာ လိုက်နေပါတယ်၊ နှစ်ကုန်လို့ စာမေးပွဲတွေအပြီး ဇာတိကိုပြန်အလာမှာ မအုန်းမြင့်တို့က အိမ်ပင့်ပြီး စာရေးသူကိုလှူစရာရှိတာ လှူဒါန်းပြီး သူတို့မိသားစု စာရေးသူပေးတဲ့နည်း အတိုင်း ဘုရားမှာဆွမ်းရေချမ်းပန်းကပ်ပြီး သစ္စာဆိုအလုပ်လုပ်တာ အောင်မြင်ကြောင်း လျှောက်ထားလာပါတယ်။ ။
   
ဒါကြောင့် စာဖတ်သူများလဲ ခုအချိန်မှာ ကံမကောင်းလို့ စိတ်ညစ်နေရင် ကံ ကောင်းသွားအောင် အလုပ်ကောင်းကောင်းတွေကို သစ္စာဆိုပြီးလုပ်ကြည့်ပါလို့ တိုက်တွန်းပါတယ်၊ ဒါဆိုရင် မကောင်းကံတွေပျောက်ပြီး ကောင်းကံတွေ အမြန် ရောက်လာပါလိမ့်မယ်။



 ရွှေမန်းသား

No comments:

Post a Comment