Saturday, July 2, 2011

ကိုယ်မင်းကို သိပ်ချစ်တယ် မိန်းကလေးရယ်

ဦးဇင်းတက်နေတဲ့ အင်္ဂလိဂ်စကားပြောသင်တန်းမှာ တစ်ယောက်ချင်း ရှေ့ထွက်မတ်တတ်ရပ်ပြီးတော့ မိုက်ကရိုဖုန်းနဲ့ စကားပြောရတယ်။ အခါတိုင်းနေ့တွေကတော့ ဆရာက `ဘယ်သူထွက်ပြီး ပြောပါ´ဆိုပြီး ပြောခိုင်းတယ်။ နှစ်ယောက်ပေါ့လေ အပြန်အလှန်ပြောရတယ်။

ဒီနေ့တော့ ခေါင်းစဉ်တစ်ခုချပေးတယ်။ တစ်ယောက်ထဲပြောရတယ်။ ဥပမာ-ကျွန်တော့်၏အဖေအကြောင်း ဆိုတာမျိုးပေါ့။

ဒီနေ့တော့ ဆရာက သူ့စိတ်ကြိုက်တစ်ယောက် ထွက်ပြီးပြောခိုင်းတယ်။ ပြီးတော့ ဆရာထွက်ပြောခိုင်းတဲ့သူက ပြောပြီးရင် သူစိတ်ကြိုက်တစ်ယောက်ကို ရွေးပြီးပြောခိုင်းတယ်။ အဲလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းခိုင်းသွားတာပေါ့လေ။

ဒါနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တစ်ယောက်အလှည့်ရောက်လာတယ်။ သူကဘုဂလန့်ရယ်။ အတန်းထဲမှာ ဘယ်သူမှ သူ့ကို စကားပြောမယ့်သူ ပေါင်းမဲ့သင်းမဲ့သူမရှိဘူး။ သူ့မျက်နှာက အမြဲတမ်း မှုန်ကုတ်နေပြီး သူ့နှုတ်ခမ်းတွေကလဲ ဆူလို့ပုတ်လို့..။ မျက်မှောင်ကလဲ တွေ့လိုက်တိုင်း ကုတ်ထားလျှက်ပဲ..။ ကောင်မလေးတွေကတော့ ပြောကြတယ် `ရုပ်ကလေးက ချစ်ဖို့ကောင်းရဲ့သားနဲ့ စတိုင်က မုန်းဖို့ကောင်းနေတာ´တဲ့..။

သူပြောရတဲ့ ခေါင်းစဉ်က `ကျွန်တော် အမြဲတမ်း ပြုံးနေပါသည်´တဲ့။ သူ့ကို ကောင်မလေးတစ်ယောက်က ပြောခိုင်းတာ။

သူကပြောပြီးသွားတော့ ဆရာက`မင်းကြိုက်တဲ့ တစ်ယောက်ကို မင်းကြိုက်တဲ့ ခေါင်းစဉ်နဲ့ ပြောခိုင်းလိုက်´ဆိုပြီး သူ့ကိုပြောတယ်။
အဲဒါသူက `ဟို..ဦးဇင်းထွက်ပြောပါ´ဆိုပြီး ကိုယ့်ကိုလက်ညှိုးထိုးခေါ်တယ်။ (တော်သေးတယ် အဲကောင် ကံကောင်းသွားတာ အတန်းထဲ အင်္ဂုလိမာလာမပါလို့)

ကိုယ့်မှာ ကြောင်ကြောင်တောင်တောင် ဖြစ်သွားတယ်။ ကိုယ့်ကိုခေါ်လိမ့်မယ်လို့ ထင်ကိုမထင်ထားဘူးလေ။ ကိုယ်နဲ့သူက အရာရာဆန့်ကျင်ဘက်လေ။

သူက ဆူပုတ်နေရင် ကိုယ်က ပြုံးလို့ဖြဲလို့ ရှိသမျှသွားအကုန်ပေါ်အောင် သူငယ်ချင်းတွေနဲ့ ဟာသပြောပြီးရယ်နေတယ်။ အရာရာဆန့်ကျင်ဘက်ပဲ။ သူနဲ့ကိုယ်က အကြည့်ချင်းတောင် ဆုံဘူးတာမဟုတ်ဘူး။ ခင်ဖို့ဆို ဝေးရော..။

ကြည့်ပါဥိး ပြီးတော့ သူပြောခိုင်းတဲ့ ခေါင်းစဉ်က ´ကိုယ်မင်းကို သိပ်ချစ်တယ် မိန်းကလေးရယ်´တဲ့။

ရင်ဘတ်ဖိပြီး ဘုရားတောင်တမိလိုက်ပါတယ်။ ဘုန်းကြီးကိုမှ ဒီခေါင်းစဉ်နဲ့ ပြောခိုင်းရတယ်လို့ မိုက်လိုက်တဲ့ ချာတိတ်.။ စာသင်ခန်းတစ်ခုလုံးလဲ လက်ခုပ်သံတွေက တဖြောင်းဖြောင်းနဲ့။ ကိုယ်မှာတော့ ထူလို့ပူလို့ ဒါနဲ့ရှက်ရှက်နဲ့ပဲ `ခေါင်းစဉ်ပြောင်းပေးလို့ရဘူးလား´ဆိုတော့ ကိုယ့်လူက ခေါင်းရမ်းပြတယ်ဆရာ။

မတတ်နိုင်ဘူးလေ၊ ရှက်ရှက်နဲ့ ထွက်ပြောရတော့တာပဲ။ အတန်းသားတွေက ဘာတွေဘယ်လိုပြောမလဲဆိုပြီး စိတ်ဝင်တစားနဲ့ ဦးဇင်းမျက်နှာကို သေချာကြည့်နေကြတယ်။ အဲဒီလိုဖြစ်နေတဲ့ သူတို့မျက်နှာကြီးတွေ ကြည့်ပြီး ကိုယ်ကရယ်ချလိုက်ပါရော..။ ကိုယ်ကရယ်လေ သူတို့ကရယ်လေနဲ့ ရယ်ပွဲကြီးကိုဖြစ်လို့..။

နောက်မှ ဆရာက `ပြောစရာရှိတာပြောပါ နောက်လူတွေ ကျန်သေးတယ်´ ဆိုတာနဲ့ ပြောပြီး ပြန်ဆင်းလာခဲ့တယ်။ တစ်သက်လုံးက အောင့်ထားသမျှတွေ အကုန်ပြောလိုက်တယ်လို့တော့ မထင်ကြပါနဲ့ သူပြောခိုင်းတဲ့အတိုင်း `ကိုယ်မင်းကို သိပ်ချစ်တယ် မိန်းကလေးရယ်´လို့ပဲ ပြောခဲ့လိုက်တာပါ။

အတန်းဆင်းတော့ ငနာက အနားလာပြီးပြောတယ် `ဦးဇင်းကို ခင်ချင်လို့ စတာပါ စိတ်မဆိုးနဲ့နော်´တဲ့။

ဘာပြောလို့ ရမှာတဲ့လဲ မဆိုးပါဘူးပေါ့..။

မိုးသု(မန္တလေး)

No comments:

Post a Comment