Tuesday, July 12, 2011

“ မိုးနှင့်ကောင်းကင်၏ ညီမျှခြင်း “

           လူရယ်လို့မွေးဖွားဖြစ်တည်လာပြီဆိုလျှင် အမိဟုဆိုသော အမေရှိရသလို၊ အဖဟုဆိုသော အဖေသည်လည်း ရှိရပေ၏။ သို့မှသာ လူသားတစ်ဦး ရှင်သန်ထမြောက်နိုင်သည်ကို လူသားတိုင်း သိရှိနားလည်ထားကြပြီးဖြစ်သည်။ ဤသို့အမိနှင့်အဖ တွဲထားပါလျက် အဘယ့်ကြောင့် အမိ၏ဂုဏ်ကိုသာ လေးလေးနက်နက် ပေါ်လွင်စေပြီး အဖ၏ဂုဏ်မှာ မှေးမှိန်နေရပါသနည်း။ တကယ်ဆိုလျှင် အဖကိုလည်း အမိနှင့်တန်းတူ ပေါ်လွင်စေသင့်သည်။ အမေက " မိုး" ဆိုလျှင် အဖေက " ကောင်းကင်"  ဖြစ်သင့်သည်။ အနောက်တိုင်းမှာအပ အရှေ့တိုင်းနိုင်ငံအများစုတွင် ကိုယ်ရေးရာဇ၀င်ကို မှတ်တမ်းပြုမည်ဆိုပါက အဖအမည်ကို အဓိကထားကြသည်။ ဘယ်သူ့သားနှင့်သမီးဟုဆိုရာတွင်လည်း အဖအမည်ကိုသာ ရှေ့တန်းတင်၍ ပြောတက်ကြသည်မှာ အရှေ့တိုင်းသားတို့တွင် နှုတ်ပင်ကျိုးနေကြပြီ။ ဤသို့အဖကိုရှေ့တန်းတင်ထားပါလျက်အမိဂုဏ်ကို ဖော်ကျူးသောကဗျာ စာပေနှင့်သီးချင်းမျိုးကသာ များနေကြသည်။
          “အမိအဖ” ဟုဆိုထားသောကြောင့်အမိနှင့်အဖသည်ခွဲ၍မရ၊ သားသမိးအပေါ်​​ဍ် တူညီသော မေတ္တာတို့ ရှိကြပါသည်။ အမိသည် ရင်သွေးအား “ ကိုးလလွယ်ဆယ်လဖွား “ ကာ အသက်နှင့်ရင်းပြီးမွေးဖွားသန့်စင်ပေးခဲ့ရသကဲ့သို့ အဖသည်လည်း လောကအန္တရာယ်မျိုးစုံကြားမှ ၀တ္တရားကျေပွန်အောင် သားသမီးများ၏ တာဝန်ကိုထမ်းခဲ့ရပေသည်။ အဖသည်သားသမီးတို့၏ ရှေ့ဆောင်လမ်းပြ။အဖသည်သားသမီး တို့အား စောင့်ရှောက်ရာ မဟာတံတိုင်းကြီး၊ အဖသည်သားသမီးတို့အတွက် အာဟာရဖြစ်တည်ရာ လယ်ယာမြေကောင်း၊အဖသည်သားသမီးတို့အတွက် အလှတန်ဆာဆင်ရာ အဖိုးတန်ရတနာ။ ဤသို့သောဆိုစကားတို့ကြောင့် အဖ၏တာဝန်သည် အမိထက်မပိုလျှင်သော် တန်းတူတော့ရှိလေသည်။
          သုံးလူ့ထွဋ်ထား မြတ်စွာ ဘုရားရှင်လက်ထက်တော်အခါကပင် ရာဇ ဂြိုလ်ပြည့်ရှင် ဗိမ္ဗိ သာရမင်းကြီး၏ရင်သွေးငယ် သားတော်အဇာတသတ်အား ပုဏ္ဏားတော်များက အဖသတ်မည့်သားဟု နိမိတ်ဖတ်ပါသော်လည်း ဖခင်ဟူသော အသိစိတ်လေးတစ်ခုကြောင့်ပင် မိမိ၏အသက်နှင့် ခန္ဓာတည်မြဲမှုအတွက် တွေဝေခြင်းမရှိဘဲ သားတော်လေးအား ယုယစွာ ပြုစုပျိုးထောင်ရင်း ကြီးပြင်းစေခဲ့သည်မှာ ဖခင်တို့က သားသမီး အပေါ်ထားသည့်မေတ္တာကို ဖော်ကျူးလိုက်သလိုပင် ဖြစ်လေသည်။
         မြန်မာသံစဉ် တေးသီးချင်းများနှင့် ဗွီဒီယို၊ရုပ်ရှင်ဇာတ်လမ်းများတွင် မိခင်၏ဂုဏ်ပုဒ်ကို ဖော်ကျူးသော သီချင်းစာသားများသာ ပေါများပြီး အဖ၏ဂုဏ်ကိုဖော်ကျူးသော သီးချင်းဇာတ်လမ်းများ ရှားပါလွန်းလှပါသည်။ (ယခုခေတ်ကာလမှာတော့ ခွဲခြားခြင်းမရှိကြတော့ပါ ) အဖသီးချင်းများ၊အဖဇာတ်လမ်းများသည် လည်း ဖခင်တို့၏ဂုဏ်ပုဒ်ကို ပေါ်လွင်စေခဲ့ပါသည်။ ဆိုချင်သည်ကတော့ အမိနှင့်အဖကို ခွဲခြားခြင်းမပြုဘဲ တန်းတူကျေးဇူးတရား သိတက်စေရန်သာ ဖြစ်သည်။
        အချို့ဖခင်တို့သည် မိခင်ကဲ့သို့ပင် မိမိတို့မကောင်းသော်လည်း သားသမီးများအား ကောင်းစေချင်ကြသည်။” ဘယ်မိဘမဆို သားသမီးကောင်းစားတာကိုပဲ မြင်ချင်သည် “ ဟူသောဆိုစကားအရ မိဘသည် သားသမီးတို့အား ကောင်းစေလိုသည့် မေတ္တာထားခြင်းမှာ ထပ်တူထပ်မျှပင် ဖြစ်ကြပေသည်။
အိမ်ထောင်သည် အမျိုးသားတစ်ချို့သည် အငယ်အနှောင်းထားတတ်ကြသည့်မထင်မှတ်သော စရိုက်တစ်ခုကြောင့် သားသမီးနှင့်
ဖခင်ဆိုသည့် ဂုဏ်ပုဒ်ကိုချိတ်မိနေခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
                တကယ်ဆိုလျှင်ဖခင်ဟူသောဝေါဟာရနှင့်မည်သို့မျှ မသက်ဆိုင်ပါ။ ဖခင်ဆိုသောသူမှာ ယောက်ျားတစ်ဦးဖြစ်ခြင်းကြောင့်
ထိုစရိုက်နှင့်ရောနှော၍ ယောက်ျားဆိုသော ဝေါဟာရနှင့်ဖခင်ဆိုသော ဝေါဟာရကို ယှဉ်တွဲ၍ မထားသင့်ပေ။အဓိပ္ပာယ်ချင်း  အလွန်း
အမင်းကွာခြားလွန်းလှသည်။''ဘယ်ယောက်ျားမှမကောင်းဘူး"ဟုသုံးနှုန်းတတ်ကြသော်လည်း "ဘယ်ဖခင်မှ မကောင်းဘူး"ဟု သုံး
စွဲခြင်းမရှိပေ။သားသမီးရှိသောဖခင်တိုင်းတွင် ၎င်းတို့ သားသမီးအပေါ်ထားရှိသည့်အကြင်နာတရားမှာ မိခင်များကဲ့သို့ ပင်ရှိကြပါသည်။
               မိခင်သည်ရင်သွေးငယ်အား နို့ ချိုတိုက်ကျွေးနိုင်ရန် အားအင်အတွက် အာဟာရလိုအပ်ပေသည်။ထိုအာဟာရကို ဖခင်ကသာ
ရှာပေးရသည်။လူမမယ်ကလေးငယ်တို့ အားကျန်းမာရေးကောင်းမွန်စေရန်မှာ မိခင်၏ကျန်းမာရေးကောင်းဖို့ လည်းလိုအပ်ပေသည်။
ထိုမိခင်၏ကျန်းမာရေးကိုဂရုစိုက်ပေးသည့်သူမှာဖခင်သာဖြစ်သည်။"ယောက်ျားဖောင်စီး၊မိန်းမမီးနေ"ဟူသော ဆိုစကားအရမီးတွင်းထဲတွင်
ရှိနေသောမိခင်သည် အသက်အန္တရာယ်နီးသည်ဟုဆိုပါလျှင်ဇနီးသည်မှ ရင်သွေးငယ်အားကျန်းမာရေးကောင်းမွန်ပြီး    ချောမွေ့ စွာမွေးဖွား
ပေးနိုင်ရန်နှင့်ဆင့်ကဲကျန်းမာသန်စွမ်းစွာကြီးပြင်းနိုင်ရန် ပြင်ပလောကတွင်စီးပွားရှာဖွေပေးရရှာသော ဖခင်မှာလည်းအမိထက်ပင်သာလွန်
သည့်အန္တရာယ်များကိုရင်ဆိုင်ရမည် မဟုတ်ပါလော။
              ဤသို့ သောအကြောင်းတရားများကြောင့်မိခင်နှင့်ဖခင်တို့ သည်မိမိတို့ ၏ရင်သွေးများအပေါ်ထားရှိသည့်   မေတ္တာမှာ တစ်ထပ်
တည်းကျလေရာ"မိဘမေတ္တာ"ဟူသော ဆိုစကားထင်ရှားလာပေ၏။
              ယောက်ျား၊မိန်းမဟူသော အသုံးအနှုန်းမှာ သတ်မှတ်ချက်တစ်ခုသာဖြစ်ပြီးခြုံငုံကြည့်ပါက လူသားများသာဖြစ်ကြသည်။လူတို့ 
သည်ပုထုဇဉ်များဖြစ်သည့်အလျောက်ကောင်းခြင်း/ဆိုးခြင်းဒွန်တွဲနေ မည်မှာမလွဲပေ။ထို့ ကြောင့်ကောင်းသောယောက်ျား/မိန်းမ၊ မကောင်း
သောယောက်ျား/မိန်းမမှ စ၍ကောင်းသောမိဘ၊မကောင်းသောမိဘဟူ၍ ဖြစ်လာမည်မှာမလွဲပေ။သို့ သော်မိဘဟု အဆိုခံလိုက်ရသည်နှင့်
အခြားအကြောင်းအရာများတွင်သာ မကောင်းတာရှိကောင်းရှိမည်။မိမိတို့ ၏သားသမီးအပေါ်တွင်မှာတာ့ ဘယ်လိုအကြောင်းကြောင့်မဆို
ကောင်းတတ်ကြသလို ကောင်းအောင်လည်းနေတတ်ကြ၏။မကောင်းသောမိဘဟုဆိုရာတွင်လည်း "တစ်"ရာခိုင်နှုန်းလောက်သာရှားပါး
ပေလိမ့်မည်။မကောင်းသော မိဘဟု ခံယူလိုက်ရသောပုဂ္ဂိုလ်မှာ လူမဆန်လေသောသူသာ ဖြစ်ပေလိမ့်မည်။အသိဥာဏ်ပညာရှိသော
လူပင်မဆိုလေနှင့်၊အသိဥာဏ်ပညာကင်းမဲ့လှသော တိရစ္ဆာန်များပင်လျှင်မိဘနှင့်သားသမီးဟူသောအသိစိတ်ရှိတတ်ကြသည်ကို မျက်
ဝါးထင်ထင်မြင်ခဲ့ဖူးသည်။
              ၁၉၈၄ ခုနှစ်ကာလအတွင်းဆောက်လုပ်ရေးယန္တရားပုသိမ်-မုံရွာကားလမ်းစီမံကိန်းအတွက် လမ်းခင်းကျောက်ရှာဖွေပေးရ
သောကျောက်ရှာဖွေရေးအဖွဲ့ သည်ရိုးမအတွင်းကျောက်ကျောရှာဖွေနေစဉ် လှပသောရေအိုင်ကြီးတစ်ခုအတွင်းမှ တောသဘာဝအတိုင်း
လွတ်လပ်စွာ နေထိုင်နေကြသောမျောက်ရွာဟုဆိုလောက်သည့်မျောက်မိသားစုကြီးကို မှတ်တမ်းတင်ဗွီဒီယိုရိုက်ကူးခဲ့သည်မှ ကြည့်ခဲ့ရ
သည်မှာ မျောက်ကလေးတစ်ကောင်ရေထဲပြုတ်ကျသွားသည်ကိုမျောက်ကြီးကအသည်းအသန်ဆင်း၍ ဆယ်လေ၏။မျောက်ကလေးကို
ရသည်နှင့်ကမ်းပေါ်သို့ ချီတင်လာပြီးလျှင်ခေတ္တမျှပြုစု ၍  သန်းရှာနေရာမှ ထလာကာရပ်ကြည့်နေသောမျောက်မကြီးအားတုတ်တစ်ချောင်း
ရှာ၍ ရိုက်လေတော့သည်။သဘောမှာ သားသမီးကိုဂရုမစိုက်ကောင်းလားဟူသောအဓိပ္ပါယ်သက်ရောက်နေပေသည်။ဤကဲ့သို့သောလူလောက် အသိ
ဥာဏ်မရှိသောအဟိတ်တိရိစ္ဆာန်ပင်လျှင်သားသမီးကိုဂရုတစိုက်ချစ်ခင်တတ်ပါလျှင် အသိဥာဏ်ပြည့်ဝသော လူဆိုပါကပြောစရာမရှိအောင်ချစ်ပေလိမ့်
မည်။
             မြန်မာဒဏ္ဍရီတစ်ခုတွင် အဟိတ်တိရိစ္ဆာန်ဖြစ်သော ခြသေ့င်္မင်း၏ ရင်သွေးလူသားမှာ ခြင်္သေ့မင်းအားထား၍ လူတို့ ရှိရာအရပ်
သို့ ထွက်ခွာသွားရာတွင်ဖခင်ဖြစ်သူ ခြင်္သေ့မင်းမှာ ရင်ကွဲနာကျပြီး သေဆုံးခဲ့ရပါသည်။အဟိတ် တိရိစ္ဆာန်သော်မှ မိမိနှင့်ပုံသဏ္ဍန်ကွဲပြား
သောရင်သွေးကို အသက်ဆုံးရှုံးရသည်အထိမေတ္တာ တရားကြီးမားလေရာ အသိဥာဏ်ပညာရှိကြသောလူသားမိဘတို့ ဆိုလျှင်မည်မျှ
လောက်မေတ္တာတရားကြီးမားမည်ကို တွေးဆသိနိုင်ပေသည်။
            ကျွန်ုပ်တို့ ၏သုံးလူ့ ထွဋ်ထား ဗုဒ္ဓရှင်တော်မြတ်ဘုရားသည်လည်းမိခင်ဖြစ်ခဲ့ဖူးသော မယ်တော်မိနတ်သားအားတရားနှင့်ကျေး
ဇူးဆပ်ခဲ့သလို ဖခင်သုဒ္ဓေါ့ဓနမင်းကြီးအားလည်း တရားနှင့်ပင် ကျေးဇူးတော်များကို ကုန်စင်အောင် ဆပ်ခဲ့လေသည်။ထို့ ကြောင့်မြတ်စွာ
ဘုရားရှင်ပင်လျှင် အမိနှင့်အဖအား ခွဲခြားခြင်းမပြုဘဲ ကျေးဇူးတော်များဆပ်ခဲ့သည်ဖြစ်ရာ ကျွန်ုပ်တို့ သည်လည်း အမိမှသာ၊အဖမှသာ တွယ်တာ စရာဟု
အယူမမှားစေဘဲ သတိတရားများထား၍ မိဘနှစ်ပါးစလုံးအပေါ် တူညီစွာ သောကျေးဇူးတော်များထားရှိသင့်ပါကြောင်း ----------------။

မဟာကျော်

No comments:

Post a Comment