Saturday, July 2, 2011

ခံစားတတ်သွားတဲ့ အထီးကျန်ခြင်း ဝေဒနာ...


တစ်ချိန်က ငါဟာ ငါ့တိုင်းပြည်မှာ ငါသာလျှင် ဘုရင်မ ငါသာလျှင် တိုင်းသူပြည်သားပေါ့..။ ငါ့ကမ္ဘာမှာ ငါတစ်ယောက်ထဲရှိခဲ့တာကို.....။ ငါ့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့  ကိုယ့်ဘာသာကိုယ် ကျေနပ်နေမိခဲ့လို့ ငါ့ရဲ့ ကမ္ဘာလေးက အမြဲတမ်းသာယာစိုပြေနေတယ်လို့ ထင်နေမိခဲ့တယ်..။
ခါးသက်သက် ကော်ဖီတစ်ခွက်ကို အရသာခံသောက်သုံးရင်း သက်မဲ့တွေနဲ့  စကားပြောနေတတ်တဲ့ ငါ့တစ်ယောက်ထဲ ကမ္ဘာလေးက အေးချမ်းလိုက်တာ....။
                     ကံကပဲ ကောင်းတာလား ကံကပဲ ဆိုးတာလား ငါ့ရဲ့  သက်မဲ့ ကမ္ဘာလေးထဲကို  အမည်နာမ အစစ်အမှန်တောင် ငါသေချာမသိခဲ့တဲ့ နင်ဆိုတဲ့ သူငယ်ချင်းရောက်လာချိန်မှာတော့ ငါ့ရဲ့ ကမ္ဘာက ပြောင်းလဲသွားခဲ့သလိုပါပဲ..။ ရင်းနှီးနွေးထွေးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့  ခံစားချက်တွေကို ငါ ဘယ်တုန်းကမှ မသိခဲ့ဘူး..။နင်နဲ့  မတွေ့ ခင်အချိန်ထိပေါ့..။
                 နင်နဲ့  တွေ့ ပြီးတဲ့နောက်မှာတော့ ငါ့ရဲ့  ထုံပေပေ စိတ်ဓာတ်တစ်ချို့  ပြောင်းပြန်ဖြစ်ကုန်တယ်လေ....။ နင်နဲ့ ငါ ဆုံတွေ့ နေကြ Gtalk ထဲက အချိန်တွေက ငါ့အတွက် ပိုလို့ သက်ဝင်လှုပ်ရှားလာသလိုပါပဲ..။ ပွင့်အန်ကျလာတဲ့ နင့်ရဲ့  ရင်ဖွင့်သံတစ်ချို့ ကို ဂရုတစ်စိုက်နားထောင်ပေးရင်း ငါ့ရင်ထဲက ညစ်ညူးမှုတစ်ချို့ ကိုလဲ မရဲတရဲ ဖွင့်ချခဲ့မိတယ်...။ ကြာလာတော့ နင်နဲ့ ငါက ခံစားချက်တွေ ဖလှယ်လို့  တစ်ယောက်ကိုတစ်ယောက် အားမနာတမ်း ပြောဆိုရဲလာခဲ့တယ်..။ မရှက်တမ်းဝန်ခံရဲ လာခဲ့တယ်နော်..။ တစ်ယောက်ကို တစ်ယောက်လဲ အပြန်အလှန်ဖေးမခဲ့ကြရင်း ရင်းနှီးမှုလေးတွေက ထပ်တူကျလာတယ်..။ နင်နဲ့  Gtalk ထဲမှာ ဆုံနေတဲ့ အချိန်တွေကို ငါ ပျော်တတ်လာတယ်..။ အရင်က ငြိမ်ကုတ်စွာနေတတ်တဲ့ငါ... ရဲဝံ့ခြင်းဆိုတဲ့ သတ္တိတစ်ချို့  ပိုင်ဆိုင်လာတာ နင့်ကြောင့်ပေါ့ သူငယ်ချင်းရယ်..။
               ပျော်ရွှင်ခြင်းဆိုတာ ငါနဲ့  မထိုက်တန်တဲ့ အရာလားဆိုတာ ငါ အသေအချာ မတွေးတတ်ခဲ့ပေမဲ့ ငါ ကြာရှည်စွာ ပိုင်ဆိုင်ခွင့်မရတော့ဘူးလို့  တွေးမိလိုက်တာက နင့်အမူအရာ တစ်ချို့  ပြောင်းလဲလာတဲ့ အချိန်တွေကတည်းကပေါ့..။ နင့်ရဲ့  မူမမှန်တဲ့ စကားလုံးတစ်ချို့ တွေကြောင့် နင် ငါ့အနီးကနေထွက်သွားတော့မယ်ဆိုတာ နင်မပြောပဲ ငါတွေးမိလိုက်တယ်..။ ထွက်သွားတော့မဲ့ နင့်ကို ငါ မတားခဲ့ပါဘူး..။ နင့် ပျော်ရွှင်ရာလမ်းကို နင်ရွေးပါ..။
                ဒါပေမဲ့ ခဲလုံးအကျခံထားရတဲ့ ကန်ရေပြင်လိုပဲ ငါ့ရဲ့  ကမ္ဘာလေး ဝဲကယက်တွေနဲ့  ကျန်ခဲ့တယ်လေ..။တစ်ချိန်က တစ်ယောက်ထဲ ရှိတဲ့ ကမ္ဘာလေး အေးချမ်းနေပေမဲ့ ခုတော့ ငါတစ်ကြိမ် တစ်ခါမှ မခံစားခဲ့ဖူးတဲ့ အဲ့ဒီဝေဒနာတွေ လောကထဲ ရှိတယ်ဆိုတာတောင် မသိခဲ့တဲ့ အထီးကျန်ခြင်းဆိုတဲ့ ကပ်ဆိုးက ဆိုက်ကပ်လာသလို ခံစားမှုတွေနဲ့  လှိုင်းထနေလေရဲ့ ..။ နင်လက်ဆောင် အဖြစ်ထားပေးခဲ့တဲ့ အလွမ်းတစ်ခုကို ယုယုယယ ကိုင်တွယ်နေရင်း နင့်ရဲ့  အငွေ့ အသက်တွေနဲ့  ရှင်သန်နေဖို့  ငါ ဒီတိုင်းလေး သိမ်းထားလိုက်မယ်နော်..။
                  လေလှိုင်းကြားက ခင်တွယ်ခဲ့တဲ့ ငါတို့ နှစ်ယောက်ရဲ့  ခင်မင်မှု လေလှိုင်းထဲမှာပဲ ပျောက်ဆုံးသွားရမှာလား..။ငါတို့  ပြောဆိုခဲ့တဲ့ စကားလုံးတွေက လေဟုန်စီးနေတဲ့ လေလုံးတွေလား..။ လေထဲက အလွမ်းတစ်ခုကို လေစုန်ထဲကိုပဲ ငါ ဝဲပျံစေလိုက်ရတော့မှာလား..။
               နင်နဲ့  ငါနဲ့ ခင်မင်မှုက အဖြူရောင်ပါ..။ အဲ့ဒီအဖြူရောင်တွေကို ရစ်ပတ်ခဲ့တဲ့ ငါ့ရဲ့  အဖြူရောင် သံယောဇဉ်ကြိုးက ဘယ်လောက်ထုထည်ကြီးမားပြီး တစ်ရစ်ပြီးတစ်ရစ် ရစ်ပတ်ခဲ့လဲဆိုတာ နင်မသိနိုင်ခဲ့တာလား မသိချင်ယောင် ဆောင်ခဲ့တာလား ငါ မတွေးတတ်ခဲ့တာ အမှန်ပါ သူငယ်ချင်းရယ်....။

သေချာတာ တစ်ခုကတော့ အစိမ်းမှသည် မီးခိုးရောင်ပြောင်လဲသွားတဲ့ ၊ တစ်ချိန်က ငါ အရမ်းရင်းနှီးခဲ့တဲ့ ၊ ငါတို့  နေ့ စဉ် အတူဆုံခဲ့ကြတဲ့ နာမည်လေးတစ်ခုကို မမှိတ်မသုန် ညစဉ်စိုက်ကြည့်နေရင်း နင် ပြန်လာမဲ့ အချိန်တွေကို စောင့်နေမိတယ်..။

နင်ပြန်လာမှာပါနော်။  ...........

  မေသဇင် 



No comments:

Post a Comment