Sunday, July 31, 2011

ဘိုးတော်နှင့် ဘိုးဘိုးအောင်

        ညောင်ရမ်းမင်းသားလေး ကိစ္စ၌ ဘိုးဘိုးအောင်သည် ဇာတ်ဆောင်ကြီးဖြစ်၏။ အဘယ့်ကြောင့် ပါဝင်ခဲ့ရသနည်း။ အတ္တသာသနာ၊ တန်ခိုးသာသနာအတွက် သာသနဒါယကာ မွေးထုတ်ကြခြင်းပင် ဖြစ်သည်။ တန်ခိုးရှင် ..မဟာယာန + အရည်းကြီး..တို့သည် ပုဂံခေတ်တွင် တပ်လန်ပြိုကွဲခဲ့ရာမှ အခဲမကျေဖြစ်ကာ အခွင့်ကို ချောင်းနေခဲ့ကြသည်။        
        ကုန်းဘောင်ခေတ်တွင် ဘိုးတော်သည် အနော်ရထာပင်ဖြစ်၍ မဟာယာန ကိုယ်စားလှယ် ဘိုးဘိုးအောင်သည် တဘောင်သံ အလျင်လွှတ်၍ ထွက်ပေါ်ခဲ့သည်။
        အယူတော် မင်္ဂလာ လျှောက်ထုံး၌ ပါရှိသော ဘိုးဘိုးအောင် မြှုပ်ကွက်ကို အကျဉ်းချုပ် ဖော်ပြပါအံ့။
        တစ်နေ့သောအခါ အမရပူရ နန်းတော်၌ ပြည်မြို့ပထမံဆရာကြီး ဦးရွှေအောင် (ဘိုးဘိုးအောင်) သည် မိတ်ဆွေဖြစ်သူ ဘိုးတော် ဦးဝိုင်းအား အိပ်မက်ပေးသည်။ အိပ်မက်တွင် ဘိုးဘိုးအောင်သည် ၀ိဇ္ဇာမဟိဒ္ဓိ ဆေးရုပ်ရှင် နှစ်လုံးကို ယူဆောင်၍ တစ်လုံးကို အိမ်ရှေ့မင်းနှင့် တစ်လုံးကို ပြည်မင်းထံ သွားရောက် ဆက်သပုံ။
        အိမ်ရှေ့မင်းက မိမိရသော ဆေးရုပ်ရှင်ကို သားတော် စစ်ကိုင်းမင်းထံ၊ ပြည်မင်းက သမီးတော် ဆင်ဖြူမယ်ထံ အသီးသီး တပ်ဝင်းခင်း၍ ပို့ဆောင်ကြပုံ။
        တပ်နှစ်ခုဆုံရာ တပ်တော်ဦး၌ ဘိုးဘိုးအောင်သည် ၀တ်ဖြူစင်ကြယ်နှင့် ရုတ်တရက် ပေါ်လာပြီး ဆေးရုပ်ရှင်ကို ကိုင်လိုက်ရာ တစ်လုံးက မင်းသားလေး ဖြစ်သွား၍ တစ်လုံးက နတ်မြင်းဖြစ်သွားပုံ။
        နောက် ဘိုးဘိုးအောင် ကွယ်ပျောက်သွားကာ အနောက်ဆောင်၌ မီးလောင်ပုံကို မြင်မက်ရာ အယူတော်မင်္ဂလာ မောင်နိုးအား အိပ်မက် အဓိပ္ပာယ်ကို မေးတော်မူရသည်။ မောင်နိုးကား ကောဏ္ဍညပုဏ္ဏားမျိုး ၀င်စားသူဟုဆို၏။ မြန်မာ့ယုတ္တိဗေဒပညာပါရဂူပင်တည်း။
        ထို့နောက် အယူတော်မင်္ဂလာ မောင်နိုး လျှောက်တင်သည့်အတိုင်း အတိတ်ကြီး နိမိတ်ကြီးများပေါ်ကာ အလွန်ရုပ်လက္ခဏာ ထူးခြားသော ညောင်ရမ်းမြို့စား မင်းသား (စကြာမင်းလေး) ကို ဖွားမြင်လေ၏။ လက်ဝါးများတွင် ..ခရုပတ်.. နှင့် ..မှဲ့ရှင်.. များ ထူးခြားထင်ရှားစွာ တွေ့ရသည်။ အချင်းစလွယ်သိုင်း၏။ ခုနစ်ရက်ရလျှင် မယ်တော် ကွယ်လွန်ရသည်။ ဖွားဖက်တော် ခုနစ်ဦးလည်း ပေါ်သည်။ ၂၇ နှစ်အရွယ်၌ ကွပ်မျက်ခံရသည်။ မွေးဖွားစဉ်ကကဲ့သို့ပင် ..ငလျင် တော်လည်းခြင်း.. စသော တစ်နိုင်းငံလုံး ကြောက်မက်ဖွယ် ထူးထူးခြားခြား နိမိတ်ကြီး အတိတ်ကြီးများ ဖြစ်ပြန်၏။
        ခြုံ၍ဆိုရသော် ညောင်ရမ်းမင်းသားလေးကား လွန်စွာ ထူးခြားခဲ့ပေသည်။ ယင်းသို့ ဘုန်းကံ ကြီးမားသည်ကို သိမြင်ကြ၍ တန်ခိုးရှင်တို့ အရယူလိုက်ခြင်းလော။ သူတို့သည်ပင်လျှင် ဖန်တီးလိုက်သော သန္ဓေသားလော။ မပြောနိုင်။ မယုံနိုင်လောက်အောင် ဆန်းကြယ်မှုကား ဖြစ်ခဲ့၏။
        ထို့ကြောင့် ..ဗုဒ္ဓရာဇာစကြာမင်း.. ဟူသည်ကို ..ညောင်ရမ်းမင်းသားလေး.. ဟု အသည်းစွဲ မျှော်နေကြခြင်း ဖြစ်သည်။
        တန်ခိုးရှင်တို့ကလည်း တန်ခိုးသာသနာ ပြုရန် အလွန်ခြေသွက်ခဲ့ကြ၏။ ယခုလည်း ခြေသွက်ဆဲ။ ဖဆပလ နှစ်ခြမ်းကွဲတွင် အမတ်လုကြသကဲ့သို့ သူတို့တွင် အလုပ်များနေကြ၏။ အစိုးရမဖွဲ့နိုင်သည့်တိုင်အောင် အမတ်အရေအတွက် များများရရန်လိုသည်။ နှစ်ပါးသီလမျှဖြင့်လည်း သာသနာပြုလက်မှတ် ထုတ်ပေးနေကြသည်။ စည်းရုံးနေကြသည်။ မဟာဂန္ဓာရီပေါ်လျှင် စူဋ္ဌဂန္ဓာရီပျောက်၍ အနတ္တသာသနာတွင် ခိုလှုံနိုင်ခွင့်ရှိသည်ကိုမူ မေ့နေကြ၏။

ဘိုးဘိုးအောင်၏ တောတွင်းက စီမံကိန်း

        ကုန်းဘောင်ရာဇ၀င်ကို ခါးကဖြတ်၍ ..အတ္တသာသနာ.. ပြုရန် အကြံကြီးခဲ့သူ ဘိုးဘိုးအောင်တို့သည် သာသနာဘုန်းကံကြောင့် တပ်လန်ပြီး ပြေးခဲ့ရသော်လည်း မလျှော့သေး။ ဘုန်းစ ကံစ ရှိသူများကို မြင်နေသူပီပီ အာဇာနည်ဖြစ်နိုင်သည့် ကလေးငယ်များကို ယခုခေတ် တိုင်အောင်ပင် ၀ိဇ္ဇာတို့တန်ခိုးဖြင့် ခိုးယူမွေးမြူနေကြပြန်သည်။
        ၁၉၃၆ ခုနစ် ဧပြီလထုတ် သူရိယမဂ္ဂဇင်းတွင် ရန်အောင်ဆိုသူက ဆောင်းပါး တစ်ပုဒ် ရေးခဲ့ဖူးသည်။ အကျဉ်းချုပ်မှာ…….
        ဆင်ပေါင်ဝဲမြို့၌ ကိုဘိုးစိန်နှင့် မငွေအုန်းတို့၏ မွေးကင်းစ ကလေးကို ၀တ်ဖြူစင်ကြယ်နှင့် လူတစ်ယောက်က ခိုးယူပျောက်ကွယ်သွား၏။ မမွေးမီကလည်း ..ငါလာယူမယ်.. ဟု အိပ်မက်ပေးထားနှင့်သည်။ ၁၅ နှစ်ကြာလျှင် မိဘများအား ပြည်မြို့အနောက်ဘက် မိုးဦးတောင်သို့ လိုက်ခဲ့ရန် လူကြုံဖြင့် မှာလိုက်၏။ လိုက်သွားကြသောအခါ တောင်ပေါ်၌ မိမိတို့၏သားငယ်ကို မင်းညီမင်းသား ၀တ်စုံဖြင့် မြင်းဖြူကြီး စီးနေသည်ကို တွေ့ခဲ့ရသည်ဆို၏။ ဖိုးဦးတောင်ကား ဘိုးဘိုးအောင်၏ နနးစိုက်ရာတည်း။
        တစ်ဖန် ထိုနှစ် သြဂုတ်လထုတ် ယင်းမဂ္ဂဇင်း၌ပင် ဗန္ဓရသိန်းဆိုသူက ရေးပြန်၏။ ဖိုးဦးတောင်ခြေ ရွာသာယာရွာ (ရသယာရွာ) မှ ကိုတင်-မရွှေကျင်တို့ကလည်း မွေးစကလေးများ နှစ်ကြိမ်တိုင်တိုင်ပင် ပျောက်ခဲ့ဖူးသည်ဆို၏။ ၁၂၅၇ ခုနစ် တစ်ကြိမ်၊ ၁၂၆၀ ပြည့်နှစ် တစ်ကြိမ်၊ ရှေးနည်း အတိုင်းပင် မိဘများအား အလွမ်းပြေ ခေါ်ပြသဖြင့် သွားရောက်ကြည့်ရှုကြရာ စာရေးသူကိုယ်တိုင် လိုက်ပါသွားခဲ့သည်။ သားငယ်နှစ်ဦးစလုံး မြင်းဖြူကြီးစီးပြီး မင်းညီမင်းသားကဲ့သို့ ဆော့ကစားနေကြသည်ကို တွေ့ခဲ့ရသည်ဟု ဆိုပြန်သည်။ ထိုကိစ္စကို အစိုးရကိုယ်တိုင်ကပင် အရေးယူခဲ့ဖူး၏။
        ယုံကြည်နိုင်လောက်သော အခြေခံ မရှိသူတို့က ရူးသည်ဟုပင် ဆိုကောင်းဆိုကြမည်။ ..စကားများကျွန်း.. စသည့် ရွာများမှလည်း ကလေးများ ယင်းသို့ပင် ထူးထူးဆန်းဆန်း အခိုးခံနေကြရသည်။
        ညောင်ရမ်းမင်းသားလေးကမှစ၍ ယနေ့ကျအောင်ပင် ဘိုးဘိုးအောင်တို့ ခြေပုန်းခုတ် နေကြသည်မှာတော့ အမှန်ပင်။ အဘယ်ရည်ရွယ်ချက်ဖြင့် ဤသို့ ကြိုးစားပမ်းစားလုပ်နေသနည်း။ ရှင်းပါ၏။
        သာသနာပြုမည့် အာဇာနည် ပုဂ္ဂိုလ်ထူးတစ်ဦး မုချလာလိမ့်မည်။ ဒါကို သူတို့မြင်ကြ၏။ ထိုပုဂ္ဂိုလ်ကို အတ္တသာသနာတန်ခိုး သာသနာပြု ၀ိဇ္ဇာဂိုဏ်းဝင်ထဲမှ ဖြစ်ပေါ်စေချင်၏။ ယနေ့လည်း ကမ္မဋ္ဌာန်းလောကသို့ ၀င်ရောက် ထိုးဖောက်နေသည်။ တောတွင်းတစ်နေရာမှ စီမံကိန်းကြီးတစ်ရပ်ကား ကြီးကျယ်လှပေ၏။
        သင်္ကန်းဝတ် မင်းတြားကြီးများ
        ယနေ့ ဂိုဏ်းဆရာတို့လောက၌ အချို့သင်္ကန်းဝတ်များပင် ရာဇပလ္လင်.. ကနက္ကဒဏ် ရွှေထီး စသော မင်းခမ်းမင်းနားတို့ဖြင့် မင်းစည်းစိမ်ကြီးနေကြသည်ကို စာရှုသူတို့ မြင်ဖူးကြပါလိမ့်မည်။ သာသနာတော်၏ အဆောင်အယောင်များမဟုတ်။ လှူသူရှိ၍ သုံးစွဲနေကြခြင်းမဟုတ်။ ဗုဒ္ဓရာဇာ စကြာဓာတ် ဆင်နေကြခြင်းပင်တည်း။
        သူတို့ကိုယ်သူတို့လည်း သာသနာပြုနေသည်ဟု ထင်နေရှာကြ၏။
        မမြင်ရသော တောထဲက တန်ခိုးရှင်တို့ကလည်း ဤသို့ပင် ထင်နေရှာကြ၏။
        တန်ခိုးကြီးရာကြီးရာ အဆင့်ဆင့်ခိုင်းသည့်အတိုင်း လုပ်နေကြရသည်။
        ဘာမျှ မသိရှာကြ။
        ထိုဘာမျှ မသိရှာကြသော ပုဂ္ဂိုလ်များကိုပင် မသေချာသော လောကီကျိုး မျှော်ကိုးလွန်းသူ အချို့က ဘာမျှမပြောပလောက်သော ပဉ္စလက် မျက်လှည့်တန်ခိုး အထူးအဆန်းကလေးများကို မြင်ကြရသဖြင့် တန်ဖိုးမဖြတ်နိုင်သော ဘ၀ကြီးကို ရနေပါလျက် မဟာယာန ကိုယ်စားလှယ်တို့၏ ခြေတော်အစုံ၌ ခိုလှုံမိမှားကြရှာလေ၏။
        စကြာမင်းဟုခေါ်သော ပုဂ္ဂိုလ်ထူးတစ်ပါး အမှန်ဖြစ်ပေါ်လာမည်ကို တိတိကျကျ ပိုင်ပိုင်နိုင်နိုင် မသိကြောင်းထင်ရှားနေပေသည်။
        မည်သို့ဖြစ်စေ မြန်မာပြည်တွင် စကြာကိန်းကြောင့် မယူတိမ်းနေကြသူတွေ များလှချေ၏။ ရှင်ပိလိန္ဒ၀စ္ဆကဲ့သို့ စစ်မှန်မြင့်မြတ်သော လမ်းစဉ်သို့ သက်ဝင်နိုင်ကြပါစေခလို။

ကမ္ဘာကို ချုပ်ကိုင်မည့်သူ…  (ရေးသူ == ဌေးလှိုင်) စာအုပ်မှ ထုတ်နှုတ်ပြီး ရိုက်ကူးမျှဝေပါသည်။
မေတ္တာဖြင့်
ခိုင်ခိုင်

No comments:

Post a Comment