ရာဇဂြိုလ်မြို့သည် ဂယာမြို့မှနေ၍ ကားလမ်းခရီးအားဖြင့် ၇၀ ကီလိုမီတာခန့် ကွာဝေးပါသည်။ စာရေးသူတို့ ဘုရားဖူးအဖွဲ့သည် ရာဇဂြိုလ် မြန်မာကျောင်းသို့ ၂၀၀၈ ခုနစ်၊ ဖေဖော်ဝါရီလဆန်းတွင် ရောက်ရှိကြပါသည်။
ဘီဟာပြည်နယ် ပတ္တနား (ဂေါတမဘုရားရှင် လက်ထက်က ပါဋလိပုတ်) မှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ရာဇဂဟ (သို့မဟုတ်) ရာဇဂြိုလ်မြို့သည် မဂဓတိုင်း၏ အမြတ်ဆုံးမြို့ ဖြစ်ခဲ့သည်။ ဗိမ္ဗိသာရမင်းနှင့် အဇာတသတ်မင်းတို့ နေထိုင်ခဲ့ရာ နှစ်ထပ်နန်းတော်ရှိသော မင်းနေပြည်လည်း ဖြစ်သည်။
အဇာတသတ်ဘုရင် ရာဇဂြိုလ်မြို့တွင် စံမြန်းတော်မူစဉ် ..မီးကို ရိုသေကြရန်နှင့် အကယ်၍ မိမိကြောင့် မီးလောင်ပျက်စီးသော် မြို့ပြင်ထွက်ရမည်.. ဟူ၍ စည်းကမ်းချက် ထုတ်ပြန်ထားခဲ့သည်။
တစ်ခါသော် မင်းကြီး၏ နန်းတော်မှ စတင်မီးစွဲလောင်ခဲ့ရာ ဘုရင်ကိုယ်တိုင် မြို့ပြင်၌ နန်းသစ်ဆောက် နန်းစံခဲ့ကြောင်း သိရှိရပါသည်။ တောင်ငါးလုံးအပြင်ဘက်တွင် ဖြစ်၏။ ရာဇဲဂြိုလ်မြို့ဟောင်းမှာ တောင်ငါးလုံးအတွင်း၌ တည်ရှိပါသည်။
ပရဒါရကံကျူးလွန်သော (အရှင်အာနန္ဒာအလောင်း) ရွှေပန်းထိမ်သည် သည်လည်း ရာဇဂြိုလ်မြို့၌ပင် မွေးဖွားခဲ့ပါသည်။ ဘုရားရှင်လက်ထက်၌ ရှေးကုသိုလ်ထူးကြောင့် ပေါ်ပေါက်လာကြသော ကာက၀လိယ၊ ဇောတိက၊ ဇဋိလ၊ ပုဏ္ဏ နှင့် မေဏ္ဍက သူဌေးကြီးများ နေထိုင်ခဲ့ရာ မြို့လည်းဖြစ်ပါသည်။
ဘဒ္ဒိယမင်းနှင့် ဘုရင်သုဒ္ဓေါဒနတို့သည် ခင်မင်ရင်းနှင်းသော မိတ်ရင်းများဖြစ်ကြသည်။ ဘဒ္ဒိယမင်း၏သားတော် ဗိမ္ဗိသာရနှင့် သုဒ္ဓေါဒနမင်း၏သားတော် သိဒ္ဓတ္ထတို့မှာ (အဒိဋ္ဌသဟာယက) မတွေ့မမြင်ဖူးသော မိတ်ဆွေများ ဖြစ်ကြသည်။
မိဖုရားငါးပါး
ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရ၌ မိဖုရားငါးပါး ရှိသည်။ ၀ဇ္ဇီတိုင်း လိစ္ဆ၀ီမင်း၏သမီး ဆေလ္လနမိဖုရား၊ သာဂလပြည် မဒ္ဒရာဇ်မင်း၏သမီး ခေမာမိဖုရား၊ ကောသလတိုင်း ပသေနဒီကောသလမင်း၏နှမတော် ဝေဒေဟီ၊ အဘယမာတာမိဖုရား၊ ဥဒမ္ဗရိကမိဖုရားတို့ ဖြစ်သည်။
ဆလ္လနမိဖုရားသည် မိဖုရားဘ၀ဖြင့် အသက်အရှည်ဆုံးဖြစ်၍ အဇာတသတ်မင်းအား ဝေသာလီပြည်ကို မဖျက်ဆီးရန် သုံးကြိမ်တိုင် တားမြစ်ခဲ့သူ ဖြစ်သည်။ စိတ်ထားနူးညံ့၏။
အလှကြွယ်သူ ခေမာမိဖုရားသည် အလှတွယ်သူလည်း ဖြစ်သည်။ အလွန်အဆင်းလှသဖြင့် အလှမာန်ယစ်နေရကား ရုပ်အဆင်း၏အပြစ်ကို ဟောတော်မူလေ့ရှိသော ဘုရားထံ သွားလိုစိတ်မရှိချေ။ သို့ရာတွင် ဝေဠုဝန်ကျောင်းတော် တည်ရှိရာ ဝေဠုဝန်ဥယျာဉ်တော်ကြီး၏ သာယာပုံ၊ နတ်အများပင် လာရောက်ရှုစားရပုံကို ကြားရသဖြင့် သွားလိုသောဆန္ဒပြင်းပြရကား ဘုရားရှိရာ ဝေဠုဝန်ဝိဟာရသို့ လာခဲ့လေသည်။
ဗိမ္ဗိသာရမင်းကလည်း ကျောင်းတော်ရောက်လျှင် ဘုရားရှင်ကို မဖူးမြင်ဘဲ မပြန်ခဲ့စေနှင့်ဟု နောက်ပါတို့အား မှာထားလိုက်၏။ သို့ဖြစ်ရကား မင်းအာဏာကို ကြောက်၍ ပြန်ခါနီးမှ ဘုရားထံဝင်လေသော် သူ့ထက်အဆင်းသာအောင် ဖန်ဆင်းထားသော အမျိုးသမီးက ဘုရားရှင်အား ယပ်ခတ်နေပုံ၊ တဖြည်းဖြည်းအိုသွားပုံ၊ အိုနာစွဲ၍ လဲသွားပုံ၊ ညည်းနေပုံ ဖန်ဆင်းပြသဖြင့် အလွန်ထိတ်လန့်နေခိုက် တရားဟောတော်မူလေရာ ရဟန္တာဖြစ်၍ ဘိက္ခူနီ ပြုလေသည်။
ဝေဒေဟီမိဖုရားသည် သားတော် အဇာတသတ်မင်းက ခင်ပွန်းသည် ဗိမ္ဗိသာရမင်းကို နန်းချကာ သတ်လိုက်ခြင်းကြောင့် နှလုံးကြေကွဲ သေပွဲဝင်သွားလေသည်။
အဘယမာတာမိဖုရားသည် ဗိမ္ဗိသာရမင်း နတ်ရွာစံပြီးနောက် ဘိက္ခူနီပြုခဲ့သည်။ ဥဒုမ္ဗရိကမိဖုရားသည် ရာဇဂြိုလ်မြို့အနီး၌ ပန်းမျိုးစုံလင် ဥယျာဉ်တော်ကြီး တည်ထားခဲ့သည်။
သားတော်ငါးပါး
ဗိမ္ဗိသာရမင်းကြီး၏ သားတော်များမှာ အဘယ၊ ဥဒယဘဒ္ဒ၊ ၀ိမလကောဏ္ဍည၊ အဇာတသတ်နှင့် သီလ၀တို့ ဖြစ်ကြသည်။ အဘယမင်းသားအကြောင်း သေချာမသိရသော်လည်း ဥဒယဘဒ္ဒသည် ဖခင် ဗိမ္ဗိသာရမင်း နတ်ရွာစံပြီးနောက် ရဟန်းပြုခဲ့သည်။ ၀ိမလကောဏ္ဍညမင်းသားသည် ဗိမ္ဗိသာရမင်း ကံတော်မကုန်မီကတည်းက ဘုရားရှင်ကို ကြည်ညိုပြီး ရဟန်းပြုခဲ့သူ ဖြစ်သည်။ သီလ၀မင်းသားသည် နောင်တော် အဇာတသတ်မင်းသားက ဆင်ပေါ်တင်၍ သတ်ရန် ကြံစည်သောအခါ ထွက်ပြေးလွတ်မြောက်ပြီး ရဟန်းဝတ်သွားလေသည်။
အဇာတသတ်မင်းသားကမူ ဖခင်ဗိမ္ဗိသာရမင်း ကံတော်မကုန်မီကပင် ရာဇဂြိုလ်ဘုရင် ဖြစ်လာသည်။
ဖခင်သတ်သူ ငါးယောက်
အဇာတသတ်သည် မမွေးဖွားမီကပင် ဖခင်ကို သတ်မည့်ရန်သူ (အဇာတ=မဖွားမီ၊ သတ္တု=ရန်သူ) ဖြစ်၏။ တကယ်မွေးဖွားလာသော် ဖခင်ကို သတ်သည်။ အဇာတသတ်မင်းသား ဘုရင်မဖြစ်မီကပင် ဇောတိကသူဌေးပိုင် ဘဏ္ဍာများကို သိမ်းယူရန် ကြံခဲ့သည်။ ဘုရင်ဖြစ်သော် သိမ်းရန် ကြိုးစားတော့သည်။ သို့သော် မအောင်မြင်ပေ။
ဘုရင်ဗိမ္ဗိသာရသည် အဇာတသတ်မင်းသားကို ချစ်မြတ်နိုးသဖြင့် အလိုလိုက်ခဲ့သည်။ သို့ရာတွင် သူချစ်သောသားက သူ့ကို သတ်ရက်လေသည်တကား။ သားတစ်ယောက် ရလာသော အဇာတသတ်သည်လည်း (ဖခင်နည်းတူ) သားကို အလွန်ချစ်ခဲ့၏။ ဗုဒ္ဓ၏ တပည့်များကဲ့သို့ စိတ်ထားမြင့်မြတ်စေချင်၍ သားကို ဥဒယဘဒ္ဒ (စိတ်ထားမြင့်မြတ်သူ) ဟု အမည်နာမ မှည့်ခေါ်ခဲ့သည်။ သို့သော် ထိုဥဒယဘဒ္ဒသည်လည်း နောင်အခါ ဖခင်အဇာတသတ်မင်းကို သတ်ခဲ့လေသည်။
ဗိမ္ဗိသာရမင်းဆက် (အဇာတသတ်၊ ဥဒယဘဒ္ဒ၊ မဟာမုဏ္ဍိက၊ အနုရုဒ္ဓါ၊ နာဂဒါသ) မင်းငါးဆက်တိုင်တိုင် သားကအဖေကို သတ်ကာ ဘုရင်လုပ်ခဲ့ကြသည်။
သိသုနာဂ အမည်ရသေ အမတ်ကြီးက ဖခင်သတ်၍ ဘုရင်ဖြစ်လာသူများမှ ငါးယောက်မြောက် နာဂဒါသမင်းကို အဆုံးစီရင်လိုက်သောအခါမှ အမိုက်ဇာတ်ပြတ်လေတော့၏။
မြို့အမည်ငါးမျိုး
ရာဇဂြိုလ်မြို့ကို နှစ်ပေါင်း ၂၅၀၀ ကျော်အတွင်း ၀သုမတီ၊ ဂီရိဗ္ဗဇ (တောင်ခံတပ်မြို့)၊ ဂီရိဝဇ (ဂီရိ=တောင်၊ ၀ဇာ=ခြံရံ)၊ ရာဇဂမာ (ရာဇ=မင်း၊ ဂမာ=အိမ်)၊ ရာဇဂီရိ (ရာဇ=မင်း၊ ဂီရိ=တောင်) ဟူ၍ အမျိုးမျိုးသော အမည်များ မှည့်ခေါ်ခဲ့ကြပါသည်။ ဒေသခံတို့အား ..ဘယ်လိုခေါ်ကြသလဲ.. ဟု မေးကြည့်ရာ ..ရတ်ဂျဂီးရ်.. ဟု ပြောပါသည်။
ခေတ်သစ်ရာဇဂြိုလ်အနီးရှိ မြို့သစ်နေရာကို အမြင့် ၃ မီတာ၊ အကျယ် ၅*၅ မီတာ၊ မြေစေး တံတိုင်းဖြင့် ကာရံထားသည်။ ရာဇဂြိုလ်မြို့ကြီးသည် ဧရာမတံခါးကြီး ၃၂ ပေါက်နှင့် တံခါးငယ် ၆၂ ပေါက်ရှိပြီး အတွင်းတံတိုင်း အပြင်တံတိုင်းအားဖြင့် တံတိုင်းနှစ်ထပ် ကာရံထားသော မြို့ဖြစ်၏။
အတွင်းတံတိုင်းကို လူနေအိမ်များ တည်ဆောက်ထားသည့်အတိုင်း ကာရံ၍ အပြင်တံတိုင်းကို တောင်များ တည်ရှိသည့်အတိုင်း တောင်ခါးပန်းတစ်လျှောက် ကာရံထားသည်။ မြို့အကျယ်အ၀န်းမှာ (ထောင့်မှန်ကျမဟုတ်ဘဲ) လေးကီလိုမီတာ ရှိသည်။
မာဂစတိုင်း ဘုရင်များသည် ရာဇဂြိုလ်မြို့ကို မြို့တော်အင်္ဂါနှင့်အညီ စည်ပင်သော မြို့တော်ဖြစ်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။ မြို့သူမြို့သားတို့သည် ဘုရင့်အမိန့်ပြန်တမ်းကို ဆွေးနွေးလိုသောအခါ အာဝသထခေါ် မြို့တော်ခန်းမ၌ ဆွေးနွေးကြ၍ တိုင်းရေးပြည်ရေး စီးပွားကုန်သွယ်ရေးလုပ်ငန်းများကို ညှိနှိုင်းလုပ်ဆောင်ခဲ့သည်။
ရာဇဂြိုလ်၌ ပြည့်တန်ဆာခန်းများဖွင့်ရန် ဘုရင်၏ ခွင့်ပြုမိန့် ရရှိသော ကုန်သည်တို့သည် တိုင်းတစ်ပါးမှလာသော ကုန်သည်ကြီးများကို ဧည့်ခံဖျော်ဖြေကြရသည်။ ဘုရင့်လစာရ နဂရသောဘိနီ (ပြည်ကြီး၏ တန်ဆာ) ဖြစ်သော သာလာဝတီ အမည်တွင်သော အမျိုးသမီးသည် ပထမဆုံး ပြည့်တန်ဆာအဖြစ် ထင်ရှားသည်။ ရာဇဂြိုလ်သည် သာဝတ္ထိပြည်နှင့် ဥဇ္ဇေနီပြည်တို့ထက် စီးပွားရေးအရာ၌ သာလွန်သည်ဟု အဆိုရှိရာ ဟုတ်မှတ်လောက်ပါသည်။
တောင်ကြီးငါးလုံး ပိတ်ဖုံးကာခို
ရာဇဂြိုလ်မြို့ကို ဝေဘာရတောင်၊ ဝေပုလ္လတောင်၊ ဂိဇ္စုကုဋ္ဋ်တောင်၊ ပဏ္ဍ၀တောင်၊ က္ကုသိဂိလိတောင်ဟူသော တောင်ငါးလုံးက သဘာဝအတိုင်း ကာရံထားသည်။ ဝေဘာရတောင်သည် ရာဇဂြိုလ်အနောက်ဘက်နှင့် အနောက်မြောက်အရပ်၌ ရှိ၍ တပေါဒါမြစ်သည် တောင်ခြေတွင် တသွင်သွင်စီးဆင်းနေပါသည်။
တစ်ချိန်က ဘုရင်ဗိမ္ဗိသာရသည် ခေါင်းဆေးမင်္ဂလာပြုရန်အလို့ငှာ ရောက်ရှိလာချိန်၊ ရဟန်းတော်များ တပေါဒါမြစ်၌ ရေသုံးသပ်ခြင်း မပြီးဆုံးနိုင်သဖြင့် (ရဟန်းများကို အလေးအမြတ်ထားသော မင်းသည်) ခေါင်းဆေးခြင်း မပြုတော့ဘဲ ပြန်လှည့်သွားခဲ့ပါသည်။ ထိုအကြောင်းကို သိတော်မူသော မြတ်စွာဘုရားသည် ရဟန်းများ တစ်ကြိမ်ရေသုံးသပ်ပြီးလျှင် ၁၅ ရက်အတွင်း နောက်ထပ် ရေမချိုးရဟု ပညတ်တော်မူလေသည်။
ဝေဘာရတောင်ပေါ်၌ အရှင်မဟာကဿပထေရ် (လူအမည်-ပိပ္ပလိ) သီတင်းသုံးရာ ပိပ္ပလိလိုဏ်ဂူ ရှိသည်။ ယင်းတောင်၏ အပြင်ဘက်တောင်စောင်း၌ အရှင်မဟာကဿပနှင့် အရှင်အာနန္ဒာစသော ရဟန္တာငါးရာတို့ ပထမသင်္ဂါယနာ တင်ခဲ့သည့် သတ္တပဏ္ဏိ ကျောက်လိုဏ်ဂူ ရှိ၏။
ထိုတောင်ခြေတွင် ဟိန္ဒူဘာသာဝင်များ အလေးအမြတ်ထားသော ရေပူစမ်းရှိပြီး ဤရေချိုးပါက ၉၆ ပါးရောဂါအားလုံး ပျောက်သည်ဟု ယုံကြည်ကြ၏။ ဇာတ်မြင့်သူတို့ ချိုး၍ ကျလာသော ရေကို အလတ်တန်းစားတို့က ချိုးရသည်။ ဆပ်ပြာမတိုက်ရချေ။ ဇာတ်နိမ့်များကမူ ထိုမှစီးကျသော ရေညစ်များကိုသာ ချိုးရသည်။ ဇာတ်ကြီးဝါဒ လွှမ်းမိုးသောနိုင်ငံ ဖြစ်သည်။ ဝေဘာရတောင် အတွင်းဘက် တောင်ခြေရင်း၌ ဗိမ္ဗိသာရမင်း၏ ဆွန်ဘဏ္ဍာခေါ် ရွှေတိုက်ကျောက်ဂူ ရှိသည်။ နောက်အဇာတသတ်က ဖခင်ဗိမ္ဗိသာရကို ချုပ်နှောင်ထားရာ စတုရန်းပေ ၁၂၀ ခန့်ကျယ်သော အကျဉ်းထောင်အား လေ့လာကြ၏။
ရာဇဂြိုလ်မြို့ မြောက်ဘက်တွင် ဝေပုလလ္လတောင် ရှိသည်။ မြတ်စွာဘုရားရှင်သည် ..သံသရာ၌ လူတစ်ယောက်သည် သေဆုံးပြီးတိုင်း ကျန်ရှိသော အရိုးများကို စုပုံထားလျှင် ၍ဝေပုလ္လတောင်ထက် မြင့်သည်..ဟု အနမတဂ္ဂသုတ္တန်တွင် ပမာဆောင်၍ ဟောတော်မူခဲ့သောတောင် ဖြစ်၏။
ဝေပုလ္လတောင်ခြေ၌ ဒေ၀ဒတ်ထေရ်၏ ကျောင်းဆောင်ရှိ၍ မြို့သစ်အနောက်တံခါးတွင် မြတ်စွာဘုရားရှင်၏ ဓာတုစေတီရှိသည်။ မြို့သစ်တောင်ဘက်၌ ရာဇဂြိုလ်မြို့ဟောင်း ရှိ၏။
ပဏ္ဍ၀တောင်သည် ရာဇဂြိုလ်မြို့ အရှေ့တောင်ဘက်တွင် တည်ရှိ၏။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ရာဇဂြိုလ်မြို့၌ ဆွမ်းခံပြီးနောက် ပဏ္ဍ၀တောင်ခြေ ကျောက်ဖျာပေါ်တွင် ဆွမ်းဘုဉ်းပေးလေ့ ရှိသည်။
ရာဇဂြိုလ်မြို့တောင်ဘက် (အရှေ့ပိုင်း) ပဏ္ဍ၀တောင်ခြေ၌ ရှေးခေတ်ကုန်သည်တို့၏ ကုန်သွယ်ရာ လှည်းလမ်းကြောင်း၌ ကျောက်လှည်းဘီးရာများ ထင်ရှားစွာ ကျန်ရစ်သည့် ကျောက်တုံးကြီးများကို မိမိတို့ တအံ့တသြ မြင်တွေ့ခဲ့ရပါသည်။ အိန္ဒိယရှေးဟောင်း သုတေသနဌာနက အုတ်တံတိုင်းကာရံထား၏။
က္ကုသိဂိလိတောင်သည် ရာဇဂြိုလ်မြို့တောင်ဘက် (အနောက်ပိုင်း) တွင် ရှိသည်။ ထိုတောင်နံဘေး ကျောက်ဖျာနက်ပေါ်တွင် များစွာသော နိဂဏ္ဍ (တိတ္ထိ) တို့သည် ထိုင်၍နေခြင်းကို ပယ်ကြကုန်လျက် မတ်တတ်ရပ်တည်နေခဲ့ကြကုန်၏။
မြတ်စွာဘုရားရှင်သည် က္ကုသိဂိလိတောင်ထိပ်၌ သီတင်းသုံးတော်မူနေစဉ်က ရဟန်းတို့အား ဤတောင်၌ သီတင်းသုံးသွားခဲ့ကြသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ငါးရာတို့၏ အမည်များကို ထုတ်ဖော်ဟောကြားတော်မူခဲ့သည်။ အဇာတသတ်ဘုရင်သည် ၄င်း၏ ဝေစုအဖြစ် ရခဲ့သော ဓာတ်တော်မွေတော်များကို က္ကုသိဂိလိတောင်ခြေ ဓာတ်တော်တိုက်၌ သိမ်းဆည်းထားခဲ့သည်ဆို၏။
ဂိဇ္စုကုဋ်တောင်သည် ရာဇဂြိုလ်မြို့ အရှေ့ဘက်တွင် ရှိသည်။ (ဂိဇ္စု=လင်းတငှက်၊ ကုဋ=ရပ်နားခြင်း)။ လင်းတငှက်နှင့်တူသော ကျောက်တုံးကြီး တည်ရှိ၍ ဂိဇ္စုကုဋ်တောင်ဟု ခေါ်၏။ လင်းတငှက်နှင့်တူသော ကျောက်တုံးအောက် လိုက်ဏ်ဂူ၌ ဘုရားရှင် မကြာခဏ သီတင်းသုံးခဲ့ပြီး အကြိမ် ၂၀ မြောက် ၀ါကပ်တော်မူခဲ့သည်။
တောင်ခြေတွင် ဆေးဆရာဇီဝက လှူဒါန်းထားသော သရက်တောကျောင်း ရှိခဲ့သည်။ ယခုအခါ အထိမ်းအမှတ်နေရာ အဖြစ်သာ တွေ့ရှိခဲ့ရပါသည်။ မြတ်စွာဘုရားသည် ဤကျောင်း၌ အဇာတသတ်မင်းအား သာသနာ့ဝန်ထမ်း ရဟန်းများ၏ ရဟန်းဖြစ်ရခြင်းအကျိုး (သာမညဖလသုတ္တန်)ကို ဟောတော်မူခဲ့သည်။
ဂိဇ္စုကုဋ်တောင်ထိပ် (သူကရခတ) ကျောက်လိုဏ်ဂူ၌ ဘုရားရှင်၏ တရားနာကြားပြီးနောက် အရှင်သာရိပုတ္တရာသည် ရဟန္တာဖြစ်ခဲ့ပြီး တူဖြစ်သူ ဒီဃနက္ခက သောတာပန်တည်သွားသည်။
နတ်တို့ထက် တန်ခိုးအရာသာသော အရှင်ဝက္ကလိထေရ်သည် သာသနာတော်ကို ကြည်ညို၍ ရဟန်းပြုလာခြင်းမဟုတ်၊ မြတ်ဗုဒ္ဓ၏ ရုပ်အဆင်းကို အနီးကပ်ကြည်ညိုနေလို၍ ရဟန်းပြုခြင်း ဖြစ်၏။ တစ်ခါသော် ဘုရားရှင်က ..၀က္ကလိ…ငါ့လာမကြည့်နဲ့၊ တရားကိုသွားကြည့်နေ..ဟု နှင်ထုတ်ခဲ့ရာ ၀က္ကလိထေရ်သည် စိတ်ညစ်ပြီး ဤဂိဇ္စုကုဋ်တောင်ပေါ်မှ ခုန်ချ၍ သေရန် ကြံစည်ခဲ့၏။
၁၉၅၇-၅၈ ခုနစ်များတွင် ရှေးဟောင်းသုတေသနဌာနသည် ရာဇဂြိုလ်မြို့ကို တူးဖော်ကြည့်ခဲ့သည်။ ဝေဠုဝန်ကျောင်းတော်ရာတွင် အဆောင်ပျက်များ တွေ့ခဲ့သည်။ သပ္ပိနိမြစ်သည် ခေတ်သစ်ပဉ္စနအမည်ဖြစ်၍ အနော်မာမြစ်ကို ယခုအခါ ARMY RIVER (အာမီမြစ်)ဟု ခေါ်သည်။ ဝေဠုဝန်ကျောင်းတော်ရာအနီး၌ မွတ်ဆလင်သချိင်္ုင်းဂူများ တွေ့ရရာ စိတ်မကောင်း ဖြစ်မိပါသည်။
ဗုဒ္ဓမြတ်စွာ (ဘုရားမဖြစ်မီ) ပဏ္ဍ၀တောင်ခြေ၌ တရားအားထုတ်နေစဉ် ဘုရင်ဗိမ္ဗိသာရနှင့် သိကျွမ်းခင်မင်ခဲ့သည်။ ဘုရားဖြစ်တော်မူပြီးနောက် ဗိမ္ဗိသာရမင်း၏ ကြိုတင်ပင့်လျှောက်ချက်အရ ရာဇဂြိုလ်သို့ ကြွရောက်၍ ဘုရင်လှူဒါန်းသော ၀ါးတော၌ သီတင်းသုံးနေထိုင်တော်မူသောအခါ ကဿပသူဌေးက ထိုနေရာ၌ ကျောင်းဆောက်လှူဒါန်းသောကြောင့် (ဝေဠုဝန၀ိဟာရ) ဝေဠုဝန်ကျောင်းတော် ဖြစ်ပေါ်လာသည်။
ဝေဠုဝနကလန္ဒကနိဝါပ (ရှဥ့်နက်များကို အစာကျွေးသောနေရာ)သို့ စာရေးသူတို့ ရောက်ရှိသောအခါ လှပသာယာသော လေးထောင့်အုတ်ရေကန်ကြီးကို တွေ့ရှိရပါသည်။ ရေကန်အနီးရှိ ဘုရားရှင် ပါတိမောက်ပြရာ နေရာ၌ ..ရပ်တော်မူ..ရုပ်တု တည်ထားပါသည်။
ဂိဇ္စုကုဋ်တောင်ခြေမှ အမြင့်ဆုံးတောင်ထိပ်ရှိ ဂျပန်နိုင်ငံက တည်ထားသော ၀ိရွှသျှန္တီ စေတီတော် (၀ိရွှ=ကမ္ဘာ၊ သျှန္တီ=ငြိမ်းချမ်းခြင်း)သို့ ဘုရားဖူးအဖွဲ့ဝင်များ Chair Lift (လျှပ်စစ်ထိုင်ခုံ စက်လှေကား)ဖြင့် တက်ရောက်ကြပါသည်။ ထိုမှ ဘုရားရှင် သီတင်းသုံးရာ ဂိဇ္စုကုဋ်တောင်ထိပ်သို့ ခြေလျင်ဆင်းသွားကြပြီးနောက် ပရိတ်ရွတ် တရားအားထုတ် ရှိခိုးပူဇော်ကြသည်။
ဒေ၀ဒတ်သည် ဂိဇ္စုကုဋ်တောင်ထိပ်မှ ကျောက်မောင်းဆင်၍ ကျောက်တုံးကြီးလှိမ့်ချရာ မြတ်စွာဘုရား ခြေမတော် သွေးခြည်ဥခဲ့ရပါသည်။ အပြန်ခရီး၌ ဆည်းဆာအချိန် ကျောက်တုံးကြီးရှေ့သို့ ရောက်သောအခါ မျက်ရည်ဝဲနေသော ဇနီးသည်အား ကျောက်တုံးကြီး နောက်ခံထားပြီး အမှတ်တရ ဓာတ်ပုံရိုက်လိုက်ပါသည်။ ဘေးမဲ့မျောက်ကြီးများစွာကို ရှောင်၍ လမ်းလျှောက်ကြရသည်။
ပြန်ဆင်းရာလမ်းတွင် စေတီနှစ်ဆူ တွေ့ရှိရပါသည်။ တရုတ်ခရီးသည်ကြီး ဟုယင်ဆန်၏ မှတ်တမ်းအရ ပထမစေတီမှာ ဗိမ္ဗိသာရမင်းကြီးက ဂိဇ္စုကုဋ်တောင်တွင် သီတင်းသုံးသော မြတ်စွာဘုရားထံ ဖူးမြော်ရန် သွားရောက်ရာတွင် ရထားမှဆင်း၍ ခြေလျင် စတင်ခရီးနှင်ရာ နေရာဖြစ်သည်ဟု သိရပါသည်။
ဒုတိယစေတီက (တရားနှင့်အညီ) သရဖူနှင့် သန်လျက်ကိုဖြုတ်ကာ ကိုယ်ရံတော် ဗိုလ်မှူးထံ အပ်နှံသောနေရာ ဖြစ်သည်။ စေတီနှင့် ကျောင်းတော်မှာ ကိုက် ၈၀ ခန့် ကွာဝေးပါသည်။ နောက်ပါအစောင့်အရှောက် အခြွေအရံများက ဤနေရာမှ စောင့်နေရပြီး ဗိမ္ဗသာရဘုရင်ကြီး တစ်ပါးတည်း ကျောင်းတော်သွားပြီး ဘုရားဖူး၊ တရားအားထုတ်လေ့ ရှိသည်ဟု မှတ်တမ်းတွင် တွေ့ရှိရပါသည်။
မှောင်ရီပျိုးချိန်တွင် ခရီးသွားကားကြီး ရပ်စောင့်နေရာ မြေပြင်သို့ ဒုတ်ဒုတ်ထိ ရောက်ရှိကြပါသည်။ တောင်ပေါ် ဗုဒ္ဓမြတ်စွာကျောင်းတော် ရှိရာအရပ်သို့ ဦးတည်၍ ပွင့်တော်မူပြီးသေ ဂင်္ဂါဝါဠုသဲစုမက ဘုရားရှင်များနှင့်တကွ ရှင်တော်ဂေါတမဗုဒ္ဓအား ရည်မှန်းဖူးမြော်မာန်လျော့ ကန်တော့လိုက်ပါသည်။
(ထိုရာဇဂြိုလ်ပြည်ကား ဘုရားဖြစ်သောကာလ၊ စကြာမင်းဖြစ်သော ကာလ၌သာလျှင် ထင်ရှားစွာ ဖြစ်သတည်း။ ထိုမှကြွင်းသော ကာလတို့၌ကား ဆိတ်သလျှင်ကတည်းဟု လုံးတော်ဆရာတော်၏ ပုစ္ဆာပကိဏ္ဏကကျမ်းတွင် ဖော်ပြထားပါသည်။)
မြတ်ဦး
မြတ်ပန်းရဂုံ… ရုပ်စုံဓမ္မစာစောင်.. အမှတ်-၂၀၈၊ ဇန်န၀ါရီလ၊ ၂၀၀၉ ခုနစ်… မှ နိဗ္ဗာန်အကျိုးမျှော်၍ ရိုက်ကူးမျှဝေပါသည်။

ခိုင်ခိုင်
No comments:
Post a Comment