သံသရာဘယ်မှာစသလဲ။
မသိတာက စပါတယ်။
သံသရာနဲ့ ကံကြမ္မာတွေ ဘယ်မှာဆုံးမှာလဲ။
သိတစ်လုံးမှာ ဆုံးပါမယ်။
အမှုမဲ့လို့ အမှတ်မဲ့ပါတယ်။
မရေရာလို့ မသေမချာ ဖြစ်ပါတယ်။
မသိသမျှ သံသရာပတ်မှာပဲ။
သိလာရင်တော့ သံသရာပြတ်မှာပါပဲ။
ဆင်းရဲကိုကြောက်ရင်၊ မုန်းရင် မကောင်းမှု အကုသိုလ်တွေကို လူမြင်ကွင်းမှာရော၊ လူကွယ်ရာမှာရော မလုပ်မိဖို့ သတိရှိနေရမယ်။
မကောင်းတဲ့ အကုသိုလ်ကံကို ယခုလည်းလုပ်၊ နောင်လည်း လုပ်ရင် ဆင်းရဲဒုက္ခက လွတ်မှာ မဟုတ်ဘူး။
သတိရှိနေရင် အကုသိုလ်ကံဘက် အရောက်နည်းသွားမှာ ဖြစ်ပါတယ်။
၁။ မျက်စိဟာ ဒုက္ခလို့ သတိရှိ (ရူပါရုံ)
၂။ နားဟာ ဒုက္ခလို့ သတိရှိ (သဒ္ဒါရုံ)
၃။ နှာဟာ ဒုက္ခလို့ သတိရှိ (ဂန္ဓာရုံ)
၎။ လျှာဟာ ဒုက္ခလို့ သတိရှိ (ရသာရုံ)
၅။ ကိုယ်ဟာ ဒုက္ခလို့ သတိရှိ (ဖောဋ္ဌဗ္ဗာရုံ)
၆။ စိတ်ဟာ ဒုက္ခလို့ သတိရှိ (ဓမ္မာရုံ)
အာရုံခြောက်ပါး၊ သတိထားရင်၊ ကံငါးပါးလုံခြုံနိုင်ပါတယ်။ သတိလစ်တာနဲ့အမျှ အကုသိုလ်ကံဘက်က အားသာသွားနိုင်ပါတယ်။
အာရုံခြောက်ပါးမှာ စိတ်အာရုံဟာ အလွန်အမင်း အရေးကြီးပါတယ်။ ..ကံကို ကုနည်း၊ ကုသိုလ်ဆည်း၊ စိတ်လည်းမပေါ့ရာ.. ဖြစ်တယ်။
သတိနဲ့ဆင်ခြင်၊ ဆင်ခြင်ပြီး ..စိတ်..နှင့်ကြံ။
သတိနှင့်ဆင်ခြင်၊ ဆင်ခြင်ပြီး ..နှုတ်..နဲ့ပြော။
သတိနှင့်ဆင်ခြင်၊ ဆင်ခြင်ပြီး ..လက်..နဲ့လုပ်။
အကျိုးခံစားလိုရင် အကျိုးဖြစ်မယ့် အကြောင်းတွေကို ပြုရမယ်။ အကျိုးခံစားရမယ့် အကြောင်းကို မပြုဘဲ အကျိုးခံစားရဖို့ မရှိပါဘူး။
အကျိုးခံစားလိုရင် အကျိုးဖြစ်မယ့်အကြောင်းမှာ သတိကို လက်မလွတ်ရဘူး။
သတိကောင်းမှ ကံကောင်းတယ်။ သတိမကောင်းရင် ကံမကောင်းနိုင်ဘူး။
အမြဲပဲ လူတွေမှာ ကြိုက်ရင် လောဘဖြစ်နေပါတယ်။ မကြိုက်ရင် ဒေါသဖြစ်နေပါတယ်။ အမှတ်တမဲ့နေရင်တော့ မောဟတွေ ဖြစ်နေတတ်တယ်ဆိုတာကို သတိထားရပါမယ်။
သတိကောင်းရင် အသိစိတ်ကောင်းလာမှာ ဖြစ်တယ်။ သတိနဲ့အမှန်တရားပေါ်အောင် နှိုးဆွပေးရင် ဗီဇအသိစိတ်ရဲ့ ပင်ကိုသဘောတွေ ပေါ်လာမယ်။ ရိုးသားဖြူစင်တဲ့ အသိစိတ် ဖြစ်လာလိမ့်မယ်။
သတိတွန်းအားနဲ့ အမှန်တရားပေါ်လာခဲ့ရင် စိတ်နေသဘောထား မှန်လာမယ်။
စိတ်နေသဘောထား မှန်မမှန်မှာ သတိပါပဲ။ သတိရှိမှ အသိရှိ။ သတိထားမှ အသိပွားမယ်။ သတိဆောင်တဲ့အခါ ကုသိုလ်ကံအားဘက်မှာ အောင်ပါတယ်။
သတိချွတ်ယွင်းရင် စိတ်နေသဘောထား မမှန်ဘူး။ မမှန်တော့ အကုသိုလ်ကံဘက် ရောက်သွားတော့တယ်။ အာရုံခံစားမှု အသိစိတ်တွေကို သတိကြီးစွာထားပါ။
သတိဆိုတာ အမှန်ဘက်ကို တွန်းပို့ပေးတဲ့ ကိရိယာတစ်မျိုး။
ကာယကံ၊ ၀စီကံ၊ မနောကံတွေကို သတိနဲ့ ချုပ်ထားရမယ်။ ကံမှန်သမျှကို သတိကြိုးနဲ့ ခိုင်နေအောင် ချည်တုပ်ထားရမယ်။ တင်းတင်းကြပ်ကြပ်ကို ချည်နှောင်ထားရမှာ ဖြစ်တယ်။
ညောင်ရမ်းဇေယျပဏ္ဍိတက ..လောကသဘာဝ သဘောတရား..စာအုပ်မှာ……
..သတိတရားသည် လောက၌ အလိုအပ်ဆုံးသော တရားဖြစ်လေသည်။ အစဉ်သတိတရားကို သတိထားမှတ်သားလေ့ရှိရာ၏။ ဘေးဒုက္ခတို့သည် သတိကင်းမဲ့သော သူတို့ထံသို့သာ ၀င်သော်လည်း သတိရှိသူတို့အား ဘေးဒုက္ခတို့ မတတ်နိုင်ကုန်..လို့ ရေးသားသတိပေးခဲ့ပါတယ်။
ကောင်းကံဘက်ရောက်အောင် သတိထားဖို့ အချက် (၄) ချက် ရှိပါတယ်။
၁။ သက်ရှိရုပ်ခန္ဓာနဲ့ သက်မဲ့ရုပ်ဝတ္ထုအပေါ် အမှန်တရားပေါ်အောင် သတိထားမှု။
၂။ ခံစားမှု ဝေဒနာအပေါ် အမှန်တရားပေါ်အောင် သတိထားမှု။
၃။ အသိစိတ်အပေါ် အမှန်တရားပေါ်အောင် သတိထားမှု။
၎။ သဘာဝတရားအပေါ် အမှန်တရားပေါ်အောင် သတိထားမှုတွေပါပဲ။
အမှန်တကယ်တော့ ..သတိတစ်လုံးဟာ အခက်ဆုံး.. ဖြစ်တယ်။ ခက်ပေမယ့် ရအောင်ကြိုးစား လုပ်ယူရမှာပါပဲ။ စားသတိ၊ လာသတိ၊ သွားသတိနဲ့ ဖြစ်သမျှ ပျက်သမျှ သတိရှိရှိနေတဲ့အခါ ကောင်းကံတွေနဲ့ ထိနေမယ်။ သတိရတော့ ကံလှ၊ ကံမ၊ ကံထပါတယ်။
ဗုဒ္ဓမြတ်စွာရဲ့ အလွန်တန်ဖိုးကြီးလှတဲ့ နောက်ဆုံးသြ၀ါဒက…
..အပ္ပမာဒေန၊ သမ္ပာဒေထ..လို့ မိန့်ခဲ့ပါတယ်။
အမြဲသတိမလစ်စေဖို့ အမှန်အမှား၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အဖြစ်အပျက်တွေကို အမြဲသတိရှိနေဖို့ပါပဲ။
သုတေသီ ဘုန်းမြင့်သွေး ရေးသားသော ..ကံသာအမိ ကံသာအဖ နှင့် ကံကြမ္မာဖြစ်ရပ်ဆန်းများ.. စာအုပ်မှ ရေးသားမျှဝေပါတယ်။
No comments:
Post a Comment