ရေပြင်မှာပဲသေသေ၊ မြေပြင်မှာပဲသေသေ၊ ဝေဟင်မှာပဲသေသေ၊ ဘယ်နေရာမှာ ဘယ်လိုသေသေ၊ လူတစ်ယောက်သာမက သတ္တ၀ါတွေပါ သေချိန်နီးအခါမှာ ထင်လာတဲ့ နိမိတ် (၃) မျိုး ရှိပါတယ်။
အချိန်လေးရရင် ရသလောက် နိမိတ်ကလေး မြင်သွားတာပါပဲ။ နိမိတ်က သေမယ့် အရိပ်ပြတတ်တာမျိုးလည်း ရှိတယ်။
ကာမဆယ့်တစ်ဘုံမှာဖြစ်တဲ့ သတ္တ၀ါတိုင်းဟာ သေချိန်နီးချိန်မှာ နိမိတ်တစ်ခုခု၊ ထင်မြဲပေါ်မြဲဖြစ်တယ်။
အဲသည် နိမိတ် (၃) မျိုးကတော့…
၁။ ကံ
၂။ ကမ္မနိမိတ်
၃။ ဂတိနိမိတ် တို့ပဲဖြစ်တယ်။
အိပ်ရာထဲမှာ ပက်လက်လက်ကလေး သေတာမဟုတ်ဘဲ ဓားနဲ့ တိခနဲသေသေ၊ လှံနဲ့ ပြတ်ခနဲသေသေ၊ ကားတိုက်လို့ ကွိခနဲသေသေ၊ ရထားတိုက်လို့ ပိပဲသေသေ၊ သေသူအားလုံးဟာ နိမိတ်တစ်မျိုးမျိုးထင်ပြီး သေသွားကြပါတယ်။
ဥပမာ- သိစိတ်ဆိုတာက အာရုံရှိက ပေါ်စမြဲ မဟုတ်ပါလော။ အဲသည်လို တိခနဲ၊ အိခနဲ၊ ကွိခနဲသေရချိန်မှာလည်း သူ့အသိစိတ်နှင့် သူ့အာရုံပေါ်နေပါတယ်။ အဲသည်လို သေချိန်နီးပေါ်တဲ့ အာရုံဟာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့မှာ တစ်ခုခုဖြစ်ပါတယ်။
ဘာကြောင့်လဲ။ ကံအစွမ်းကြောင့် ဖြစ်တယ်။
(ကမ္မဗလေန) ကံအစွမ်းကြောင့်။
သဘောက မိမိတို့ ပြုခဲ့ကြစဉ်က ဖြစ်တဲ့ ထက်သန်တဲ့ စေတနာအဟုန်၊ ဆန္ဒအဟုန် အစွမ်းသတ္တိကြောင့်ပဲ။
အဲတာကြောင့် သေခါနီးအချိန်မှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တွေ ထင်တာဖြစ်တယ်။
၁။ ကံ
ကံဆိုတာ စေတနာ။ ပြုခဲ့စဉ်က စေတနာတွေ။ ကိုယ်ပြုခဲ့စဉ်က စေတနာမျိုးတွေ ဖြစ်ပါတယ်။
ကိုယ်တိုင်ပြုခဲ့စဉ်က စေတနာမျိုး စိတ်မှာ ပေါ်တာကို ကံအာရုံပေါ်တယ်လို့ ဆိုတယ်။
ကံအာရုံက ဘယ်လိုဥပမာမျိုးလဲ။ ကံအာရုံကို ဥပမာပြရရင်…
ကိုယ်ပြုခဲ့တဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ကထိန်၊ ရှင်ပြု၊ ဆင်းရဲသူ၊ ဒုက္ခရောက်သူတွေကို လှူဒါန်းပြုစု၊ ကူညီစဉ်က စေတနာမျိုး။
ကြည်နူးဝမ်းမြောက်မှုမျိုး၊ နှစ်သိမ့်မှုမျိုးတွေ ပြန်ပေါ်လာတာကို ဆိုတယ်။ ကုသိုလ်လုပ်ခဲ့တာတွေ ကောင်းမှုလုပ်ခဲ့တာတွေလို့ပဲ ဆိုရမှာပေါ့။
အဲသည်လို ကုသိုလ်တွေ ပေါ်သလို အကုသိုလ်ကံပြုသူတွေကလည်း လုတာ၊ သတ်တာ၊ လိမ်တာ၊ ခိုးတာ၊ အရက်သေစာသောက်တာ၊ မိုက်ခဲ့တာတွေ စတာတွေ ပေါ်တယ်။ အကုသိုလ် စေတနာတွေ ပေါ်ပါတယ်။ ကြမ်းတမ်းခက်ထန်မှု၊ ဒေါသပြင်းပြမှု၊ တုန်လှုပ်ချောက်ချားမှုတွေ စိတ်မှာ ပေါ်လာတာကို ကံအာရုံပေါ်တယ်လို့ ဆိုတယ်။
အကုသိုလ်ကံကြီး အကျိုးပေးတော့မယ့် လူတွေ သေခါနီးမှာ ပိုရုပ်ပျက် ဆင်းပျက် ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။
အကုသိုလ်ကံကြီး အကျိုးပေးတော့မယ့်သူမှာ အကုသိုလ် ကံရိပ်ကြီးဟာ ညအခါ ကြီးစွာသော မိုးတိမ်ရိပ်ကြီး မြေပြင်ကို ထိုးကျလာသကဲ့သို့ ဘ၀ကူးတော့မယ့် လူရဲ့ စိတ်မှာ ထင်ပေါ်လာတယ်လို့ ဆိုတယ်။
အတိတ်ဘ၀က ယှဉ်ကပ်ပါလာတဲ့ ကံတွေ၊ ဘ၀တစ်လျှောက်လုံး ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေဟာ ကိုယ့်သန္တာန်မှာ အပြည့်ယှဉ်ကပ်ပါလာတယ်။
သူတော်ကောင်းတွေဟာ သေခါနီးမှာ ကောင်းတဲ့ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တွေ အာရုံထဲမှာ ထင်စေချင်လို့ ကောင်းတဲ့ကံတရားတွေကို များများလုပ်နေကြရတာပေါ့။
၂။ ကမ္မနိမိတ်
ကမ္မနိမိတ်ကတော့ ကိုယ်ပြုခဲ့စဉ်က ပါဝင်ခဲ့တဲ့ ၀တ္ထုပစ္စည်းတွေပါပဲ။
ကိုယ်လှူခဲ့တဲ့ ၀တ္ထုပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ နေရာတွေ ပြန်မြင်တာကို ကမ္မနိမိတ် ဖြစ်တယ်။
ဥပမာပြရရင် ကုသိုလ်ပြုစဉ် လှူခဲ့တဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ပြီးတော့ ရှင်ပြုစဉ်က ပါဝင်ခဲ့တဲ့ ရှင်လောင်းတွေ၊ ပရိက္ခရာတွေ၊ ကိုယ်ခင်းခဲ့တဲ့လမ်း၊ ကိုယ်ဆောက်ခဲ့တဲ့ တံတားစတဲ့ ၀တ္ထုပစ္စည်း နိမိတ်အမှတ်အသားတွေ ဖြစ်တယ်။
ကမ္မနိမိတ်မျိုးဟာ သေခါနီးမှာ မြင်တာမဟုတ်ဘဲ မသေသေးဘဲ အိပ်မက်မက်ချိန်မှာလည်း မြင်တတ်ကြောင်း ကြားသိဖူးပါတယ်။
အကုသိုလ်ကမ္မနိမိတ်တွေကတော့…
ကိုယ်မိုက်ခဲ့စဉ်က သုံးခဲ့တဲ့ ၀တ္ထုပစ္စည်းတွေ နေရာတွေ၊ သားကောင်တွေ၊ လူတွေ သတ်ခဲ့ရင် သတ်ဖြတ်ခဲ့တဲ့ သားကောင်တွေ၊ မချိမဆန့် လှုပ်ရှားနေတာတွေ၊ သွေးသံရဲရဲနဲ့ လူးလွန့်အော်နေတာတွေ၊ ကိုယ်တိုင်ရက်စက်ခဲ့ပုံတွေ၊ ခိုးစဉ်က ကိုယ့်လှုပ်ရှားမှု၊ လိမ်ပြောစဉ်က ယူခဲ့ပုံတွေ ပြန်ထင်ကာ ကမ္မနိမိတ်ပဲ ဖြစ်တယ်။
၃။ ဂတိနိမိတ်
ဂတိနိမိတ်ကတော့ ဘယ်ခရီးကို ဆက်ရမယ်ဆိုတဲ့ အာရုံပဲ။ တစ်နေရာရာကို ရောက်ရမယ့် အာရုံဖြစ်တယ်။ သံသရာခရီး ဆက်ရမယ့် အာရုံဖြစ်တယ်။
ရောက်လတ္တံ့၊ ဖြစ်လတ္တံ့ ဘ၀အာရုံ ဖြစ်ပါတော့တယ်။ နတ်ဘုံလား၊ ငရဲဘုံလား။ မိခင်ဝမ်းလား၊ တိရစ္ဆာန်လား။ ကိုယ့်ရဲ့ကုသိုလ်၊ အကုသိုလ် အလိုက် ခရီးဆက်ရမယ့် ရောက်ရမယ့်၊ ဖြစ်ရမယ့် ဘ၀အာရုံ ဖြစ်ပါတော့တယ်။
လူ့ဘုံ လူ့ဘ၀ကိုရောက်ရင် ကမ္ဗလာနီအဆင်းရှိတဲ့ မိခင်ဝမ်းရေ အာရုံထင်သတဲ့။ ပန်းဥယျာဉ်တွေ၊ ဗိမာန်တွေ၊ လှပတဲ့ နတ်သမီး နတ်သား၊ နတ်အသုံးအဆောင်တွေ မြင်ရင် နတ်ဘ၀ရောက်မှာ ဖြစ်တယ်။
လင်းတကောင်ကြီးတွေ၊ ခွေးနက်ကြီးတွေ၊ ဆီပူအိုးတွေ၊ ငရဲသားတွေ၊ မီးတောက်မီးလျှံ၊ ပိုးလောက်တွေမြင်ရင် ငရဲလမ်းကို မြန်းရ၊ ရောက်ရတော့မှာ ဖြစ်တယ်။
ဂတိနိမိတ်ဆိုတာ ရောက်ရ၊ ဖြစ်ရမယ့် ဘ၀အာရုံ ဖြစ်တယ်။
သုတေသီ ဘုန်းမြင့်သွေး ရေးသားသော ..ကံသာအမိ ကံသာအဖ နှင့် ကံကြမ္မာဖြစ်ရပ်ဆန်းများ.. စာအုပ်မှ ရေးသားမျှဝေပါတယ်။
No comments:
Post a Comment