Wednesday, August 10, 2011

ကံမှားတော့ ခံထားပေါ့


မြတ်စွာဘုရားရှင်လက်ထက်တုန်းက ဝေသာလီမြို့မှာ `၀ါသေဌီ`ဆိုတဲ့ သူဌေးသမီးလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ အရွယ်ရောက်တဲ့အခါ မိဘတွေက အမျိုးဇတ်တူတဲ့ သဌေးသားတစ်ယောက်နဲ့ ထိန်းမြားလက်ထပ်ပေးတဲ့အတွက်ခင်ပွန်းသည်ရဲ့အိမ်မှာလိုက်နေရတယ်။ သားတစ်ယောက်ရပြီး အဲဒီသားကလေး ပြေးလွှားဆော့ကစားနိုင်တဲ့ သုံးနှစ်သားအရွယ်လောက်မှာ ရောဂါတစ်ခုနဲ့ ရုတ်တရက်သေဆုံးသွားတဲ့အတွက် ၀ါသေဌီခမျှာ သားသောကနဲ့ အကြီးအကျယ် စိတ်ဆင်းရဲပြီး သည်းခြေပျက်ကာ ရူးသွပ်သွားပါတော့တယ်။ ရူးပြီး လျှောက်သွားနေတာမျိုးမဖြစ်အောင် ခင်ပွန်းသည်နဲ့ ဆွေမျိုးမိဘတွေက အိမ်မှာ သေချာစောင့်ကြပ်ကြည့်ရှုပြီး အကောင်းဆုံးဆေးဆရာ၊ အကောင်းဆုံးဆေးဝါးတွေနဲ့ ဂရုတစိုက်ပြုစုကုသပေးကြပါတယ်။ တစ်နေ့ အိမ်သားတွေအလစ်မှာ လှစ်ကနဲအိမ်ကထွက်ပြေးပြီး ခြေဦးတည့်ရာ လျှောက်သွားပါတော့တယ်။ ဆံပင်တွေ ဖရိုဖရဲ၊ အ၀တ်အစားလုံးဝမကပ်၊ အမှတ်သညာကင်းမဲ့စွာနဲ့ ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် လျှောက်သွားနေတဲ့ ၀ါသေဌီကို ခင်ပွန်းသည်နဲ့ မိဘဆွေမျိုးတွေက လိုက်ရှာပေမယ့် သတင်းအစအန လုံးဝမရတော့ပါဘူး။

လမ်းဆုံလမ်းခွ၊ အမှိုက်ပုံတွေ၊ သုသာန်သင်္ချိုင်းတွေ၊ ဖုန်တထောင်းထောင်း
ထနေတဲ့ ခရီးလမ်းမတွေမှာ အစာပြတ်၊ရေပြတ်၊ အငတ်ငတ်အပေပေနဲ့ ကိုယ်လုံးတီး လျှောက်သွားနေတဲ့ ၀ါသေဌီဟာ သုံးနှစ်လောက်အကြာမှာ မိထိလာမြို့ကို ရောက်သွားပါတယ်။ တစ်နေ့ မြို့ထဲလမ်းမတစ်နေရာမှာ `အိနြေ္ဒသိက္ခာကြီးမာစွာနဲ့ နူးညံ့ညင်သာ ကြွမြန်းလာတဲ့ မြတ်စွာဘုရားရှင်ကို ဘ၀င်သွေးပျက် အရူးတက်နေတဲ့ ၀ါသေဌီ ဖူးမြင်လိုက်ရပါတယ်။ အတုမဲ့ ကျက်သရေတော်ပိုင်ရှင် မြတ်စွာဘုရားရဲ့ ကြည်လင်အေးမြ တောက်ပ၀င်းဝါတဲ့ မျက်နှာတော်ကို ဖူးမြင်လိုက်ရတယ်ဆိုရင်ပဲ အရူးရောဂါ ချက်ချင်းပျောက်ပြီး ပင်ကိုယ်စိတ်ပြန်ဖြစ်သွားပါတယ်။ အရူးကံကုန်ချိန်မှာ ဘုရားကိုဖူးရလို့ ဘုရားတန်ခိုးနဲ့အရူးရောဂါပျောက်သွားတဲ့ ၀ါသေဌီကို မြတ်စွာဘုရားရှင်က တရားအကျဉ်းချုပ်ဟော၊ တရားနာရလို့ သဒ္ဒါတရား၊ သံဝေဂတရားဖြစ်ပြီး ရဟန်းပြုပေးဖို့ ဘုရားထံခွင့်ပန် ဘုရားအမိန့်နဲ့ဘိက္ခုနီမတွေကသူ့ကိုရဟန်းပြုပေး၊ ရဟန်းမဘ၀နဲ့ ၀ိပသနာအလုပ်ကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ သိပ်မကြာခင်မှာပဲ ဥာဏ်ရင့်ချိန်ရောက်သွားတဲ့အတွက် ပဋိသမ္ဘိဒါဥာဏ်လေးပါးနဲ့ တကွ ရဟန္တာဖြစ်သွားပါတယ်။ သားသောကတွင်
သာမက သောကအားလုံး ချုပ်ဆုံးသွားတော့တာပေါ့။ သောကအားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကိလေသာတဏှာကို အရဟတ္တမဂ်နဲ့ အမြစ်ပြတ် ပယ်သတ်လိုက်နိုင်လို့ပါပဲ။ သားသောကနဲ့ ရူးနေရှာတဲ့ ၀ါသေဌီ မြတ်စွာဘုရားကို ဖူးမြင်ခွင့်ရတဲ့အချိန်က ဘယ်အချိန်လဲဆိုတော့ ရူးသွပ်မှူကိုဖြစ်စေတဲ့ အကုသိုလ်ကံ ကုန်တဲ့အချိန်၊ အရူးကံကုန်တဲ့အချိန်တဲ့။ သားသေလို့ သောကဖြစ်ပြီး ရူးတယ်ဆိုပေမယ့် ရူးရမယ့်ကံပါလာလို့ ရူးတာပါ။ ရူးရမယ့်ကံသာ ပါမလာရင် သားသေလို့သောက ဘယ်လောက်ဖြစ်ဖြစ် ရူးစရာအကြောင်းမရှိပါဘူး။ စိတ်ညစ်ရုံ၊ စိတ်ဆင်းရဲရုံ၊ ၀မ်းနည်းပူဆွေး ငိုကြွေးရုံလောက်ပဲ ခံစားရမှာပါ။ သားသေလို့သာ ရူးရစတမ်းဆိုရင် သားသေတဲ့အဖြစ်ဆိုးမျိုးနဲ့ ကြုံရတဲ့မိခင်ဖခင်တိုင်း ရူးသွပ်ကုန်ကြမှာပေါ့။

ရူးသွပ်မှုကိုဖြစ်စေတဲ့ အကုသိုလ်ကံဆိုတာကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ သူတစ်ပါးကို ရူးသွပ်လောက်အောင် နှိပ်စက်ညှင်းပန်းမယ်၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် လုပ်မယ်ဆိုရင် အဲဒီကံ အကျိုးပေးတဲ့ဘ၀ ကိုယ်လည်းရူးသွပ်ရမှာပဲ။ တကယ်မချစ်ပဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးလုပ်မိလို့ တစ်ဖက်သားမှာကိုယ့်ကို စွဲလမ်းပြီး အရူးတစ်ပိုင်းဖြစ်သွားမယ်ဆိုလည်း အဲဒီကံကြောင့် ကိုယ်လည်းတစ်ချိန်မှ ရူးသွပ်ရမှာပဲ။ ကိုယ့်ကို စွဲစွဲလမ်းလမ်း တမ်းတမ်းတတ ဖြစ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ကို ရူးမတက်ချစ်အောင်ဆိုတဲ့စိတ်ထားနဲ့ ဥာဏ်နီ
ဥာဏ်နက်သုံးတာမျိုး မူယာမာယာများတာမျိုး၊ မြူဆွယ်ဖြားယောင်းတာမျိုး၊လိမ်ညာလှည့်ပတ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။သူ့စိတ်နဲ့သူ စွဲလမ်းတမ်းတတာကတော့ ကိုယ်နဲ့မဆိုင်ပါဘူး။ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ စွဲလမ်းအောင်လုပ်တာဆိုရင်တော့ စိတ်ထားကိုက ရူးစေချင်တဲ့ စိတ်ထားမို့ အဲဒီအကျိုးသက်ရောက်မှူက ကိုယ့်ဆီလည်း သေချာပေါက် ပြန်ရောက်လာပါလိမ့်မယ်။ ရူးသွပ်မှုကိုဖြစ်စေတဲ့ အကုသိုလ်ကံတွေထဲမှာ အဓိကအကျဆုံး၊အကြီးမားဆုံးအကုသိုလ်ကံကတော့ သေရည်သေရက် သောက်စားခြင်းပါပဲ။ မူးမူးရူးရူးဆိုတဲ့အတိုင်း မူးရင်ရူးတက်သလို မူးနေတာကိုက ရူးခြင်းတစ်မျိုးပါပဲ။`မူးရူးသောက်စား`သို့မဟုတ်`သောက်စားမူးရူး`ဆိုတဲ့အတိုင်း သောက်စားနေတာဟာ မူးရူးနေတာပါပဲ။ မူးပြီဟေ့ဆိုရင် အရူးတစ်ယောက်လိုပဲ ဟိုပြောဒီပြောနဲ့ နှူတ်စောင့်စည်းမှုမရှိတော့ပါဘူး။ ပြောသင့်မှန်းမသိ၊ မပြောသင့်မှန်းမသိနဲ့ စွန်ပြီး ပြောတော့တာပါပဲ။ ရူးနေတဲ့လူ ဘာမှမသိသလို မူးနေတဲ့သူလည်း ဘာမှမသိပါတော့ပါဘူး။ ဒါကိုပဲ သွေးတွေကြွလာပြီး အာသွက်လျှာသွက်နဲ့ စကားပြောလို့ပိုကောင်းလာတယ်လို့ အရက်သောက်သုံးသူတွေက သဘောကျကြတယ်။ ဆက်ရက်မင်းစည်းစိမ်အဖြစ် သာယာယစ်မူးကြပါတယ်။ ရေချိန်မကျော်သေးလို့ ကိုယ်ပြောတာ ကိုယ်သိတယ်ပဲထားအုံးတော့ မူးနေတဲ့အချိန်ဟာ ရူးနေတဲ့အချိန်နဲ့ အတူတူပါပဲ။ရူးနေတဲ့သူဟာ အမှတ်သညာကင်းမဲ့နေသလို မူးနေတဲ့သူဟာလည်း အမှတ်သညာ ကင်းမဲ့နေပါတယ်။ အရက်၊ ဘီယာစတဲ့ မူးယစ်စေတတ်တဲ့အရာတွေ သောက်သုံးနေတာဟာ မှတ်ဥာဏ်အားနည်းကြောင်း အကုသိုလ်၊ ဥာဏ်ထိုင်းကြောင်းအကုသိုလ်၊ စိတ်မမှန်ကြောင်း အကုသိုလ်၊ ရူးသွပ်ကြောင်း အကုသိုလ် ဆည်းပူးစုဆောင်းနေတာပါပဲ။ သူတစ်ပါးကို ဒုက္ခပေးပေးမပေးပေး၊ ကိုယ့်ဘ၀ပျက်ပျက်မပျက်ပျက်၊ အတိုင်းအတာ ရေချိန်ကျော်ကျော် မကျော်ကျော် အရက်ဘီယာ သောက်တိုင်း ဥာဏ်ထိုင်းစေတဲ့ဓာတ်တွေ၊ မေ့လျော့စေတဲ့ဓာတ်တွေ ဖောက်ပြန်စေတဲ့ ဓာတ်တွေ၊ရူးသွပ်စေတဲ့ ဓာတ်တွေ ကိုယ်ရဲ့စိတ်အစဉ်မှာ စွဲကပ်သွားပါတယ်။ စုမိသွားပါတယ်။ အရက်သေစာ သောက်စားခြင်းရဲ့ အပေါ့ပါးဆုံးဆိုးကျိုးက ရုးသွပ်ခြင်းနဲ့ စိတ်ဖောက်ပြန်ခြင်းလို့ မြတ်စွာဘုရားက ဟောကြားထားတာမို့ မရူးသွပ်သူလိုတိုင်း၊ စိတ်ပုံမှန်ဖြစ်လိုသူတိုင်း အရက်၊ ဘီယာစတဲ့ မူးယစ်သေရည်မှန်သမျှကို ဘိန်းဖြူ၊ စိတ်ကြွဆေးပြားစတဲ့ မူးယစ်ဆေးဝါးမှန်သမျှကို လုံးဝရှောင်ကြဉ်ရပါမယ်။

ဝါသေဌီ ဘုရားနဲ့တွေ့တဲ့အချိန်ဟာ အရူးကံကုန်ချိန်ကို ထောက်ရှုခြင်းအားဖြင့်
ရူးရမဲ့ ကံပါလာတဲ့သူက ရူးကိုရူးရမှာပါပဲ။ စိတ်ဆင်းရဲရမယ့်ကံ ပါလာတဲ့သူက စိတ်ဆင်းရဲရမှာပါပဲ။ စိတ်ဓာတ်ကျကံပါလာမယ့်သူက စိတ်ဓာတ်ကျရမှာပါပဲ။စိတ်ညစ်ရမယ့်ကံ ပါလာတဲ့သူက စိတ်ညစ်ရမှာပါပဲ။ တရားရဲ့အကျိုးပေးကို ဘယ်လိုမှရှောင်လွဲလို့မရပါဘူး။ ပစ္စုပ္ပန်အဖြစ်ပျက်လေးကိုပဲ ကွက်ကြည့်မယ်ဆိုရင်တော့ သားသေလို့ရူးသွားတာဟာ တရားမရှိလို့၊ စိတ်ဓာတ်မရင့်ကျက်လို့၊ အစွဲလမ်းကြီးလို့လို့ပြောရမှာပါပဲ။ သံဃောစဉ်ကြောင့် တဏှာကြောင့်လို့ သံဝေဂယူရမှာပါပဲ။ ဒါကြောင့် အကြောင်းရင်းကို သေချာစီစစ်လိုက်တော့ အတိတ်ကရူးခဲ့တဲ့ကံ ပြုခဲ့လို့ ရူးရတာပါ။ တရားမရှိလို့ရူးတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီလိုတရားမရှိဖြစ်သွားတာဟာ အတိတ်ကရူးရမယ့်ကံ ပါလာလို့ပါ။ အတိတ်ကံအကျိုးပေးဖို့အတွက် ပစ္စုပ္ပန်မှာ သားသေတဲ့အဖြစ်ပျက်ဆိုးက ဇာတ်လမ်းဆင်ပေးလိုက်ရတာပါ။ တရားအသိ၊သတိကလည်း ခေတ္တခဏရှောင်ထွက်ပေးလိုက်ရပါတယ်။ တချို့လူတွေ တရားလက်ကိုင်ရှိပါလျက်နဲ့ ဖြစ်ရပ်တစ်ခုခုကြောင့် တရားလက်လွတ်ဖြစ်သွားပြီး ၀မ်းနည်းကြေကွဲနေရတာ၊ ပူဆွေးငိုကြွေးနေရတာတွေဟာ အဲဒီလိုဖြစ်ရမယ့်
ကံကိုပါလာလို့ပါ။ အတိတ်ကံဝဋ်ကြွေးက နှလုံးသားထဲကတရားကို ခေတ္တခဏ ဖယ်ထုတ်ပစ်လိုက်တဲ့အတွက် တရားလက်လွတ်ဖြစ်သွားတာပါပဲ။တရားဘယ်လောက်ရှိရှိ အတိတ်ကံဝဋ်ကြွေးကို ဘယ်လိုမှလွန်ဆန်လို့မရပါဘူး။
အတိတ်ကံဝဋ်ကြွေးကြောင့် ခေတ္တခဏ တရားလက်လွတ်ဖြစ်သွားပြီး ၀မ်းနည်း
ကြေကွဲနေတာကို ကြည့်ပြီး ..တရားရှိလိမ့်မယ်လို့ နဂိုကအထင်ကြီးထားတာ အလားကားပဲ၊ အခုမှ တရားမရှိမှန်းသိတော့တယ်`လို့ မဆင်မခြင် ရမ်းအပြစ်မပြောသင့်ပါဘူး။ ရူးသွပ်သွားတဲ့အထိတောင် အတိတ်ကံအကျိုးပေးနိုင်သေးတာပဲ။ ဒီလောက်ဖြစ်သွားတာကို နားလည်ပေးသင့်ပါတယ်။ ရူးသွပ်သွားရင်တောင် နားလည်ပေးရမှာပဲ မဟုတ်လား။ တရားလက်လွတ်သွားတာကို နားလည်ပေးဖို့ပြောတာ မဟုတ်ပါဘူး။ အတိတ်က ကိုယ်မမြင်နိုင်တဲ့ကံကို နားလည်ပေးဖို့ပြောတာပါ။
တရားလက်လွတ်သွားတဲ့အချိန် ရှိနိုင်တာပဲလေ။ ကိုယ်လည်း ဘယ်တော့မှ တရားမလက်လွတ်ပါဘူးလို့ လုံးဝအာမခံနိုင်တာမှ မဟုတ်တာပဲ။ တရားလက်လွတ်စေနိုင်လောက်တဲ့ အဖြစ်ပျက်မျိုး အာရုံမျိုး မတွေ့သေးလို့သာ တရားရှိချင်ရှိချင်မယ်။ တွေ့ရင်တော့ အချိန်မရွေး တရားလက်လွတ်သွားနိုင်တာပဲ။

ပုထုဇဉ်ဆိုတာ မပြောနဲ့တော့…။ သောတာပန်ဖြစ်နေတဲ့ ၀ိသာခါတောင်
မြေးမလေးသေတော့ မျက်ရည်လည်ရွဲနဲ့ ငိုပွဲဆင်ပြီး တရားလက်လွတ် ဖြစ်ခဲ့ပါသေးတယ်။ အနာဂါမ်၊ ရဟန္တာမဖြစ်သေးသမျှတော့ ၀မ်းနည်းကြေကွဲမှူတွေ၊ ပူဆွေးငိုကြွေးမှု၊ စိတ်ဆင်းရဲမှု၊ စိတ်ညစ်မှု ဆိုတဲ့ စိတ်ခံစာမှုတွေကို တစ်ချိန်မဟုတ် တစ်ချိန် တစ်ကြောင်းမဟုတ် တစ်ကြောင်းကြောင့် တွေ့ကြုံနေရဦးမှာပါပဲ။ စိတ်ဆင်းရဲစရာ၊ စိတ်ညစ်စရာ အဖြစ်ပျက်တစ်ခုခုနဲ့ ကြုံတွေ့ရလို့ စိတ်ဆင်းရဲနေပြီ၊ စိတ်ညစ်နေရပြီဆိုရင် ၀ါသေဌီကို သတိရပြီး`အတိတ်ကံကတောင် ရူးတဲ့အထိတောင် အကျိုးပေးသေးတာပဲ။ကိုယ်က ရူးမှမရူးသေးတာ တော်သေးတာပေါ့`လို့ စိတ်ကိုဖြေသိမ့်လိုက်ပါ။ ဝေဒနာတွေ တော်တော်လျော့သွားလမ့်မယ်။ ၀ါသေဌီ သားသေလို့ရူးသွားတာ အတိတ်က ရူးစေတတ်တဲ့ ကံကြောင့်ဆိုတာ မမေံလိုက်ပါနဲ့။` ရုးတောင်ရူးနိုင်သေးတာပဲ၊ ဒီလောက်တော့အေးဆေး` `ရူးတောင်ရူးရဦးမှာပဲ ဒီလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်` `ရူးမှ မရူးသေးတာ ဒါလေးများ` ဘယ်လောက်ပဲရူးရူး၊ သုံးနှစ်ပြည့်လို့အတိတ်က အရူးကံကုန်သွားတော့လည်း ဘုရားနဲ့တွေ့ပြီး အရူးပျောက်သွားတာပါပဲ။ ခံချိန်တန်ရင် ခံရပါမယ်။ လွတ်ချိန်တန်ရင် လွတ်ပါမယ်။ ခံချိန်တန်ပါလျက် မခံချင်လို့မရသလို လွတ်ချိန်မတန်သေးဘဲနဲ့လည်း လွတ်ချင်လို့မရပါဘူး။ လွတ်ချိန်တန်မှ လွတ်လိမ့်မယ်ဆိုတာကို နားလည်သဘောပေါက်ပြီး ခံချိန်တန်လို့ ခံနေရတာကို ကျေကျေနပ်နပ် လက်ခံလိုက်မယ်ဆိုရင် ခံရတာလည်း သက်သာတဲ့အပြင် လွတ်ချိန်လည်း မကြာခင်ရောက်လာပါလိမ့်မယ်။ ခံစရာရှိတာ ခံနေရင်းနဲ့ လုပ်စရာရှိတာကတော့ လုပ်နေရမှာပါပဲ။ ဘာအလုပ်မှမလုပ်ပဲ ပေတေပြီး ငုံ့ခံနေရမှာမဟုတ်ပါဘူး။ သုံးနှစ်ပြည့်လို့ အရူးကံပျောက်လို့ သုံးနှစ်ပြည့်မှ ဘုရားနဲ့တွေ့တာပါ။ စောစောက တွေ့ရင်ကောင်းမှာပဲလို့ ကြိုတွေ့ချင်လို့မရပါဘူး။ တွေ့ချိန်တန်ရင် တွေ့မှာပါ။ အကြောင်းတစ်ခုခုကြောင့် စိတ်ဆင်းရဲနေ၊ စိတ်ညစ်နေရာက မိတ်ဆွေကောင်း၊ ဆရာကောင်းတွေနဲ့တွေ့လို့၊ ဒါမှမဟုတ် တရားစာအုပ်၊ တရားတိတ်ခွေနဲ့
တွေ့လို့စိတ်ဆင်းရဲတာ၊ စိတ်ညစ်တာ ပျောက်သွားတဲ့အခါ `စောစောကသာ တွေ့လိုက်ရင်` လို့ မချိတင်ကဲ မဖြစ်လိုက်ပါနဲ့။ အချိန်တန်မှ တွေ့တာပါ။တစ်ချို့က အသက်ရွယ်တော်တော်လေးရမှ တရားနဲ့တွေ့တယ်၊ တရားအားထုတ်ဖြစ်တယ်၊ တရားအရသာခံစားရတယ်ဆိုရင် `ငါ
အတွေ့နောက်ကျသွားတယ်၊ စောစောကသာတွေ့လိုက်ရရင်`ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တတ်ကြပါတယ်။ အလကားနေရင် အကုသိုလ်ယူနေတာပါ။ ကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုနေတာပါ။ မကျေမနပ်ဖြစ်မနေပါနဲ့။ တွေ့ချိန်တန်ကို တွေ့တာပါ။ တွေ့တဲ့အချိန်ကစပြီး တရား
နဲ့နေလိုက်ရင်ပြီးတာပါပဲ။ အိမ်ထောင်ပြုပြီး အတော်ကြာမှ သံဝေဂရတဲ့သူတွေကလည်း`ဒီလိုမှန်းသိ အိမ်ထောင်မပြုခဲ့ပါဘူး၊ အိမ်ထောင်မပြုခင်သာဒီတရားနဲ့တွေ့ခဲ့ရင်…`လို့ နောင်တရတတ်ကြပါတယ်။ သို့မဟုတ် နောင်တရဟန်ဆောင်တတ်ကြပါတယ်။ `ငါတို့မသိလို့ အိမ်ထောင်ပြုမိတာ၊ မင်းတို့အိမ်ထောင်မပြုကြနဲ့`လို့တောင် တစ်ချို့က လူငယ်တွေကို ဆရာကြီးလုပ်လိုက်ပါသေးတယ်။ (ကိုယ်ချင်းမစာလိုက်တာကွယ်၊ ကိုယ်ပြုလို့အားရမှ) ဘ၀မှာ အဖြစ်ပျက်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် `စောစောကသာတွေ့လိုက်ရင်`ဆိုတဲ့ မချိတင်ကဲ ခံစားချက်မျိုး၊ အားမလိုအားမရ ခံစားချက်မျိုးလုံးဝမဖြစ်ပါနဲ့။ တကယ်တော့ အဲဒီခံစားချက်ဟာ လောဘကိုအခြေခံတဲ့ ခံစားချက်ပါ။ ရှင်းရှင်းပြောရရင် လောဘကြီးတာပါဘဲ။
ဘယ်အရာမဆို တွေ့ချိန်တန်မှတွေ့တယ်။ တွေ့ချိန်တန်လို့တွေ့တယ်ဆိုတာကို မမေ့လိုက်ပါနဲ့ စိတ်ဆင်းရဲစရာ၊ စိတ်ညစ်စရာတွေနဲ့တွေ့ကြုံတိုင်း အတိတ်ကံကို ဆင်ခြင်မိဖို့ပြောရတာက..
နေရာတကာ အတိတ်ကံကိုချည်း ပုံချနေဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ်မြင်ရတဲ့ ပစ္စုပ္ပန်အဖြစ်ပျက်တွေကိုပဲ လက်ညှိုးတစ်ထိုးထိုးလုပ်နေရင်း ကိုယ်မမြင်ရတဲ့ အတိတ်ကံကို လုံးဝထည့်မစဉ်းစားပဲ မေ့နေမှာစိုးလို့ပါ။ တစ်ချို့ ခံစားချက်တွေက ပစ္စုပ္ပန်တည့်တည့် ကြည့်ရုံနဲ့ မငြိမ်းအေးနိုင်ပါဘူး။ မြတ်စွာဘုရားအလို အတိအကျ မသိနိုင်ပေမယ့် ကမ္မနိယာမသဘောအရ အကြောင်းအကျိုး ဆက်စပ်ပြီးတော့ အနီးစပ်ဆုံးသိအောင် ဆင်ခြင်ကြရမှာပါ။ နေရာတကာ အတိတ်ကံကိုချည်း ပုံမယ်ဆိုရင်တော့ ပုဗ္ဗေကတဟေတဒိဌိ (အရာရာ ရှေးကံကြောင့်ဆိုတဲ့အယူမှား) ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ဘယ်လိုမှမတတ်နိုင်တဲ့ ကိစ္စတွေ၊ ကိုယ်ဘယ်လိုမှရှောင်လွှဲလို့မရတဲ့ ခံစားချက်တွေမှာ အတိတ်ကံကိုဆင်ခြင်ပြီး စိတ်ဖြေသိမ့်တာနဲ့ အတိတ်ကံကို ပုံချပြီးဘာမှမကြိုးစားတာ တခြားစီပါ။ အတိတ်ကံကို ဆင်ခြင်ပြီး ဖြေသိမ့်တာလည်းဖြေသိမ့်တာပေါ့။ ဒါပေမယ့် အတိတ်ကံက ကိုယ်မမြင်ရတဲ့အတွက် ကိုယ်မြင်ရတဲ့ပစ္စုပ္ပန်မှာ ကိုယ့်ရဲ့စိတ်ဓာတ်ကို ခိုင်မာနေအောင် တည်ဆောက်ဖို့က ပိုအရေးကြီးပါတယ်။ စိတ်မခိုင်ရင်၊
စိတ်မနိုင်ရင် ကိုယ်ချစ်တဲ့သူသေမှ မဟုတ်ပါဘူး၊ ကိုယ်ချစ်တဲ့သူနဲ့ ခွဲရရင်လည်း ရူးနိုင်တာပါပဲ။ စိတ်ဓာတ်ခိုင်မာအောင်ကြိုးစားနေတဲ့ကြားက ရူးသွား၊ စိတ်ညစ်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ကံပေါ့၊ အတိတ်ကံပေါ့။ ၀ါသေဌီဟာ မြတ်စွာဘုရားရဲ့မျက်နှာတော်ကို ဖူးမြော်လိုက်ရရုံနဲ့ အရူးရောဂါ ပျောက်သွားတာပါ။ တရားမနာရသေးပါ။ `ပုံတော်ဖူးရရုံနဲ့`အရူးဘ၀ကလွတ်သွားတာပါ။ ဂုဏ်တော်အထိ စိတ်မလိုက်ရသေးဘူး။ စိတ်ဆင်းရဲကင်းပြီး စိတ်ချမ်းသာချင်ရင် စိတ်ပူလောင်ခြင်းကင်းပြီး စိတ်အေးချမ်းချင်ရင် ကိုယ်အကြည်ညိုဆုံး၊ ကိုယ်အနှစ်သက်ဆုံး မြတ်စွာဘုရားပုံတော်တစ်ခုခု၊ မြတ်စွာဘုရားမျက်နှာတော် တစ်ခုခုကို စိတ်ထဲမှာ မကြာခဏ မြင်ယောင်နေလိုက်ပါ။ ပုံတော်ကို အာရုံပြုပြီးမှ ပုံတော်အတွင်းဂုဏ်တော်သွင်းပြီး ဂုဏ်တော်ကို အာရုံပြုပါ။ အလေ့ကျင့်များလေ အာရုံပြုရလွယ်လေဖြစ်ပြီး သိသာထင်ရှားတဲ့ စိတ်တည်ငြိမ်အေးချမ်းမှုကို ခံစားရပါလိမ့်မယ်။ နောက်ဆက်တွဲ ကောင်းကျိုးချမ်းသာတွေကတော့ ပြောမနေတော့ပါဘူး။ လိုတရပဲပေါ့။

`သက်တော်ထင်ရှားဘုရားဆီကို စိတ်မရောက်ဘဲ ရုပ်ပွားတော်မှာပဲ စိတ်
ရောက်နေတယ်`လို့ သူများအပြစ်ပြောရင် လုံးဝဂရုမစိုက်ပါနဲ့။ ကိုယ်မှ သက်တော်ထင်ရှားဘုရားကို မမြင်ဖူးတာ…။ ရုပ်ပွားတော်က တစ်ဆင့်ပဲ ပုံတော်၊ ဂုဏ်တော်တွေ အာရုံပြုရတော့မှာပေါ့။ ရင့်ကျက်သွားရင် သက်တော်ထင်ရှားဘုရားအထိ အလိုလိုအာရုံရောက်သွားပါလိမ့်မယ်။
ကိုယ်ကြည်ညိုတဲ့ ဆရာတော်ဆီ စိတ်မမှန်တဲ့သူတွေရောက်လာရင် တချို့က အဖက်လုပ်ပြောမနေဖို့ လျှောက်တတ်ကြတယ်။ တစ်ချို့က စိတ်မမှန်တာ၊ တစ်ချို့က တရားအားထုတ်ရင်း တရားကြောင်ကြောင်သွားတာလေ။ ဘုရားရှင်တောင် စိတ်မမှန်တဲ့သူတွေကို စိတ်မှန်လာအောင် မေတ္တာကရုဏာအပြည့်နဲ့ ပြောပေး၊ ဟောပေးသေးတာပဲ…. ဘုရားသားတော် ရဟန်းတော်တွေလည်း ဘုရားအတုလိုက်ပြီး မေတ္တာကရုဏာအပြည့်နဲ့ လက်ခံစကားပြောပြီး နားလည်အောင် ရှင်းပြပေးရမှာပေါ့။ အရူးကိုလည်း ဘုရားအဖက်လုပ်ပါတယ်။ ပြည့်တန်ဆာမကိုလည်း ဘုရားအဖက်လုပ်ပါတယ်။ သူတောင်းစားကိုလည်း ဘုရားအဖက်လုပ်ပါတယ်။ တံငါသည်ကိုလည်း
ဘုရားအဖက်လုပ်ပါတယ်။ အပေါ်ယံ ပကာသနကိုဘုရားမကြည့်ပါဘူး။အတွင်းဓာတ်သဘာဝကိုပဲ ဘုရားကြည့်ပါတယ်။ ကိုယ့်အတွက် ဘုရားအကြည့်ပါဘူး၊ သူ့အတွက်ပဲ ဘုရားကြည့်ပါတယ်။ ဘုရားသားတော်တွေလည်း ဘုရားကြည့်သလိုပဲ ကြည့်ကြပါလိမ့်မယ်။ လူတွေးတွေးပြီး အကုသိုလ်မယူမိဖို့ သတိပြုပါ။

ဘုရားတရားတော်တွေက ရူးတဲ့သူတွေတောင် အရူးပျောက်စေပါတယ်။
မရူးတဲ့သူကို အရူးမဖြစ်စေပါဘူး။ တရားအားမထုတ်နဲ့ ရူးသွားလိမ့်မယ်လို့ ပြောတတ်ကြပါတယ်။ တရာအားထုတ်လို့ ရူးသွားတယ်ဆိုတာလည်း အားထုတ်နည်းမမှန်ကန်လို့ပါ။ဘုရားဟောတဲ့အတိုင်း အားမထုတ်ပဲ ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ့်ဆရာသဘောနဲ့ကိုယ် အားထုတ်နေလို့ပါ။
မရူးသူကို ရူးစေတဲ့တရားအားထုတ်နည်းဟာ ဘုရားနည်းမဟုတ်ပါဘူး။တခြားနည်းပါ။ ဖြစ်ချိန်တန်ဖြစ်မယ်၊ ပျက်ချိန်တန်ပျက်မယ်။ ပေါ်ချိန်တန်ပေါ်မယ်။ပျောက်ချိန်တန်ပျောက်မယ်။ ဖြစ်နေပေါ်နေလို့ စိတ်မညစ်နေပါနဲ့။ အချိန်တန် ပျောက်သွား၊ ပျက်သွားပါလိမ့်မယ်။ ပြီးတော့လည်းပြီးတာပါပဲ။ နောက်ဆုံးတော့လည်းပြီးသွားတာပါပဲ..

အရှင် ဆန္ဒာဓိက
အကြင်နာပေါင်း ရှစ်သောင်းလေးထောင်စာအုပ်မှကူးယူဖော်ပြပါသည်။ မကြာခဏဆိုသလို ဖြစ်ပေါ်တတ်တဲ့ ဘ၀ရဲ့ ရိုက်ခတ်ဒဏ်တွေ ကြားမှာ ဒီစာလေးဖတ်လိုက်ရင် စိတ်သက်သာရာရစေလို့ သူများတွေလည်း ကိုယ့်လိုပဲဖြေသိမ့်နိုင်ကြစေဖို့ရည်ရွယ်ရင်း......
ရွှေရည်

ကံမှားတော့ ခံထားပေါ့ တရားတော်အတိုလေး (၁၄ မိနစ်)
https://www.youtube.com/watch?v=Oae7o4bfFyY

No comments:

Post a Comment