Tuesday, August 23, 2011

အစာတစ်ခု နှင့် အသက်တစ်ချောင်း


(က)
ဝါးမျိုအပ်သော အစားအစာတွင် ပါဝင်သည့် အဆီအနှစ်အစေးသည် အာဟာရဖြစ်ကြောင်း လေ့လာဖူး၏။ အစာတွင် အာဟာရ ပါဝင်သည်။ အာဟာရသည် သက်ရှိတို့အတွက် စွမ်းအင်ထုတ်ပေး၏။ စွမ်းအင်ဖြင့် သက်ရှိများ သွားလာလှုပ်ရှား ရှင်သန်ကြသည်။ ဘ၀ရှင်သန်ရေးအတွက် စွမ်းအင်ရဖို့ အစာရှာကြသည်။ သဘာဝက စီစဉ်ပေးသော ဘ၀အလိုက် နည်းမျိုးစုံဖြင့် အစာရှာကြသည်။ ရှာဖွေအပ်သော အစာသည် မွန်မြတ်ဖို့လို၏။ မမွန်မြတ်သော အစာသည် စားသုံးသူအတွက် အဆိပ်အတောက် ဖြစ်သကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း အန္တရာယ်ပေးတတ်၏။ ထို့ကြောင့် ၀န်းကျင်လောကကို အန္တရာယ်မသင့်စေဘဲ သမ္မာအာဇီဝဖြင့် စင်ကြယ်စွာ အသက်ရှင်ကြရန် မြတ်စွာဘုရား ညွှန်ကြားတော်မူ၏။ မွန်မြတ်သော အစာကို သုံးဆောင်မှီဝဲ၍ အပြစ်ကင်းသော ဘ၀ကို မွေးမြူသင့်ကြသည်။ “အစာ” နှင့် “အသက်”အကြောင်း ထိုထိုဤဤ စဉ်းစားရင် ရုတ်တရက် တွေ့ကြုံလိုက်ရသည်။
(ခ)
ကြားလိုက်ရသော အသံကို နားလည်သလို ဘာသာပြန်လျှင် မလှပသော မြည်သံစွဲ အလင်္ကာတစ်ပုဒ် ဖြစ်လာပါလိမ့်မည်။ တောထနေသော မြက်ပင်များကြားမှ ထွက်ပေါ်လာသော ငိုချင်းတစ်ပုဒ် ဖြစ်ပေသည်။ ငိုချင်းသံရှည်ကို စာစကားဖြင့် အတိအကျ မဖော်ပြနိုင်သော်လည်း ထိုအသံ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟု ခံစား နားလည်လိုက်သည်။ ကူပါ ကယ်ပါ စောင်မပါဟု အသနား ခံနေခြင်းဖြစ်ကြောင်း သိရှိခံစားမိသည်။ အတွေ့အကြုံအရ အဖြေကို ကြိုသိထားပြီး ဖြစ်သော်လည်း ပိုမိုတိကျစေရန် အသံလာရာ မြက်တောထဲသို့ စေ့စေ့စပ်စပ် စူးစိုက်ကြည့်၍ စပ်စုလိုက်သည်။ “ကွိ… ကွိ” သို့မဟုတ် “ကျိ… ကျိ”ဟူသော တုန်ရီရီ ငိုကြွေးသံက အချက်ကျ မြည်တမ်းဟစ်ကြွေး နေဆဲပင် ဖြစ်သည်။ မြက်ပင်များကြားမှာ တွေ့လိုက်ရပါသည်။ အားပြိုင်မှုတစ်ခုပင်တည်း။ ကေသရာဇာ ခြင်္သေ့မင်းအလား ဆောင့်ကြွားကြွား ဟန်ပါပါ ထိုင်လေ့ရှိသော ကိုရွှေဖား။ အခုတော့ သနားစရာ ဖားသတ္တ၀ါ။ သူ၏ ကိုယ်နေဟန် ဂုဏ်ကျက်သရေကို အလေးမထားနိုင်တော့ဘဲ သူ့ဘ၀ ရပ်တည် ရှင်သန်နိုင်ရေးအတွက် အားသွန်လှုပ်ရှား ကြိုးစားရုန်းကန်ရင်း ခြေကားယား လက်ကားယား ကိုးရိုးကားရား ဖြစ်နေရှာသည်။ သူ့ဘ၀သည် အဆိုးဘက်သို့ အရှိန်ပြင်းစွာ ဦးတည်နေ၏။ သူသည် မကြာမီ အချိန်အတွင်းမှာ မြွေ၏ အစာအိမ်ဝမ်းမီးကို သူ့ဘ၀ ရေစင်ရေချမ်းဖြင့် သွန်းဖျန်းငြိမ်းသတ် ပေးရတော့မည်။ အာသာငန်းငန်း စွဲလမ်းတပ်မက်သော တဏှာဖြင့် ဖား၏ခြေတောက်ကို အစာအဖြစ် ဆွဲယူဖမ်းကိုက် ထားသည်ကား မြက်လျှောပေါက် တစ်ကောင်ပင်ဖြစ်သည်။ အဆိပ်မဲ့သော မြွေ။ လူတို့ဝန်းကျင်မှာ အန္တရာယ်မရှိသော မြွေ။ ရန်စသူကိုပင် တုံ့ပြန် ရန်မမူတတ်ရှာသော မြွေ။ အေးဆေးလှသော သတ္တ၀ါပင် ဖြစ်၏။ ဖားငယ်အတွက်ကား ရက်စက်ကြမ်းကြုတ်သော သေမင်းတမန် ဖြစ်နေလေပြီ။ စိမ်းစိုလှပသော မြက်ပင်များကြားမှာ ရုတ်တရက် တွေ့လိုက်ရသည်ကား အကျည်းတန်သော အနိဋ္ဌာရုံ မြင်ကွင်းတစ်ခု။ မြွေနှင့်ဖား။ ဖားနှင့်မြွေ။ သို့မဟုတ် အစာတစ်ခု နှင့် အသက်တစ်ချောင်းပင်တည်း။
(ဂ)
ကောင်းကျိုးဆိုးပြစ်ကား စေတနာလျှင် အရင်းခံတည်း။ စွမ်းအင်စိုက်ထုတ်၍ ဆောင်ရွက်အပ်သော အမှုသည် ရည်ရွယ်ရင်း စေတနာနှင့် လျော်သောအကျိုးကို ဖြစ်စေ၏။ တော်မှန် သင့်မြတ်သော ကာလဒေသ၌ ဖြူသောစေတနာ အရင်းခံဖြင့် ဆောင်ရွက်အပ်သည့် သေးငယ်သော အမှုသည်ပင် ကြီးကျယ်ကောင်းမြတ်သော အကျိုးကို ဖြစ်ထွန်းစေနိုင်၏။ ခုနေခါ အနီးအနားမှာရှိသော ခဲလေးတစ်လုံး၊ တုတ်တိုတစ်ချောင်းဖြင့် ပစ်ပေါက် ခြောက်လှန့်လိုက်လျှင် ဖားငယ်၏ အသက် လွတ်မြောက်ချမ်းသာ သွားနိုင်ပေသည်။ သူ့အသက်ကို ကယ်တင်ရမည်။ “အသက်တစ်ချောင်း မသေကောင်း”ဟု မြန်မာ့ယဉ်ကျေးမှုက သွန်သင်ထားသည်ပဲ။ “အတ္တသမံ ပေမံ နတ္ထိ”ဟု ဘုရားဟော ရှိသည်။ သတ္တ၀ါတို့သည် ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးတည်း။ ကိုယ့်ဘ၀ကိုယ် တွယ်တာသည်။ အမိဝမ်းထဲမှာ ဘ၀စခဲ့စဉ်ကပင် ဘ၀နိကန္တိကဘောဘ ကိုယ့်ဘ၀ကိုယ် ပြန်လည်တပ်မက်မှု အစပျိုးခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်သည့် ပျိုးပင်ကား ဝေဖြာသောအရွက် စည်ထွားသော အကိုင်းအခက်တို့ဖြင့် အစဉ် ကြီးထွား ရှင်သန်နေလေသည်။ သို့ဖြစ်၍ သူ့အသက်ကို ကယ်တင်ခြင်းသည် သူ့အတွက် တန်ဖိုးအရှိဆုံး သူ အမြတ်နိုးဆုံး လက်ဆောင်မွန်ကို ပေးလိုက်ခြင်းပင် ဖြစ်၏။ ဖားငယ်၏ အသက်ကို ကယ်တင်ရမည်။ အချိန်မီပါသေးသည်။
(ဃ)
သို့သော် ကောင်းဆိုး နီးဝေး၊ အလေး အပေါ့၊ အလျော့ အတင်းစသည့် ၀ိရောဓိများ ပါဝင်ဖွဲ့စည်းသော လောက၌ အစွန်းလွတ်အောင် ဆောင်ရွက်ရန် ခက်လှသည်။ ဖားငယ်၏ အသက်ကို အလွယ်တကူ ကယ်ဆယ်နိုင်သော အခြေအနေ၌ တစ်ဘက်မှာလည်း ဖား၏အသက် လွတ်မြောက် ချမ်းသာသွားသည်နှင့် မြွေ၏ အစာ ပျက်စီး ဆုံးရှုံးရတော့မည်။ “သူ့အစာ မဟန့်တားကောင်း”ဟု အမေ ဆုံးမဖူးသည်။ သူ့အစာကို ဟန့်တားမိလျှင် ကိုယ့်ဘ၀ သံသရာမှာ စားရမဲ့ သောက်ရမဲ့ ဖြစ်ရတတ်သည်။ ခွေးဖြစ်လျှင် ခွေးငတ်။ နွားဖြစ်လျှင် နွားပိန်။ လူဖြစ်လျှင် လူမွဲ။ စည်းစိမ်ပင် ချမ်းသာသော်လည်း မစားရက် မသောက်ရက်။ ရောဂါဆိုး တစ်မျိုးမျိုးကြောင့် မစားနိုင် မသောက်နိုင် . . .။ မြွေ၏ အစာကို ဟန့်တားလိုက်လျှင် ကြုံတွေ့ရနိုင်သော အငတ်ငတ် အပြတ်ပြတ် ဘ၀ကို တွေးကြောက် နေမိပြန်သည်။ ဆာလောင်မွတ်သိမ့်မှုသည် ဆိုးရွားပြင်းထန်လှသော အနားဆိုးတစ်မျိုး မဟုတ်ပေလော။ ဆာနာ ငတ်နာကား အခံခက်သော ရောဂါဆိုးတည်း။ ဖားငယ်၏ အသက်ကို ကယ်တင်လိုသော စေတနာနှင့် မြွေ၏ အစာကို မဆုံးရှုံးစေလိုသော စိတ်တို့က လက်ဖျစ်တစ်တွက် အချိန်အတွင်း၌ ကုဋေတစ်သိန်းမက အားပြိုင်ဖြစ်ချုပ် နေကြလေသည်။
(င)
အခိုက်အတန့်ေ၀၀ါးနေမိသည်။ ဇီဝိန်တစ်ခု ကြွေပျက်ရတော့မည်။ ထိုအသက်ကို ကယ်လိုက်လျှင်လည်း တစ်ဘက်၌ အစာကို ဖျက်ဆီးရာ ရောက်မည်။ အသက်သည်ပင် အစာ ဖြစ်နေ၏။ အသက်ဇီဝိန်သည် တန်ဖိုးရှိသကဲ့သို့ အစာအာဟာရသည်လည်း တန်ဖိုး မနည်းပေ။ “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ။” အစာအာဟာရရှိမှ ဘ၀ ရပ်တည် ရှင်သန်နိုင်သည်။ သို့သော် စားဖွယ်သောက်ဖွယ်တို့သာ အာဟာရမည်သည် မဟုတ်ပေ။ ၀ါးမျို စားသောက်ဖွယ်ရာများနှင့် ကင်းကွာ၍ အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ ရှင်သန်နိုင်ကြသည်။ ပီတိစား၍ အားရှိကြသည်။ မျှော်လင့်ချက်ဖြင့် အသက်ရှင်နိုင်ကြသည်။ ထမင်းမေ့ ဟင်းမေ့ ပျော်မြူးနိုင်ကြသည်။ ဗြဟ္မာကြီးများ ပီတိဘက္ခကို သုံးဆောင်မှီဝဲကြသည်။ စင်စစ်အားဖြင့် အစာသည် အသက်လောက် အရေးမကြီးပေ။ အစာတစ်ခုခုကို မစားသုံးရလျှင် အခြားအစာ တစ်မျိုးမျိုးကို စား၍ အသက်ရှင်နိုင်သေးသည်။ ပိုမိုကောင်းမွန်သော အစာကိုပင် စားသုံးခွင့် ကြုံနိုင်သေးသည်။ အသက်မှာမူ သေပြီးလျှင် ပြန်ရှင်ရိုး မရှိ။ တစ်ဘ၀တာမှာ အသက်တစ်ခုသာ ရသည်။ တန်တော့…။ ဖားငယ်၏ အသက်ကို ကယ်တင်ရမည်။ အချိန်မီပါသေးသည်။
(စ)
“ဖုန်း…”
“ရှော…”
အလွယ်တွေ့ရသော ခဲတစ်လုံးနှင့် ပစ်ပေါက်၍ မြွေကို ခြောက်လှန့်လိုက်သည်။ မြွေသည် အသက်အန္တရာယ် စိုးရိမ်သွားသည်လား မသိနိုင်။ အစွမ်းကုန် ဖမ်းကိုက် ဆွဲမျိုထားအပ်သော သူ့အစာ ဖားငယ်ကို လွှတ်၍ ကိုယ်လွတ်ရုန်းသွားသည်။ အမြင့်ဆုံး အရှိန်ဖြင့် လိမ်ဖယ်လိမ်ဖယ် ထွက်ပြေးလေသည်။ သူ့အစာကို ဟန့်တားသည့်အတွက် ပြေးရင်းလွှားရင်း ကျိန်တွယ်ရေရွတ် သွားနိုင်သည်။ “လွတ်သွားတဲ့ဖားက ပိုကြီးတယ်”ဟု ထင်ကောင်းထင်မည်။ မတတ်နိုင်တော့ပါ။ သေဘေးမှ သီသီလေး လွတ်ခဲ့သော ဖားငယ်ကား နာကျင်ခံခက်သော ဝေဒနာဆိုးကို မချိမဆန့် ခံစားနေရရှာ၏။ လှိုက်ဖိုလှိုက်ဖိုနှင့် ပြူးကြောင်ကြောင် ငေးကြည့်နေရှာသည်။ အသက်ကယ်ခဲ့သည့် ကျေးဇူးရှင်ကို ကျေးဇူးစကားဖြင့် တုံ့ပြန် ဂုဏ်ပြုချင်ဟန်တူသည်။ သူဆိုလိုသော ကျေးဇူးစကားများ သူ့မျက်ဝန်းထဲမှာ ရွှန်းရွှန်းဝေနေသည်။ မှင်တက်မိ၍ ငြိမ်နေသော ဖားငယ်သည် ရုတ်တရက် အသက်ဝင်လာပြီး ခုန်ဆွခုန်ဆွ ထွက်ပြေးလေ၏။ ငြိမ်သက်နေခြင်းဖြင့် သူ့အတွက် အန္တရာယ် မကင်းနိုင်သေးဟု တွက်ဆမိလိမ့်မည်။ အသက်သခင် ကျေးဇူးရှင်ကိုပင် သူ့ရန်သူ၊ သူ့အတွက် အန္တရာယ်ကောင်ဟု အမှတ်မှားသွားလေမည်လား။ မည်သို့ဆိုစေ သူ ချမ်းသာသွားလေပြီ။ အေးချမ်း လုံခြုံရာမှာ မှေးစက်နားခိုဖို့ ဖားငယ် ထွက်ပြေးသွားပါပြီ။
(ဆ)
အသက်တစ်ချောင်း ချမ်းသာသွားလေပြီ။ မွန်မြတ်သော အလုပ်တစ်ခု ဆောင်ရွက်လိုက်နိုင်သောကြောင့် ပီတိဖြစ်ရသည်။ အသက်ကယ်ခြင်းထက် မွန်မြတ်သော အလုပ် မရှိတော့ပြီတည်း။ သူတစ်ထူး၏ ချမ်းသာကို ဖန်တီးပေးနိုင်သူသည် မြင့်မြတ်၏။ သူတစ်ထူးအတွက် ဆောင်ရွက်ပေးသော ချမ်းသာနှင့် ထိုချမ်းသာကို ဖန်တီးသူ၏ ဂုဏ်သိန်သည် တိုက်ရိုက်အချိုးကျ၏။ လောကစီးပွားကို ဆောင်ရွက်ပေးနိုင်လေ ဂုဏ်ကျက်သရေ ကြီးမြတ်လေတည်း။ သို့ဖြစ်၍ လောကချမ်းသာ လောကကောင်းကျိုး အားသွန်သည်ပိုး ထမ်းရွက်ကာ ဂုဏ်အသရေ တိုးမြင့်နိုင်ကြပါစေဟု ဆုချွေ နေမိတော့သည်။
ကျွတ်လွတ်ငြိမ်းချမ်းကြပါစေ။
ရှင်အာစာရ

No comments:

Post a Comment