Wednesday, August 24, 2011

ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ အသိပေးစကားစု

(၁)။တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကိုသတ်တာပါ။ဒါပေမယ့် နှစ်ဖက်လုံးသေသွားပြီးဆိုကျိုးတွေဖြစ်လာမယ်။
(၂)။ပေးနိုင်သူထံကတောင်း။လက်ခံမယ့်သူကိုပေး။ဒါမှအဆင်ပြေမယ်။
(၃)။သစ်ပင်တိုင်းမှာအလှတစ်မျိုးစီရှိကြပါတယ်။လူတိုင်းရဲ့တစ်မျိုးစီအလှကိုမြင်တတ်ရင်ဘယ်လောက်သာယာလိုက်မလဲလို့။
(၄)။ခွင့်လွှတ်နိုင်ဖို့ အကြောင်းပြချက်တွေ ရှာနေတတ်တယ်။သည်းခံနိုင်ဖို့ မြိုသိပ်မှုကို မွေးယူရတယ်။နားလည်နိုင်ပြီဆိုရင် ဆင်ခြေမပါတဲ့ ခွင့်လွှတ်မှု ၊ပွင့်လင်းတဲ့ သီးခံမှုတွေ ဖြစ်နေပါပြီ။
(၅)။မကောင်းတာကိုကြောက်ပြီး၊မကောင်းလုပ်တဲ့သူကို သနားလိုက်စမ်းပါ။မကောင်းတဲ့သူကို စိတ်ဆိုးလိုက်တာနဲ့ ကိုယ်ပါ သနားစရာ သတ္တဝါစာရင်းဝင်သွားပြီ။
(၆)။ခွေးနှစ်ကောင်ကိုက်နေရင် ဝင်ပြီးဖျင်မလား? ဝေးဝေးရှောင်မလား? ဝင်ပြီးကိုက်မိရင်တော့….
(၇)။အမှိုက်လှဲပြီးမှ ရှင်းတာထက်၊မရှုပ်ပဲရှင်းနေတာက ပိုကောင်းမယ်။
(၈)။ကိုယ်ပိုင်အလုပ်မရှိသူဟာ သူများအလုပ်ကို ဝင်ရှုပ်တတ်တယ်။ကိုယ်ပိုင်အသိဥာဏ်မရှိတဲ့ လူဟာ…..
(၉)။မပြောပဲ နားလည်နိုင်တာကို သွားပြောလိုက်မှ အဓိပ္ပါယ်တွေ တစ်မျိုးဖြစ်ကုန်ရော။
(၁၀)။ကြေကွဲမှု၊ပျက်စီးမှု၊ဆုံးရှုံးမှုတွေနဲ့အတူ၊ထွက်ပေါ်လာတဲ့ “တောင်းပန်ပါတယ်”ဆိုတဲ့ စကားကို လွယ်လွယ်မသုံးမိအောင် သတိထားပါ။
(၁၁)။စဉ်းစားနေရင် မသိသေးလို့၊သိပြီးရင်လည်း စဉ်းစားစရာမလိုတော့ပါဘူး။
(၁၂)။လူကြီး ခလေး။ ခလေး လူကြီး။ခလေး ခလေး။ လူကြီး လူကြီး။လေးမျိုးရှိတယ်။
နေရာထက် အရည်အချင်းက အမြဲသာနေရမယ်။
(၁၃)။အခြေအနေက ပေးတဲ့အသိကို ၊ အသုံးချနိုင်တဲ့ အသိဖြစ်အောင် ကြိုးစားပြောင်းလဲနိုင်ပါစေ။
(၁၄)။အရွယ်ချင်း မတူရင်၊ နေရာချင်း မတူရင်၊အဖြစ်ချင်း မတူရင်၊အသိချင်း မတူနိုင်ပါဘူး။ဒါလေးတော့ နားလည်သင့်တာပေါ့။
(၁၅)။စိတ်တူ ကိုယ်တူ ဖြစ်နိုင်တဲ့ ထုံးစံမရှိပေမယ့်၊ဖြစ်အောင်တော့ နေကြရမှာပဲ။အဲဒါမှအရည်အချင်း။
(၁၆)။မသင့်တော်တဲ့ နေရာကို ရောက်ခဲ့ရင်တောင်မှ ၊ သင့်တော်တဲ့ အကျင့်တွေ မဖျောက်ပစ်ပါနဲ့။
(၁၇)။မင်းလိုပဲ သူပြောသာတာ အဟုတ်၊ သူလုပ်သာတာ အမှန် ၊သူကြံသာတာ အကောင်း၊ ထင်နေကြတယ်။
(၁၈)။ပညာဆိုတာကောင်းပါတယ်။ပညာရှိချင်တာလား?ပညာပြချင်တာလား ?နည်းနည်းတော့ သတိထားပါဦး။
(၁၉)။ငယ်တုန်းက ထမင်းကို ဝါးပြီးခွံ့ခဲ့တာ ကောင်းပေမယ့်၊ ကြီးလာတဲ့အခါ အံဖတ်တွေ ထင်နေတတ်တယ်။
(၂၀)။မြင့်မြတ်တဲ့ သူတွေဟာ ပျာယာမခတ်ကြတော့ပါဘူး။တစ်ချို့က ပျာယာခတ်နေရတာကို ကျေနပ်နေကြတယ်။
(၂၁)။အလိုက်မသိတတ်တဲ့ သူတစ်ယောက်ကြောင့် ကိုယ်ပါ အလိုက်မသိတဲ့ သူ အဖြစ်မခံပါနဲ့။
(၂၂)။ကဲ့ရဲ့စရာ တွေ့ရင် ပါးစပ်ကို တစ်တွတ်တွတ်နဲ့ အမြဲဖွင့်တတ်ပေမယ့် ၊ ချီးမွမ်းစရာကြုံရင် သောခတ်ပြီး အသေပိတ်ထားတတ်တယ်။
(၂၃)။မူရင်းကောင်းမှ မိတ္တူကောင်းမယ်။ သူများတွေဖတ်ချင်သလို ဖတ်ကြပါစေ။ကိုယ်ပိုင်ရေး အတ္ထုပ္ပတ္တိက ကောင်းဖို့လိုတယ်။သူတို့အကြိုက်လိုက်ပြီး မရေးနဲ့။
(၂၄)။ သနားစရာကို သနားတာ ကောင်းတဲ့အလုပ်ပါ။ဟန်ဆောင်တာကို မသိရင် လူညံ့ဖြစ်သွားပြီ။
(၂၅)။အားလုံးကို သိပါတယ်လို့ ပြောပေမယ့် မဟုတ်တာတွေကို အဟုတ်လို့ သိနေခဲ့ရင် အလကားပါပဲ။
(၂၆)။စုပြီး၊ ဆုံပြီး ရှင်းလင်းကြတာက စုဆုံပြီး ငြင်းတာထက် အကျိုးကောင်းတွေ များပါတယ်။
(၂၇)။အလုပ်မှာ မပျော်ရင် မအောင်မြင်နိုင်ဘူး။ပျော်လွန်းရင်လည်း အလုပ်မဖြစ်တာတွေ ကြုံလိမ့်မယ်။
(၂၈)။လေကြောင့်ပျံသန်းနိုင်တဲ့ ငှက်ဟာ လေရှိမှန်းမသိကြသလို၊ ရေကြောင့်ကူးခပ်နိုင်တဲ့ ငါးဟာ ရေရှိမှန်း မသိကြသလို၊ဓမ္မ အဓမ္မ ကြောင့် ကောင်းကောင်း ဆိုးဆိုး ဖြစ်နေတဲ့ သတ္တဝါတွေဟာလည်း ဓမ္မ အဓမ္မကို ရှိမှန်း မသိကြပါဘူး။
(၂၉)။သူများလဲနေလို့ ထူပေးတာဟာ ကောင်းတဲ့စိတ်ပါ။ကိုယ်ချော်လဲနေတာကိုလည်း ရပ်နိုင်အောင် အရင်အားမွေးပါဦး။
(၃၀)။ကြိုးစားနေကြတာ ကောင်းပါတယ်။ဒါပေမယ့် သူဌေးဖြစ်ဖို့ပဲ မနေမနား ကြိုးစားကြတယ်။ချမ်းသာအောင် မလုပ်ကြဘူး။
(၃၁)။နင် - မမှတ်သေးဘူးလား?
(၃၂)။ပုံနှိပ်စာအုပ်၊ လောက စာအုပ် ၊ စိတ်စာအုပ် သုံးမျိုးရှိတယ်။ စိတ်ကိုဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်။
(၃၃)။ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးပါပဲ၊ ဒီစကားကို မယုံရင် တစ်လောကလုံးရဲ့ အလိမ် အညာတွေကို ခံနေရပြီမှတ်။
(၃၄)။အသိပေး ဆုံးမပေးမည့်သူကို ရှာသင်ပေမယ့် ကိုယ်စကားနားထောင်မည့် သူကိုပဲ ရှာနေကြတယ်။
(၃၅)။အပြစ်ကို ကဲ့ရဲ့တာနဲ့ လူကိုကဲ့ရဲ့တာ ခွဲခွဲခြားခြား သိတတ်ကြရင် ကဲ့ရဲ့မှုက လွတ်မယ်။
(၃၆)။”ရောင်ရဲနိုင်တယ်”ဆိုတာ အခွင့်အရေးကို ရသလောက်နဲ့ ကျေနပ်နိုင်တာ။ အလုပ်ကို ရောင်ရဲ နေရင်တော့ “အပျင်းကြီးတယ်”ဆိုတဲ့ ဂုဏ်ပုဒ်ပဲရသွားမယ်။
(၃၇)။စကားပြောနေရင်း လူအုပ်ကြားထဲ ဆူးခတ်ကြီးကို ဆွဲမသွားပါနဲ့။ဆွဲလာတာတွေ့ရင်လည်း လွတ်အောင်ရှောင်လိုက်ပါ။
(၃၈)။လျှာကို သွားက ကိုက်မိတတ်တယ်။ဒါပေမယ့် ကိုယ့်လျှာကိုတော့ သူများရဲ့သွားက လာပြီးမကိုက်ပါဘူး။
(၃၉)။တစ်ဆယ်က ကိုးဖြစ်သွားတယ်။ ရှစ်က ကိုးဖြစ်လာတယ်။ ကိုးချင်းတူပေမယ့် မတူတာကို သိလိုက်စမ်းပါ။
(၄၀)။မှားနေတာကို မှားတယ်လို့ ထောက်ပြပေမယ့် ဆက်လုပ်နေရင် မှားတာကို မှန်တယ်လို့ ခေါင်းငြိမ့်တိုင်း ဆက်လုပ်နေရင် ပိုဆိုးသွားမယ်။
(၄၁)။ဒါကိုပဲ ကြည့် ၊ ဒါကိုပဲ စဉ်းစား ၊ ဒါကိုပဲနှစ်သက် ၊ ဒါနဲ့ပဲ မွေ့လျော် ပျော်မွေ့နေရင် ဒါပဲ ဖြစ်နေမှာပေါ့။
(၄၂)။ကိုယ်က မှန်အောင်နေပြီး သူများ မှားနေရင်လည်း နားလည်နိုင်ရမယ်။
(၄၃)။အားနည်းချက်ကိုကြည့်ပြီး စိတ်ပျက်တတ်သလို အာသာချက်ကြောင့်လည်း အထင်ကြီးတတ်တယ်။တစ်ဖက်စွန်းရောက်ရင် ဘယ်ဟာမှ မကောင်းဘူး။
ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ၏ အသိပေးတရားစုများ စာအုပ်မှ ကူးယူဖော်ပြလိုက်ပါတယ်။

No comments:

Post a Comment