Tuesday, August 23, 2011

ကျက်သရေဆုံမှတ်


လောကကျက်သရေထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ ကျက်သရေက “အသိတရား”ဖြစ်ပါတယ်၊ အသိအလိမ္မာ၊ ဉာဏ်ပညာ၊ ၀ိဇ္ဇာ အမောဟ ဆိုတဲ့ အမည်များဟာ အဓိပ္ပါယ်တူတွေပါ၊ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်မှာတော့ “သမ္မာဒိဋ္ဌိ”လို့ သုံးပါတယ်။ သံသယကင်း အမြင်ရှင်းတဲ့ အသိတရားလို့ အဓိပ္ပါယ်ရပါတယ်။
ဒီအသိနဲ့ ပတ်သက်လို့ လောကီနယ်ပယ်မှာ သင်ယူမှတ်သားလို့ မဆုံးနိုင်အောင် အကန့်အသတ်မရှိ ကျယ်ဝန်းတယ်ဆိုတာ လူတိုင်း သိကြပြီးသားပါ၊ ဓမ္မနယ်ပယ်မှာတော့ အခြေခံအားဖြင့် အဆင့်သုံးဆင့်ရှိပါတယ်။
(၁) ကံနဲ့ ကံရဲ့ အကျိုးကို သံသယကင်းကင်း သိမြင်တဲ့ အဆင့် (ကမ္မဿကတသမ္မာဒိဋ္ဌိ) ။
(၂) ရုပ်နာမ်ဓမ္မသင်္ခါရတို့ရဲ့ ဖြစ်တတ် ပျက်တတ်တဲ့ သဘော အမှန်ကို သံသယကင်းကင်း သိမြင်တဲ့ အဆင့်( ၀ိပဿနာသမ္မာဒိဋ္ဌိ)နဲ့
(၃) ဖြစ်ပျက်ရှုတ်ထွေး ဒုက္ခဘေးတို့ ငြိမ်းအေးလွတ်မြောက်ရာ နိဗ္ဗာန်ကို ထိုးထွင်းသိမြင်တဲ့ အဆင့်(မဂ္ဂသမ္မာဒိဋ္ဌိ) တို့ပဲ ဖြစ်ပါတယ်။
လောကီပညာရေးမှာ မူလတန်းအဆင့်ကို အောက်သက် ကျေကျေနဲ့ အောင်မြင်ခဲ့မှ အလယ်တန်းအဆင့် အထက်တန်းအဆင့်တွေကို တစ်ဆင့်ထက် တစ်ဆင့် အထောက်အကူပြုပြီး လွယ်ကူအောင်မြင်နိုင်သလိုပဲ၊ ဓမ္မအသိမှာလဲ မူလတန်း အဆင့်ဖြစ်တဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိအဆင့်မှာ အောက်သက်ကျေပြီး သံသယကင်းကင်းသိမြင်မှသာ အထက်အဆင့်တွေကို ကျေးဇူးပြုသိမြင်နိုင်ကြ မှာပါ၊ အောက်သက်မကျေဘဲ အထက်အဆင့်တွေကို ဖြတ်လမ်းကနေ တက်ဖို့ ဆိုတာ အများစု အတွက် ဖြစ်နိုင်ချေ အတော်နည်းပါတယ်၊ ဒါကြောင့် ကံနဲ့ ကံရဲ့ အကျိုးကို သံသယကင်းကင်း အမြင်ရှင်းရေးဟာ ဓမ္မနယ်ပယ်မှာ မရှိ မဖြစ် လိုအပ်တဲ့ အခြေခံအသိ ဖြစ်တယ်လို့ ဆိုရတာပါ။
အခြေခံအသိဖြစ်တဲ့ “ ကောင်းတာလုပ်ရင် ကျောင်းကျိုး ဖြစ်တယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ဖြစ်တယ်”ဆိုတဲ့ အသိတရားဟာ အပြော လွယ် သလောက် တကယ် သဘောပေါက်လက်ခံရေးမှာ အလွန်ခက်ခဲနေ ကြပါတယ်။ ဟောပြော ပို့ချခဲ့တဲ့ ပွဲတွေမှာ မေးကြည့်ခဲ့ဖူးတယ်။
“ထမင်းစားရင် အားဖြစ်တယ်၊ ကုသိုလ်ပြုရင် ကောင်းကျိုးဖြစ်တယ်” ဒီနှစ်မျိုးမှာ ထမင်းစားတာက တစ်ဘ၀ခန္ဓာကိုယ် တည်ဆောက်ရေးအတွက် အရေးပါတဲ့ ကောင်းမှုဖြစ်ပြီး ကုသိုလ်ဆိုတာ ဓမ္မခန္ဓာကိုယ်တည်ဆောက်ရေး အတွက် အရေးပါတဲ့ ကောင်းမှုဖြစ်တယ်၊ ဒီနှစ်ခုမှာ ဘယ်ဟာက ပိုအရေးကြီး သလဲဆိုတော့ အားလုံးကပဲ“ ကုသိုလ်တရားက အရေးကြီးပါတယ်”တဲ့၊ ဒါဖြင့် တစ်နေ့မှာ ထမင်းဘယ်နှစ်ထပ် စားသလဲဆိုတော့ အနဲဆုံး နှစ်ထပ်တဲ့၊ ကုသိုလ် ကိုကျတော့ကောဆိုတော့ “အဟဲ”ဆိုပြီး ငြိမ်သွားကြတယ်၊ အစားကို မစားဘဲ မနေနိုင်ကြသလို ကုသိုလ်ကို မပြုဘဲမနေနိုင်ဘူးဆိုတဲ့လူ ဘယ်နှစ်ယေက်ပါ သလဲလို့ မေးကြည့်တဲ့အခါမှာတော့ အားလုံး အသံမထွက်ကြတော့ဘူး။
ကဲ…… နောက်ထပ် စကားတစ်စုံ မေးကြည့်ပါဦးမယ်။
“အဆိပ်သောက်ရင် သေတတ်တယ်၊ အကုသိုလ်ပြုရင် မကောင်းကျိုး(ဒုက္ခ)ခံစား ရတယ်” ဒီစကာဒးတစ်စုံမှာ အဆိပ်သောက်တာက တစ်ဘ၀ ခန္ဓာကိုယ်ကို ပျက်စီးစေတဲ့ မကောင်းမှု၊ အကိုလ်ပြုတာက ဓမ္မခန္ဓာကိုယ်ကို ပျက်စီးစေတဲ့ မကောင်းမှု၊ တစ်နည်းပြောရရင်တော့ အဆိပ်က တစ်ဘ၀ခန္ဓကိုယ်ကို သေစေ တတ်တယ်၊ အကုသိုလ်က ဘ၀သံသရာ အဆက်ဆက်မှာ အသေမရပ် တရစပ် သေစေတတ်တယ်၊ ဘယ်အဆိပ်ကပိုပြင်းလဲ” ဆိုတော့ “အကုသိုလ် အဆိပ်က ပိုပြင်းပါတယ်”တဲ့၊
“ပုထုဇဉ်အလျောက် မကင်းရာ မကင်းကြောင်းပေါ့” ဆိုတဲ့ ဆင်ခြေနဲ့ အဆိပ်ကို တစ်ခွက်တစ်ဖလား မော့ကြည့်ဖူးသူ ရှိလားဆိုတော့“မရှိပါဘူး”တဲ့၊ ဒါဖြင့် အကုသိုလ်ကျတော့ကောဆိုတော့ အားလုံးငြိမ်နေကြတယ်၊ ဒီကြားထဲမှာ ဖြုန်းကနဲ ခြင်ရိုက်တဲ့ အသံတစ်သံပဲ ကြားလိုက်ရပါတယ်။
အေး…. လူတွေ ဒုက္ခတွေနဲ့နချည်း လုံးထွေးနေရပြီး နိဗ္ဗာန်နဲ့ ဝေးနေ ကြတာဟာ ပါရမီတွေ ဘာတွေကို ဆင်ခြေအေပးမနေကြပါနဲ့ တကယ့် အခြေခံ အကြောင်းရင်းက အကုသိုလ်ကံကို အဆိပ်လောက် မကြောက်ကြသလို ကုသိုလ်ကံကိုလဲ ထမင်းလောက် အလေးမထားလို့ပါ”လို့ပဲ မှတ်ချက်ပေးခဲ့လိုက် ပါတယ်။
မှန်ကန်တဲ့အသိ အသိဆိုတာကို တချို့က မှန်ကန်တဲ့ အယူဝါဒ လို့ နားလည်မှု မှားနေတတ်ကြသလို “ ကုသိုလ်”ဆိုတာကိုလဲ ဘာသာဝါဒတစ်ခုခုရဲ့ မူပိုင်လုပ်ငန်း တစ်ခုလို့ အထင်မှားနေကြတာကိုလဲ မကြာခဏ တွေ့ရတတ် ပါတယ်။
အမှန်က ကံနဲ့ ကံရဲ့အကျိုးကို သိတဲ့ အသိဆိုတာ ကောင်းမွန်တဲ့ အလုပ် ကို လုပ်ရင် ကောင်းကျိုးဖြစ်တယ် ဆိုတဲ့ အသိမှန်ကို ဆိုတာပါ၊ ဒီလို ကောင်း ကျိုး ဖြစ်စေတဲ့ အလုပ်ကို ဘယ်ဘာသာဝင်က လုပ်မှသာ ကောင်းတဲ့ အလုပ်ဖြစ်လို့ မူပိုင်လုပ်ထားလို့မရပါဘူး၊ မိရိုးဖလာ ကိုးကွယ်တဲ့ အယူဝါဒ အရ ဘယ် ဘာသာဝင်ပဲ ဖြစ်နေပါစေ ကောင်းတဲ့ စိတ်ထားနဲ့ သူတစ်ပါးကို ကောင်းကျိုးပြုတဲ့ အလုပ်မျိုးကို လုပ်နေတာဟာ ကောင်းမှုပါပဲ၊ ဒါကို ဗုဒ္ဓဘာသာ အရင့်အမာကြီး များလို့ ပြောကြသူများ ကိုယ်တိုင်ကတောင် သဘောမပေါက်နိုင် ကြတာတွေ တွေ့ရဖူးပါတယ်၊ “သရဏဂုံ မဆောက်တည်ပဲ ပြုလုပ်တာဟာ ကုသိုလ်ဖြစ်ပါ့ မလား”တဲ့၊ ဒီလိုပုဂ္ဂိုလ်မျာဒးကို” ကဲ.. ဝေဿန္တရာမင်းကြီးရဲ့ ဆင်ဖြူတော် အလှူတို့ သားတော် သမီးတော်တို့ကို လှူတဲ့ အလှူတို့ဟာ ကုသိုလ်ဖြစ်သလား မဖြစ်ဘူးလား ဆိုတော့ “ဖြစ်ပါတယ်”တဲ့၊ ဝေဿန္တရာ မင်းကြီးဟာ ဘယ်ဘာသာ လဲဆိုတဲ့ အခါကျတော့ အင်း…အဲ ဖြစ်ကုန်ကြရော။
အမှန်က… အလောင်းတော်တို့ ပါရမီဖြည့်စဉ် ကာလတွေထဲမှာ သာသနာ ပ ကာလကြီးက အရှည်ဆုံး အများဆုံးပါ၊ ဒီကာလတွေမှာ အလောင်းတော် များ ဟာ ဘယ်ဘာသာဝင်မှ မဟုတ်သလို ဘယ်ဘာသာရေး အလုပ်မှလဲ လုပ်မနေ ကြပါဘူး၊ သူတစ်ပါးတို့ရဲ့ ကောင်းကျိုးကို စိတ်ကောင်း ထားပြီး လုပ်ဆောင် နေတာသက်သက်ပါ၊ ဒီလို လုပ်နေတာကိုပဲ ပါရမီကုသိုလ် အလုပ်လို့ ဆိုရတာပါ။
အခုလောလောဆယ် နာဂစ်အလွန်ရက်ပိုင်း အတွင်းမှာပဲ နာဂစ်ဒဏ်ခံ ဒုက္ခသည်တွေကို နိုင်ငံအသီးသီး အရပ်ဒေသ အသီးသီးက ဘာသာဝင်တွေ အားလုံး စာနာစိတ်နဲ့ ၀ိုင်းဝန်းကူညီကြတာတွေ၊ အလွန်ဝေးလံတဲ့ အရပ်တွေမှာ နေကြပြီး ဘာလူမျိုး ဘယ်ဘာသာဝင်မှန်း မသိကြပေမယ့် မေတ္တာနဲ့ ယှဉ်တဲ့ စာနာစိတ် ကြင်နာစိတ်အပြည့်နဲ့ ထောက်ပံ ကူညီကြတာတွေ၊ လူကိုယ်တိုင် လာရောက် အားပေးကြတာတွေ ကြည့်ပေါ့၊ ဘယ်ဘာသာဝင် တွေကတော့ ကုသိုလ်မရနိုင်ဘူးလို့ ကန့်သတ်လို့မရပါဘူး၊ အားလုံးဟာ စိတ်ကောင်းနဲံယှဉ် ပြီး
ဒုက္ခရောက်သူတို့ရဲ့ ကောင်းကျိုးကို ဆောင်ရွတ်ကြ သူများဖြစ်လို့ ကောင်းမှုရှင် စစ်စစ်တွေ ချည်းပါပဲ။
“ကုသိုလ်ကောင်းမှု”ဆိုတာကိုက အများကောင်းကျိုး အတွက် စိတ် ကောင်း စေတနာကောင်းထားပြီး အကောင်းဆုံး လုပ်ဆော်ငတဲ့ အလုပ်ကို ဆိုတာပါ၊ ဘာသာဝင် အသီးသီးတို့ရဲ့ ဘာသာရေးအလုပ်ကို ဆိုလိုတာ မဟုတ်သလို ဘယ်ဘာသာဝင်ကမှ သီးသန့်ပိုင်တဲ့ အလုပ်လည်း မဟုတ်ပါဘူး ဆိုတာ အမြင်ကျယ်ကျယ် အသိကြီးကြီးနဲ့ သဘောပေါက် ကြဖို့ လိုပါတယ်။
“စိတ်ကောင်း စေတနာကောင်း”ဆိုတာ ဘယ်လို စိတ်ထားမျိုးလဲ ဆိုတာကိုလည်း အားလုံးကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်ဖို့ လိုပါတယ်၊ အတိုချုပ်ကတော့ ဗြဟ္မစိုရ် စိတ်ထားလို့ လူသိများကြတဲ့ မိမိနဲ့ သူတစ်ပါးကို တစ်သားတည်း ခံယူတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ဆင်းရဲချမ်းသာကို မျှဝေ ခံစား တတ်တဲ့ မေတ္တာစိတ်၊ ဒုက္ခရောက် သူကို စာနာ ထောက်ထား ရိုင်းပင်း ကူညီ တတ်တဲ့ ကရုဏာစိတ်၊ ချမ်းသာပြည့်စုံသူတို့အပေါ်မှာ မနာလို ၀န်တိုမဖြစ်ဘဲ ကိုယ်တိုင် ချမ်းသာခံစားရသလို ကျေနပ်ဝမ်းမြောက်တတ်တဲ့ မုဒိတာ စိတ်နဲ့ သူတစ်ပါးရဲ့ အပြစ်နဲ့ ချွတ်ယွင်းချက်များကို ခွင့်လွှကတ် လစ်လျူရှုတတ်တဲ့ ဥပေက္ခာစိတ်များကို စိတ်ကောင်း စေတနာကောင်းလို့ ဆိုတာပါ။
ဒီစိတ်ထား လေးမျိုးထဲမှာ ပဓာနအကျဆုံးက[B] “ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကိုချစ်ပါလေ[/B]”ဆိုတဲ့ အရှင်မဟာရဋ္ဌသာရ ရဲ့ ဆုံးမစာအတိုင်းကိုယ်ချင်းစာနာတတ်တဲ့ မေတ္တာစိတ်ထား ဖြစ်ပါတယ်၊ ဒါကြောင့် ဒီမြင့်မြတ်တဲ့ စိတ်ထားလေးမျိုးလုံးကို “မေတ္တာစိတ်ထား”ဆိုတာနဲ့ ကိုယ်စားပြု သုံးစွဲကြပါတယ်၊ “စစ်မှန်တဲ့ မေတ္တာစိတ်ထားစ”ဆိုတာ ဗြဟ္မစိုရ် စိတ်ထား လေးမျိုးလုံးကို ကိုယ်စားပြုတဲ့ စိတ်ထားဖြစ်တယ်လို့ နားလည်ကြရမှာ ပါ။
တိပိဋကဓရ(ယော)ဆရာတော် ဘုရားကြီးကတော့….
[B]ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ၊ မေတ္တာအလှဆုံး။[/B]
[B] လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ၊ မေတ္တာအလှဆုံး။[/B]
[B] သတ္တ၀ါအားလုံး ရွှင်ပြုါံ်ကြည်သာ ပေါင်းဆုံရာ၊ မေတ္တာအလှဆုံး။[/B] လို့ မိန့်ကြားပါတယ်။
ဟုတ်ပါတယ် သိပ်မကြာလှသေးတဲ့(၂.၅.၂၀၀၈)နေ့ဆီက နာဂစ်ဆိုတဲ့ မုန်တိုင်းဆိုးကြီး အောက်မြန်မာပြည်ကို ၀င်ရောက်နှိပ်စက်လိုက်တာ ဧရာဝတီ တိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့ကြီးမြို့ငယ်နဲ့ ကျေးရွာတွေပါ မကျန် အသက် အိုးအိမ်စည်းစိမ်တွေ အများကြီး ဆုံးရှုံကြရတဲ့အခါ ချမ်းသာနဲ့ ဆင်းရဲကို ဝေမျှ ခံစားတတ်တဲ့ လူသားတိုရဲ့ စိတ်ဓာတ်မှန် မေတ္တာစိတ်ထားဟာ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ ဒေသဆိုတဲ့ အတားအဆီးအားလုံးကို ဖယ်ရှားပေါင်းဆုံမိကြပါတယ်၊
ဒီစိတ်ဓာတ်ကြောင့်ပဲ တစ်ခါမှ မတွေ့မမြင်ဘူးကြသူတွေ ဖြစ်ပေမယ့် ဒုက္ခသည် အားလုံးကို ကိုယ့်မိသားစုလို သဘောထားပြီး ဝေးလံသီခေါင်တဲ့ အရပ်ဒေသ
တွေကအထိ ဒီဒုက္ခသည်နယ်မြေကို ပစ္စည်းဥစ္စာများသာမက လူကိုယ်တိုင်ပါ လာရောက် ကူညီကြတာပါ၊ သဘာဝဘေးဒဏ်က ကျက်သရေ အမဲ့ဆုံး ဖြစ်အောင် နှိပ်စက်ချိန်မှာ လူသားတို့ရဲ့ အမြင့်မားဆုံးနဲ့ အလှဆုံး ကျက်သရေ တွေ ပေါင်းဆုံပြကြတယ်လို့ ဆိုရမှာပါ။
ကျက်သရေဆုံမှတ်မှာ ဘာသာအားလုံး၊ လူမျိုးအားလုံးတို့ စုရုံးပေါင်းဆုံမိ ကြချိန်မှာ ထက်ထက်သန်သန်မပါဝင်ဘဲ ရှောင်လွှဲ နှောင့်နှေးနြေ့သူတို့အတွက် တော့ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သတိပေးဆုံးမ စကားအတိုင်း….
[B]ခွင့်သာတုန်းမှ၊ မရုန်းချင်လျှင်၊ အရှုံးနှင့်ပြင် ရှိသေးးလိမ့်လား။[/B]
[B] ခွင့်သာခိုက်မှ ၊ မလိုက်ချင်လျှင်၊ အမိုက်နှင့်ပြင် ရှိသေးလိမ့်လား။[/B]
[B] ခွင်သာဆဲမှ၊ မနွဲချင်လျှင်၊ အလွှဲနှင့်ပြင် ရှိသေးလိမ့်လား…[/B]. လို့သာ ဆိုရပါ လိမ့်မယ်။
ကျက်သရေမဲ့ခြင်းဘေးမှ ကင်းဝေးကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

No comments:

Post a Comment